Monday, November 7, 2016

မမေ့အပ်သော သူရမချစ်ပို

မမေ့အပ်သော သူရမချစ်ပို

                 ကျွန်တော့်ဘဝမှာ ပထမဦးဆုံးအလေးပြုမိသော အမျိုးသမီးကိုပြပါဆိုလျင် သူရမချစ်ပိုသာလျင်ဖြစ် သည်။ အမျိုးသမီးဖြစ်သော်ငြား သူမ၏စွမ်းဆောင်မှုသည် အမျိုးသားကွန်မန်ဒိုစစ်သည်တစ်ဦးထက် သာလွန်ခဲ့သည်ကို မည်သူမှငြင်းဆန်နိုင်မည်မဟုတ်ပေ။
                   ပြင်ဦးလွင်သို့ ကျွန်တော် စရောက်ခဲ့သည်က ၂၀၀၈ခုနှစ် မတ်လကဖြစ်သည်။
တပ်မတော် အင်ဂျင်နီယာကျောင်း (D.S.E.S) မှ တပ်ခွဲတပ်ကြပ်ကြီး(ယခု ဗိုလ်လေးခေါ် အရာခံဗိုလ်) ၏   ဖောက်ခွဲဖျက်ဆီးခြင်းဘာသာရပ်ပို့ချချိန်များတွင် တပ်မတော်အင်ဂျင်နီယာ သမိုင်းအား ပို့ချခဲ့သည်။ ထိုအချိန်တွင် သူရမချစ်ပိုဆိုသည်အား စတင်ကြားဖူးခဲ့သည်။ ဆရာကြီးပြောပြသောအင်ဂျင်နီယာသမိုင်းတွင် သူရမချစ်ပိုသည် အရေးပါသောအခန်းတစ်ခုအစိတ်အပိုင်းတစ်ခုဖြစ်ခဲ့သည်။
မမေ့အပ်သော မချစ်ပိုသည် ထားဝယ်သူတစ်ဦး၊ တပ်မတော်အင်ဂျင်နီယာကျောင်း (ယခင် ဗဟိုဂျင်နီယာတပ်) မှ တပ်ကြပ်လှမောင် ၏ဇနီး သာမန် မှီခိုသူရဲမေတစ်ဦးသာလျင်ဖြစ်သည်။
သို့သော် သူ၏စွမ်းဆောင်မှုတို့ကတော့ မြန်မာနိုင်ငံ၏တစ်ဦးတည်းသောအမျိုးသမီးသူရဘွဲ့ပိုင်ရှင်ဖြစ်ခဲ့သည်။
သူရမချစ်ပို၏ရဲရင့်ခဲ့ခြင်းမှာ သူမ၏ခင်ပွန်းအပေါ်ထားတဲ့ သစ္စာ တရားကိုမြင်နိုင်သည်။
တရားမျှတမှု မြတ်နိုးသူအဖြစ်မြင်နိုင်သည်။နိုင်ငံအပေါ်တာဝန်ကျေလိုစိတ်၊ပေးဆပ်စွန့်လွှတ်ရဲသော သူရဲကောင်းစိတ်ဓာတ်များကိုတွေ့ရသည်မှာ ကျွန်တော့်အဖို့ သူရမချစ်ပိုအားအလေးပြုမိစေခဲ့ခြင်းပင်ဖြစ် သည်။
               အဘက်ဘက်မှဝန်းရံနေသော ရန်သူအား BE fall ...(ပွဲကောက် ရေတံခွန်ဖြစ်လာသော) ရှိုထဲတွင် တပ်မတော် စစ်သားများနှင့်တန်းတူ ပုန်းကွယ်ခိုအောင်း၍တိုက်ခိုက်ခဲ့သည်။
ရန်သူ့စခန်းချရာအထိရုပ်ဖျက်၍ ဗုံးခွဲ ၊သတင်းထောက်လှမ်းခြင်းတို့လုပ်ဆောင်ခဲ့သည်။ နောက်ဆုံး ရန်သူ့လက်ထဲကျရောက်နေချိန် မိမိအံပွားကိုဓားမြှောင်ဖြင့်ကလပ်၍ချိုးဖဲ့ထုတ်နေချိန်အထိ ရန်သူနှစ်ဦးကို ဓားမြှောင်နှင့်ပြန်လည်ထိုးသတ်ရဲခဲ့သူအဖြစ် မြန်မာပြည်တွင် တစ်ဦးတည်းသောသူရဲကောင်းဖြစ်ခဲ့သည်။
ဆရာကြီးပြောပြခဲ့သော သူရမချစ်ပိုသမိုင်းက အကြောင်းမသိကြသူဆိုလျင် ပုံပြင်တစ်ပုဒ်အား လုပ်ကြံပြောဆိုသကဲ့သို့ရှိနေနိုင်သည်။ သို့သော်လည်း ဒါဟာပုံပြင်မဟုတ်ခဲ့ပါ။ပြင်ဦးလွင်မြို့ကို ရန်သူလက်ထဲမကျရောက်အောင် အသက်ပေးပြီးကာကွယ်တိုက်ခိုက်ခဲ့သောမြန်မာ့သူရဲကောင်း အမျိုးသမီးတစ်ဦး၏ ရင့်နင့်ဖွယ်ရဲရင့်ခဲ့သောသမိုင်းကြောင်းသာလျင်ဖြစ်သည်။
