Thursday, February 25, 2016

မဟာသရေစည်သူ ဦးသန့်


ဦးသန့်

မဟာသရေစည်သူ ဦးသန့် (၂၂ ဇန်နဝါရီ ၁၉၀၉ – ၂၅ နိုဝင်ဘာ ၁၉၇၄) သည် မြန်မာနိုင်ငံသား သံတမန်တစ်ဦးဖြစ်ပြီး ကမ္ဘာ့ကုလသမဂ္ဂ၏ တတိယမြောက် အထွေထွေ အတွင်းရေးမှူးချုပ်ဖြစ်ကာ ၁၉၆၁ မှ ၁၉၇၁ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သည်။ ကုလသမဂ္ဂ၏ ဒုတိယမြောက် အထွေထွေအတွင်းရေးမှူးချုပ် ဒက်ဟမ်းမားရှိုး ၁၉၆၁ ခုနှစ် စက်တင်ဘာလအတွင်း လေယာဉ်ပျက်ကျ သေဆုံးပြီးနောက်ပိုင်း ၎င်း၏ နေရာတွင် အရွေးချယ်ခံခဲ့ရခြင်း ဖြစ်ကာ အထွေထွေအတွင်းရေးမှူးချုပ်တာဝန်ကို ဥရောပသားမဟုတ်သူများထဲမှ ပထမဆုံးထမ်းဆောင်သူလည်း ဖြစ်သည်။ အာရှတွင် ပထမဦးဆုံး ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဖြစ်သည်။ ဦးသန့်အား ၎င်းမွေးဖွားရာ ပန်းတနော်မြို့ကို ရည်စူး၍ ပန်းတနော် ဦးသန့် ဟု အမည်တွင်ခဲ့သည်။

ဦးသန့်ကို ၁၉ဝ၉- ခုနှစ်ဇန်နဝါရီလ ၂၂ ရက်သောကြာနေ့တွင် ဧရာဝတီတိုင်း ပန်းတနော်မြို့၌ အဖဦးဖိုးနှစ်၊ အမိ ဒေါ်နန်းသောင်တို့ မှ ဖွားမြင်ခဲ့လေသည်။ မွေးချင်း ညီအစ်ကို လေးဦးအနက် အကြီးဆုံးဖြစ်သည်။ မိဘများမှာ အောင်မြင်သော မြေပိုင်ရှင်နှင့် ဆန်ကုန်သည်များဖြစ်ကြသည်။ ဖခင်ဦးဖိုးနှစ်သည် ကာလကတ္တား မြို့ (ယခု ကိုလ်းကားတား) အထိ သွားရောက်ပညာသင်ကြားခဲ့ဖူးသူဖြစ်ရာ အင်္ဂလိပ်စာကို ကောင်းစွာတတ်ကျွမ်းသူ ဖြစ်သည်။ ဦးသန့်၏ဖခင် ဦးဖိုးနှစ်၏ အမျိုးအနွယ်တို့မှာ ဗုဒ္ဓဘာသာကိုယုံကြည်ကြသူများ ဖြစ်ကြပြီး ရန်ကုန်မြို့၌ သူရိယသတင်းစာကို ထူထောင်ခဲ့သည်။[၁] ထိုခေတ်က မြန်မာလူမျိုးများတွင် အင်္ဂလိပ်စာ တတ်ကျွမ်းသူ ရှားပါးလှရာ၊ မောင်သန့်လေးမှာ ဖခင်ထံမှ အင်္ဂလိပ်စာနှင့် စာပေဗဟုသုတတို့ကို သင်ယူလေ့လာ ဆည်းပူးခွင့် ရရှိခဲ့လေသည်။ မြန်မာနိုင်ငံသုတေသနအသင်းကို တည်ထောင်ရာတွင်လည်း အဖွဲ့ဝင်တစ်ယောက်အဖြစ် ပါဝင်ခဲ့သည်။

