Thursday, March 2, 2017

သမ္မတ ဦးဝင်းမြင့်

သမ္မတ ဦးဝင်းမြင့်

ဦးဝင်းမြင့် (၈နိုဝင်ဘာ၁၉၅၁မွေးဖွား)သည် ပြည်ထောင်စုမြန်မာနိုင်ငံတော်၏၁၀ဦးမြောက် နိုင်ငံတော် သမ္မတ ဖြစ်သည်။ မြန်မာနိုင်ငံသား နိုင်ငံရေးသမားနှင့် တရားလွှတ်တော်ရှေ့နေတစ်ဦးဖြစ်ပြီး ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် တာမွေမြို့နယ် တွင် အနိုင်ရခဲ့သော ပြည်သူ့လွှတ်တော် အမတ် ဖြစ်သည်။ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ အဖြစ် ၁ ဖေဖော်ဝါရီ ၂၀၁၆ မှ ၂၁ မတ် ၂၀၁၈ အထိ တာဝန်ထမ်းဆောင်ခဲ့သည်။

ဦးဝင်းမြင့်ကို ၁၉၅၁ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ဧရာဝတီတိုင်း ဓနုဖြူမြို့နယ်၊ ညောင်ချောင်းကျေးရွာတွင် မွေးဖွားခဲ့သည်။ ဓနုဖြူမြို့နယ်၊ ညောင်ချောင်းကျေးရွာ မူလတန်းကျောင်း၊ ဓနုဖြူမြို့ အထက်တန်းကျောင်း၊ ပုသိမ်မြို့ အမှတ် ၆ အထက်တန်းကျောင်းတို့တွင် ပညာသင်ကြားခဲ့သည်။ ရန်ကုန် ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်မှ ဘူမိဗေဒဘာသာရပ်ဖြင့် သိပ္ပံဘွဲ့နှင့် H.G.P., R.L တို့ကို ရရှိခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့နှင့် ပုသိမ်မြို့တို့တွင် အထက်တန်းရှေ့နေ၊ တရားလွှတ်တော်ရှေ့နေ အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

ဦးဝင်းမြင့်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဓနုဖြူမြို့နယ် စည်းရုံးရေးအဖွဲ့ အတွင်းရေးမှူး၊ ဧရာဝတီတိုင်း စည်းရုံးရေးအဖွဲ့ အတွင်းရေးမှူး၊ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်အဖြစ် ဆောင်ရွက်ခဲ့ပြီး လက်ရှိတွင် ပါတီဗဟိုအလုပ်အမှုဆောင် အတွင်းရေးမှူးအဖြစ် ဆောင်ရွက်လျက်ရှိသည်။

၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်အမတ်အဖြစ် မဲအရေအတွက် ၂၀,၃၈၈ (၅၆%) ဖြင့် အနိုင်ခဲ့ရသည်။[၃] ၂၀၁၂ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ်မဲဆန္ဒနယ်၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်တင်မြှောက်ခံရသည်။ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး၊တာမွေမြို့နယ်မဲဆန္ဒနယ်၏ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ်ရွေးချယ်တင်မြှောက်ခံရသည်။

ပြည်သူ့လွှတ်တော် ဒုတိယအကြိမ် အစည်းအဝေးတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအဖြစ် ခန့်အပ်တာဝန်ပေးခြင်းခံရခဲ့သည်။ ၂၀၁၈ ခုနှစ် မတ်လ ၂၁ ရက်နေ့တွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအဖြစ်မှ နုတ်ထွက်ခဲ့သည်။

နိုင်ငံတော် သမ္မတ ဦးထင်ကျော် နုတ်ထွက်ပြီးနောက် ၂၀၁၈ ခုနှစ် မတ်လ ၂၃ ရက်နေ့တွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ ဖြစ်သော ဦးဝင်းမြင့်နှင့် ဦးသောင်းအေးတို့အား ဒုတိယ သမ္မတလောင်းများအဖြစ် အမည်စာရင်းတင်သွင်းခဲ့ရာ ဦးဝင်းမြင့်က ၂၇၃ မဲဖြင့် ဒုတိယသမ္မတအဖြစ် ရွေးကောက်ခံခဲ့ရသည်။ မတ်လ ၂၈ ရက်နေ့ ပြည်ထောင်စုလွှတ်တော် နိုင်ငံတော်သမ္မတ ရွေးချယ်တင်မြောက်ပွဲ၌ မဲအများဆုံးရရှိကာ နိုင်ငံတော်သမ္မတဖြစ်လာသည်။

Source: Wikipedia



No comments:

Post a Comment