              မြန်မာပြည်၏ အထင်ကရမြို့ဖြစ်သော မန္တလေး ကိုရန်သူ့လက်မှကယ်တင်ရန်အဓိကခြေကုပ်ဖြစ် ခဲ့သော ပြင်ဦးလွင်မြို့ကို ကာကွယ်ခဲ့သူသာဖြစ်သည်။ BE တပ်ဖွဲ့ဝင်အငြိမ်းစားစာရေးဆရာတစ်ဦးဖြစ်သော ဦးခင်မောင်နိုင် (BE)၏ တပ်မတော်အင်ဂျင်နီယာသမိုင်းကြောင်း စာအုပ်တွင်
" ( ၈ - ၄ - ၄၉ ) ရက်နေ့။ အသက် ( ၄၂ ) နှစ်အရွယ်တွင် နိုင်ငံနှင့်တပ်မတော်အတွက် သူမအသက်ကို ပေးလှူသွားခဲ့လေသည်။ မချစ်ပိုကျဆုံးသောနေ့ရက်သည် မြောက်ပိုင်းတိုင်း စစ်ဋ္ဌာနချုပ်တပ်များက မန္တလေးကို ပြန်လည်သိမ်းပိုက်ပြီးဖြစ်၍ မြို့သိမ်းအောင်ပွဲပြု့လုပ်သောနေ့နှင့် တိုက်ဆိုင်ခဲ့ပေသည်။
မန္တလေးမြို့ကို စစ်ကိုင်းဘက်မှနေ၍ အစိုးရတပ်များက ပြန်လည်သိမ်းပိုက်ရာတွင် ဗိုလ်မှူးထင်ပေါ် ဦးစီးသော BE တပ်ဖွဲ့သည် အဓိကတိုက်ခိုက်ရေးတပ်အဖြစ်ဖြင့် ဧပြီလ ၂ ရက်နေ့တွင် မန္တလေးတောင်ကို တက်သိမ်းခဲ့သည်။ မန္တလေးနန်းမြို့တွင်းကို ဆက်လက်တိုက်ခိုက်ပြီး ဧပြီလ ၆ ရက်နေ့တွင် မန္တလေးကို ဝင်းရောက်သိမ်းပိုက်ကာ ပြည်ထောင်စုအလံကို လွှင်ထူခဲ့ရာ မန္တလေးလူထုမှ
" တပ်မတော်ကွ "
ဟု ကြွေးကြော်ပြီး သြော်ဘာပေးခဲ့ကြသည်။ ဒါတွေကို မချစ်ပို မသိသွားသော်လည်း မချစ်ပိုကျေနပ်လိမ့်မည် ဟု မျှော်လင့်ပါသည်။"
ဟုရေးသားခဲ့ပါသည်။
              အခြေခံစစ်မြေပြင်အင်ဂျင်နီယာသင်တန်းအား၂၀၀၈ခုနှစ် သြဂုတ်လတွင် ဆင်းခဲ့ပြီးမိခင်တပ်ရင်းသို့ပြန်လာခဲ့သော်လည်း သူရမချစ်ပိုထံမရောက်ခဲ့လိုက်နိုင်ပါ။
၂၀၁၀ခုနှစ် ဧပြီလတွင် အင်ဂျင်နီယာပညာသည် တတိယတန်းတက်ရန်ထပ်မံရောက်ရှိခဲ့ပြန်သည်။
သင်တန်းသားဖြစ်နေရာ လစာပိုက်စံအားချိုးခြံစားနေရ၍စနေ၊တနင်္ဂနွေကဲ့သို့သော ရုံးပိတ်ရက်များတွင် လည်း မရောက်ရှိခဲ့နိုင်ပြန်ပါ။ ပိုက်ဆံသုံးနိုင်ကြသောအချို့စစ်သည်များသွားလာနေကြချိန်တွင်ကျွန်တော့်မှာ အဆောင်တွင်သာ ရေဒီယိုနားထောင်လိုက်၊သင်ခန်းစာမှတ်စုများပြန်ဖတ်လိုက်၊တနင်္လာမနက်ဝတ်စားဆင်ယင်မှုအစစ်ဆေးခံနိုင်ရန်ပြင်ဆင်လျက်ဖြင့် မရောက်ရှိနိုင်ခဲ့ပါ။ သင်တန်းဆင်းသောသောကြာနေ့မနက်ခင်းတစ်ရက်တွင်မူ သင်တန်းဘာသာရပ် ဋ္ဌာနအသီးသီးတွင် မိမိ တို့နည်းပြဆရာများအားကန်တော့နေချိန်တွင် ကျွန်တော်မှာမကန်တော့လိုက်နိုင်။ စမအ သင်တန်းဆင်းစစ်သည်များပါပြန်ခေါ်လာရန် တပ်ရေးဗို လ်ကြီးကဖုန်းဆက်ပြီးပြောလည်းပြော ခရီးသွားမီးရထားစီးနင်းခွင့်စာရွက်စာတမ်းတွေကို ကားဂိတ်ကနေချောနဲ့ပို့လိုက်၍ ရထားချိန်အမှီ သွားထုတ်နေခဲ့ရသည်။ ကားဂိတ်မှအပြန်တွင်တော့မူ