မောင်သန့်သည် ငယ်စဉ်ကပင် စာရေးဆရာလုပ်ရန် ဝါသနာ ထုံခဲ့ရာ ရှေးခေတ်မြန်မာစာပေ ပညာရှင်ကြီးများရေးသားခဲ့သော ပျို့၊ ကဗျာ၊ မော်ကွန်းရာဇဝင်စသည့် ရှေးဟောင်းစာပေများနှင့် ရာဇဝင်များကို အချိန်ရလျှင်ရသလို လေ့လာလိုက်စားခဲ့သည်။ ဤသို့ ရှင်မဟာရဋ္ဌသာရ၊ ရှင်မဟာ သီလဝံသမှ စ၍ နတ်ရှင်နောင်၊ နဝဒေး၊ လှိုင်ထိပ်ခေါင်တင်၊ မြဝတီမင်းကြီးဦးစ၊ စလေဦးပုည အဆုံး မြန်မာစာဆို တော်ကြီးများ၏ လက်ရာအဖုံဖုံကို လေ့လာဖတ်ရှုမှတ်သားခဲ့သည်။ မောင်သန့် ၁၂ နှစ်သားအရွယ်မှာပင် ဖခင်ဖြစ်သူ၏စာအုပ်စင်မှ ရှိတ်စပီးယား၊ နာမည်ကျော် စုံထောက် စာရေးဆရာ ဆာအာသာကိုနင်ဒွိုင်း စသူတို့၏ အင်္ဂလိပ်ဝတ္တုကြီးများကို မွှေနှောက်ရှာဖွေ၍ ဖတ်ရှုတတ် နေလေပြီ။ သို့သော် မောင်သန့်အသက် ၁၄ နှစ်အရွယ်တွင် ဖခင်ကြီးရုတ်တရက်ကွယ်လွန်သွားခဲ့ရာ၊ မိခင်ဖြစ်သူ ဒေါ်နန်းသောင်မှာ သားလေးယောက်နှင့်ဘဝကို ရုန်းကန်ကြိုးစားရတော့သည်။ ပန်းတနော်အထက်တန်းကျောင်းနှင့် ရန်ကုန်တက္ကသိုလ်တွင် သမိုင်းဘာသာရပ်ကို သင်ယူ လေ့လာခဲ့သည်။ တက္ကသိုလ် ပြီးဆုံးသောအခါ ပန်းတနော်မြို့ အမျိုးသားကျောင်းတွင် ဆရာလုပ်ရန် ပြန်လာခဲ့သည်။ အသက် ၂၅ နှစ်တွင် ထိုကျောင်း၏ ကျောင်းအုပ် ဖြစ်လာခဲ့သည်။ ထိုအချိန်တွင် အနီးအနားရှိ မအူပင်မြို့တွင် နေထိုင်ပြီး ပညာအုပ်ဖြစ်သော နောင်တစ်ချိန်၌ မြန်မာနိုင်ငံ၏ ဝန်ကြီးချုပ်ဖြစ်လာမည့် ဦးနု နှင့် ခင်မင်ရင်းနှီးခဲ့သည်။ ဦးသန့်သည် သီလဝ ဟူသော ကလောင်အမည်ဖြင့် အချို့မဂ္ဂဇင်းနှင့် သတင်းစာအတွက် ဆောင်းပါး အပတ်စဉ်ရေးပေးသည်။ ဦးသန့်သည် စာအုပ်အချို့ကိုလည်း ဘာသာပြန်ခဲ့သည်။

လွတ်လပ်ရေးရခါစမြန်မာနိုင်ငံတွင် ဦးနု ဝန်ကြီးချုပ် ဖြစ်လာသောအခါ ဦးသန့်ကို ရန်ကုန်သို့ ခေါ်ယူပြီး ၁၉၄၈ ခုနှစ်တွင် အသံလွှင့်ဌာန၏ ညွှန်ကြားရေးမှူးအဖြစ် တာဝန်ပေးအပ်ခဲ့သည်။ နောက်နှစ်များတွင် ဦးသန့်အား မြန်မာအစိုးရ၏ ပြန်ကြားရေး ဝန်ကြီးဌာနတွင် အတွင်းရေးမှူးအဖြစ် တာဝန်ပေးအပ်ခြင်း ခံခဲ့ရသည်။ ဦးသန့်သည် ၁၉၅၁ ခုနှစ် မှ ၁၉၅၇ ခုနှစ်အထိ ဝန်ကြီးချုပ်၏ အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး မိန့်ခွန်းများ ရေးသားပေးခြင်း၊ နိုင်ငံခြား ခရီးစဉ်များ စီစဉ်ပေးခြင်း နှင့် နိုင်ငံခြားမှ ဧည့်သည်တော်များကို လက်ခံတွေ့ဆုံခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။ နိုင်ငံတကာ ကွန်ဖရင့် အများအပြားကို တက်ရောက်ခဲ့ပြီး ၁၉၅၅ ခုနှစ် အင်ဒိုနီးရှားနိုင်ငံ ဘန်ဒေါင်းမြို့ တွင် ကျင်းပသည့် ဘက်မလိုက်လှုပ်ရှားမှု ကို မွေးဖွားပေးခဲ့သော ပထမအကြိမ် အာရှ - အာဖရိက နိုင်ငံများဆိုင်ရာ ညီလာခံတွင် အတွင်းရေးမှူး အဖြစ်ဆောင်ရွက်ခဲ့သည်။ မြို့မကျောင်း အုပ်ချုပ်ရေးအဖွဲ့ဝင်လူကြီးအဖြစ်လည်း ဆောင်ရွက်ခဲ့သည်။[၃]

နောင်တွင် တည့်တည့်မှန်မှန်လုပ်တတ်သော၊ မှန်သည်ထင်လျှင် အလျှော့မပေးတတ်သော ဦးသန့် နှင့် တိုင်းပြည်ခေါင်းဆောင်ဖြစ်သည့် ဦးနုတို့ မသင့်မမြတ်ဖြစ်ရာမှ ၁၉၅၇ ခုနှစ်တွင် ဦးသန့်အား ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ခန့်အပ်ကာ တာဝန်ထမ်းဆောင်ရန် အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့သို့ စေလွတ်ခဲ့သည်။ ဦးသန့်သည် ၁၉၅၇ ခုနှစ်မှ ၁၉၆၁ ခုနှစ်အထိ မြန်မာနိုင်ငံ၏ ကုလသမဂ္ဂအမြဲတမ်းကိုယ်စားလှယ် အဖြစ်သာမက အယ်လ်ဂျီးရီးယားနိုင်ငံ၏ လွတ်လပ်ရေး စေ့စပ်ဆွေးနွေးမှုများတွင်လည်း ပါဝင်ခဲ့သည်။ ၁၉၆၀ ခုနှစ်တွင် မြန်မာအစိုးရသည် ဦးသန့်ကို ပြည်ထောင်စုစည်သူသင်္ဂဟ ပြန်တမ်းအရ မဟာသရေစည်သူဘွဲ့နှင့် ဗိုလ်ရာထူး ပေးအပ်သည်။

ဦးသန့်သည် ကုလသမဂ္ဂ၏ တတိယမြောက် အထွေထွေအတွင်းရေးမှူးချုပ် ဖြစ်ပြီး ယင်းရာထူးအား အာရှနိုင်ငံများထဲမှ ပထမဦးဆုံး ရရှိသူဖြစ်သည်။ ဦးသန့်သည် ၁၉၆၁ ခုနှစ် နိုဝင်ဘာလ ၃ ရက်မှ စတင်ကာ အထွေထွေအတွင်းရေးမှူးချုပ် ဒက်ဟမ်းမားရှိုး၏ မကုန်ဆုံးသေးသော သက်တမ်းကို ဖြည့်ဆည်းရန် လုံခြုံရေးကောင်စီ၏ ထောက်ခံချက်ဖြင့် အထွေထွေညီလာခံမှ ယာယီ အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် ခန့်အပ်ခြင်းခံခဲ့ရသည်။ ထို့နောက် ၁၉၆၂ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်နေ့တွင် အထွေထွေညီလာခံမှ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် ၁၉၆၆ ခုနှစ် နိုဝင်ဘာလ ၃ ရက် သက်တမ်းအထိ ခန့်အပ်ခြင်းခံခဲ့ရသည်။ သူ၏ပထမသက်တမ်းအတွင်းတွင် ကျူးဘားဒုံးပျံပြဿနာ (Cuban Missile Crisis) ကို ဖြေရှင်းပေးရာတွင် ပါဝင်စေ့စပ်ပေးမှု နှင့် ကွန်ဂိုပြည်တွင်းစစ်ကို ပြီးဆုံးစေခဲ့ခြင်းတို့ကြောင့် အများက အသိအမှတ်ပြုခြင်းခံခဲ့ရသည်။