"ငါ့လည်း မရောက်မရောက်နဲ့ ရောက်ဖြစ်တော့မည်မထင်၊ သူရမချစ်ပိုဂူရှိရာ ထုံးဘိုရပ်မှ ဆိုင်ကယ်ကယ်ရီသမားအားပတ်မောင်းခိုင်းရင်း ဂါဝရပြုခဲ့ဦးမည်"
ဟုကြံစည်ရင်း ဆိုင်ကယ်ကယ်ရီသမားကိုထုံးဘိုဘက်ကပတ်မောင်းခိုင်းလိုက်မိတယ်။
သူရမချစ်ပို၏နားစက်ရာအုတ်ဂူက လမ်းမကြီးဘေးတွင်ပင်။သာမာန်သာသာအုတ်ဂူတစ်ခု၊လမ်း၏ဘေး ရပ်ကွက်ထဲတွင်ရှိနေသည်ကမသိသေးသူများအတွက်ဒီနေရာမှာဘာလို့ဒါရှိနေတာလည်းဟု စဉ်းစားစရာဖြစ်သွားနိုင်ပေသည်။သို့သော်.... အဖြူရောင်အုတ်ဂူအထက်က
 "သူရ မချစ်ပို"
ဆိုသည့်နာမတစ်ခုကထင်းရှားစွာဆေးနီတို့ခြယ်သထားလေသည်။ အုတ်ဂူကိုကာရံထားသော ဝန်းတံခါး၏အရှေ့တွင် ခန္ဓာကိုယ်ကို မတ်မတ်ရပ်ရင်း ကျွန်တော့်ရဲ့ဦးခေါင်းတို့ကို သူရမချစ်ပိုအားလေးစားလွန်းသည့်စိတ်ဖြင့်ညွတ်ကိုင်းပြီး ဂါဝရပြုလိုက်မိပါသည်။ အချို့လမ်းသွားများက ယူနီဖောင်းနှင့်ရဲဘော်လေးတစ်ယောက် အုတ်ဂူရှေ့မှာဦးညွတ်ပြီးအလေးပြုနေသည်ကို ဘာလဲဟူသောစပ်စုသည့်အကြည့်ဖြင့်ကြည့်သွားကြသလို အချို့ကတော့ဤမြင်ကွင်းမျိုးကိုရိုးနေသည့် ဟန်ဖြင့် ကြည့်သွားကြသည်။ အဖွဲ့ လိုက်မဟုတ်၍ လမ်းသွားများကြည့်ကြမည်သိသော်လည်း ကျွန်တော်ဂရုမစိုက်အားခဲ့ပါ။
"ဒီနေရာဟာ အရင်ကရေတွင်းရှိခဲ့တဲ့နေရာပါလား၊အခုမချစ်ပိုရဲ့ခန္ဓာဟာ ဒီအုတ်ဂူလေးထဲမှာပေါ့ ၊သူရဘွဲ့ရှင် သူရဲကောင်းမကြီး၊သူတော်ကောင်းမကြီး ၊ လေးစားမိပါတယ် ၊အားကျမိပါတယ်၊ကျွန်တော့်ရဲ့ဂါဝရပြုမှုကိုကျေနပ်စွာခံယူနိုင်ပါစေ၊ အေးချမ်းသောဘဝသစ်ကိုပိုင်ဆိုင်နိုင်ပါစေ...." ဟုသာစိတ်ထဲမှတီးတိုးရွတ်ဆိုမိရင်းသတိကိုမတ်မတ်စွဲ၊ညာလက်ကိုနဖူးထက်တင်ရင်း နှုတ်ဆက် အလေးပြုလိုက်မိပြီး ထိုနေရာမှထွက်ခွာလာခဲ့မိပါသည်...။ ကျွန်တော့်ဘဝမှာ ပထမဦးဆုံးအဖြစ် အမျိုးသမီးတစ်ဦးကို လက်တင်အလေးပြုလိုက်ခဲ့ပါပြီ။ ထိုအတွက် ကျေနပ်ဂုဏ်ယူသောစိတ်တို့ကယနေ့အထိမေ့မရနိုင်သေးပါ။
အမှန်တကယ်တော့ ကျွန်တော်တင်မဟုတ်ပဲ အားလုံးရဲ့ရင်ထဲမှာလည်းမမေ့လိုက်သင့်မမေ့အပ်သော သူရမချစ်ပို ဖြစ်နေမှာဖြစ်ကြောင်း.....။

Photo> Credit
Credit:Ye Kyaw

No comments:

Post a Comment