ဦးသန့်သည် ၁၉၆၆ ခုနှစ် ဒီဇင်ဘာလ ၂ရက်တွင် လုံခြုံရေးကောင်စီမှ တညီတညွတ်တည်း ထောက်ခံမှုဖြင့် အထွေထွေညီလာခံမှ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဒုတိယသက်တမ်းအဖြစ် ထပ်မံခန့်အပ်ခြင်းခံခဲ့ရသည်။ သူ၏ အထွေထွေအတွင်းရေးမှူးချုပ် ဒုတိယသက်တမ်းမှာ ၁၉၇၁ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့ သူအငြိမ်းစားယူမည့် အချိန်အထိ ဖြစ်သည်။ သူ၏ အတွင်းရေးမှူးချုပ် သက်တမ်းအတွင်းတွင် ကုလသမဂ္ဂသို့ အာရှ နှင့် အာဖရိကမှ ဒါဇင်မျှသော နိုင်ငံတို့ ဝင်ရောက်ရေးအတွက် ကြည့်ရှုစောင့်ကြပ်ခဲ့ရပြီး သူသည် တောင်အာဖရိက အသားအရောင်ခွဲခြားမှု ကို အပြင်းအထန် ဆန့်ကျင်သူဖြစ်သည်။ ထို့အပြင်သူသည် UNDP, UN University, UNCTAD နှင့် UN Environmental Programme အပါအဝင် ယူအင်န် ဖွံ့ဖြိုးရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် သက်ဆိုင်သော အေဂျင်စီ၊ ရန်ပုံငွေအဖွဲ့နှင့် ပရိုဂရမ် အမြောက်အမြားကို တည်ထောင်ခဲ့သည်။ ဦးသန့်သည် မြောက်မြားလှသော ကြားဝင်ဖျန်ဖြေမှုများကို အောင်မြင်စွာ ဆောင်ရွက်ပေးနိုင်ခဲ့သည်။ ဥပမာအားဖြင့် ၁၉၆၂တွင် ယီမင်အရေးနှင့် ၁၉၆၈တွင် ဘာရိန်းအရေးတို့ဖြစ်သည်။ ယင်းကိစ္စတို့သည် ဒေသတွင်း ငြိမ်းချမ်းရေးကိုထိပါးစေနိုင်သည့် စစ်ဖြစ်ကြမည့် အရေးများဖြစ်ပြီး ဦးသန့်၏ လိမ္မာပါးနပ်စွာ ကြားဝင်စေ့စပ်ပေးမှုကြောင့်သာ စစ်ကိုရှောင်လွှဲနိုင်ခဲ့ခြင်းဖြစ်သည်။

သူ့အရင် အထွေအထွေအတွင်းရေးမှူးချုပ် နှစ်ယောက်နှင့်မတူပဲ သူသည် သက်တမ်းဆယ်နှစ်ပြည့်မြောက်သည်နှင့် အနားယူခဲ့သည်။ ဦးသန့်ကို တာဝန်ပေးခန့်အပ်ခဲ့စဉ် ၁၉၆၁ခုနှစ်က ဆိုဗီယက်ပြည်ထောင်စုက အထွေထွေအတွင်းရေးမှူးချုပ်သုံးဦး ထားရှိမည့် Trioka အစီအစဉ်ကို ကြိုးပမ်းလာခဲ့ဖူးသည်။ ယင်းအစီအစဉ်မှာ စစ်အေးစစ်ပွဲ ဆင်နွှဲနေကြသော ဆိုဗီယက်နှင့် အမေရိကန် ဦးဆောင်သည့် နိုင်ငံများဘက်မှ အထွေထွေအတွင်းရေးမှူးချုပ်နှစ်ဦးနှင့် အခြားတစ်ဦး ပေါင်းသုံးဦးဖြစ်သည်။ ၁၉၆၆ ခုနှစ် ဦးသန့်အား ဒုတိယသက်တမ်းအတွက် ထပ်မံတာဝန်ပေးသောအခါ ဦးသန့်၏ ပထမအကြိမ်သက်တမ်းအတွင်း စွမ်းဆောင်မှုများကြောင့် အထွေထွေအတွင်းရေးမှူးချုပ် တာဝန်ဝတ္တရား၏ အရေးပါမှုကို သိရှိလာသော ဆိုဗီယက်တို့သည် ယင်းအစီအစဉ်ကို ထပ်မံမတင်ပြတော့ပဲ တစ်ဦးတည်းသာ ခန့်အပ်ရန် သဘောတူခဲ့သည်။

ဒုတိယသက်တမ်းအတွင်းဦးသန့်သည် အာရပ်အစ္စရေးခြောက်ရက်စစ်ပွဲ (၁၉၆၇)၊ ပရာ့ဂ်နွေဦးတော်လှန်ရေးနှင့် ချက်ကိုဆလိုဗားကီးယားနိုင်ငံ သို့ ဆိုဗီယက်ကျူးကျော်မှု အရေးအခင်း၊ ၁၉၇၁တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုလွတ်လပ်ရေး ရရှိစေမည့် အိန္ဒိယပါကစ္စတန်စစ်ပွဲ စသည်တို့ကို အေးငြိမ်းအောင် ဖြေရှင်းပေးနိုင်ခဲ့သည်။

အီဂျစ်သမ္မတ နာဆာ၏တောင်းဆိုမှုကြောင့် ၁၉၆၇တွင် ဆိုင်းနိုင်းကျွန်းဆွယ်မှ ကုလငြိမ်းချမ်းရေးတပ်များ ရုပ်သိမ်းပေးရန် သဘောတူညီခဲ့မှုအတွက် အမေရိကန်ပြည်ထောင်စုနှင့် အစ္စရေးနိုင်ငံတို့၏ ပြင်းထန်စွာ ဝေဖန်ပြစ်တင်ခြင်းခံခဲ့ရသည်။ ဦးသန့်သည် အစ္စရေးနိုင်ငံအား စစ်မတိုက်ရန် နောက်ဆုံးမိနစ်ပိုင်းအချိန်အထိ အီဂျစ်သမ္မတ နာဆာထံ သွားရောက်တွေ့ဆုံခဲ့သည်။

ဦးသန့်သည် ဗီယက်နမ်စစ်ပွဲ ကိစ္စတွင် အမေရိကန်ကို လူသိရှင်ကြား ဝေဖန်ပြစ်တင်ခဲ့သည့်အတွက် တစ်ချိန်က သူနှင့် အလွန်အင်မတန် ရင်းနှီးခဲ့သော အမေရိကန်အစိုးရနှင့် ဆက်ဆံရေး ယိုယွင်းလာခဲ့သည်။ အမေရိကန်ပြည်ထောင်စု အစိုးရအဖွဲ့နှင့် ဗီယက်နမ်တို့ကြား တိုက်ရိုက်တွေ့ဆုံဆွေးနွေးနိုင်ရေးအတွက် သူ၏တိတ်တဆိတ်ကြိုးပမ်းမှုအား သမ္မတ ဂျွန်ဆင် အစိုးရအဖွဲ့၏ ငြင်းပယ်ခြင်းခံခဲ့ရသည်။

ဦးသန့်သည် အမျိုးအမည်မသိယာဉ်ပျံများ (UFO) ကိစ္စနှင့် ပတ်သက်၍ စိတ်ဝင်တစားလေ့လာခဲ့သည်။ ၁၉၆၇တွင် သူသည် အမေရိကန်လူမျိုး ရူပဗေဒပညာရှင် ဒေါက်တာဂျိမ်းစ်အီးမက္ကဒေါ်နယ်အား UFO နှင့်ပတ်သက်၍ ကုလသမဂ္ဂတွင် စကားပြောနိုင်ရန် စီစဉ်ပေးခဲ့ဖူးသည်။ [၅] ၁၉၇၁ခုနှစ်၊ ဇန်နဝါရီလ ၂၃ရက်နေ့တွင် ဦးသန့်က သူသည် မည်သည့်အကြောင်းပြချက်နှင့်မျှ တတိယသက်တမ်း အထွေထွေအတွင်းရေးမှူးချုပ် အဖြစ် ဆက်လက်လုပ်ကိုင်တော့မည်မဟုတ်ကြောင်း ပြတ်သားစွာ ပြောဆိုလိုက်သည်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီသည် ဆက်ခံမည့်သူကို သီတင်းပါတ်ပေါင်းများစွာ အပူတပြင်း ရှာဖွေခဲ့သည်။ နောက်ဆုံးတွင် ကွတ်ဝါးလ်ဟိုင်း ကို ရွေးချယ်ခဲ့ကြသည်။ ဦးသန့်သည် ၎င်း၏သက်တမ်းမကုန်ဆုံးမီ ၁၀ ရက်အလို ကွတ်ဝါးလ်ဟိုင်း၏ ၅၃ နှစ်ပြည့်မွေးနေ့ဖြစ်သော ၁၉၇၁ခုနှစ်၊ ဒီဇင်ဘာလ ၂၁ရက်နေ့တွင် တာဝန်ဝတ္တရားများကို လွှဲပြောင်းပေးခဲ့သည်။

ကုလသမဂ္ဂ၏ အထွေထွေညီလာခံတွင် သူ၏နောက်ဆုံးနှုတ်ဆက်မိန့်ခွန်းပြောရာ၌ သူသည် သူ၏ဝန်ထုပ်ဝန်ပိုးကြီးအခုမှ ကျသွားကြောင်း၊ အခုမှ စိတ်သက်သာပြီး လွတ်မြောက်မှုကို ခံစားရကြောင်း ပြောကြားခဲ့သည်။ နယူးယောက်တိုင်းမ်စ် သတင်းစာ၏ ၁၉၇၁ခုနှစ် ဒီဇင်ဘာလ ၂၇ရက်နေ့ အယ်ဒီတာ့အာဘော်တွင် ဦးသန့်လွတ်မြောက်ခြင်း The Liberation of U Thant ဟူသောခေါင်းစီးဖြင့် ငြိမ်းချမ်းရေးအကျိုးတော်ဆောင်ဦးသန့်ကို အငြိမ်းစားယူပြီးနောက်တွင်လည်း လိုအပ်ဦးမည်ဖြစ်ကြောင်း ချီးကျူးဂုဏ်ပြု ရေးသားခဲ့သည်။

အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်စဉ်ကာလအတွင်း ဦးသန့်သည် Palisade နှင့် Douglas Avenues လမ်းကြား၊ ၂၃၂လမ်းအနီးရှိ ၄.၇၅ ဧကမျှကျယ်သော Riverdale, Bronx ခြံတွင် နေထိုင်ခဲ့သည်။

၁၉၇၄ ခုနှစ် နိုဝင်ဘာ ၂၅ ရက်တွင် ဦးသန့်သည် နယူးယောက်မြို့၌ ပါးစောင်ကင်ဆာဖြင့်ကွယ်လွန်ခဲ့သည်။[၇] ဦးသန့်၏ရုပ်ကလာပ်ကို မြန်မာပြည်သို့ ပြန်လည်သယ်ဆောင်ခဲ့သော်လည်း ထိုစဉ်က ပြည်တွင်းနိုင်ငံရေး အခြေအနေကြောင့် နိုင်ငံတော်အခမ်းအနားဖြင့် ဂုဏ်ပြုသင်္ဂြိုဟ်ခြင်း မပြုခဲ့ပါ။ ထိုစဉ်က သမ္မတဖြစ်သူ ဦးနေဝင်းသည် ဦးသန့်အား မြန်မာပြည်သူများက ချစ်ခင်ကြသည်ကို စိုးရိမ်၍လည်းကောင်း၊ ဦးသန့်၏မိတ်ဆွေဖြစ်သော ဦးနုမှ ဦးသန့်အကြောင်းပြကာ ဒီမိုကရေစီရေး ဆန္ဒပြမည်ကို စိုးရိမ်၍လည်းကောင်း ဦးသန့်၏ ရုပ်အလောင်းထည့်ထားသော ခေါင်းတလား ရန်ကုန်လေဆိပ်သို့ ရောက်သည့်တိုင် အဆင့်မြင့်အရာရှိကြီးများက လာရောက် ကြိုဆိုခြင်း မရှိခဲ့ပေ။ လာရောက်ကြိုဆိုခဲ့သော ဒုတိယပညာရေးဝန်​ကြီး ဦးအောင်ထွန်းအား ထို့နောက် ရာထူးမှ အနားပေးခဲ့သည်။[၈] ဦးနေဝင်းက ဦးသန့်၏ ရုပ်အလောင်းအား အစိုးရအဖွဲ့မှ မည်သူ့ကိုမျှ မပါဝင်စေပဲ သင်္ဂြိုဟ်စေခဲ့သည်။

၁၉၇၄ခုနှစ်၊ ဒီဇင်ဘာလ ၅ရက်နေ့တွင် ဦးသန့်အားမမြှုပ်နှံမီ နာရီအနည်းငယ်မျှအလိုတွင် အများပြည်သူ နောက်ဆုံးဂါရဝပြုနိုင်ရန် ရန်ကုန်မြို့ ကျိုက္ကဆံကွင်းတွင် ပြသထားသည်။ ထိုစဉ်တွင် သာမန်သုဿာန်တွင် မြှုပ်နှံမည်ကို မလိုလားကြသော ကျောင်းသားနှင့်ပြည်သူအချို့က ဦးသန့်၏ ရုပ်အလောင်းအား လုယူသွားခဲ့သည်။ ထို့နောက်ကျောင်းသားများက ဦးသန့်၏ ရုပ်အလောင်းကို ယခင် ဦးနေဝင်းမှ ၁၉၆၂ခုနှစ်၊ ဇူလိုင်လ ၈ ရက်နေ့တွင် ဒိုင်းနမိုက်ဖြင့် ဖောက်ခွဲဖျက်ဆီးခဲ့သော ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂနေရာဟောင်းတွင် မြှပ်နှံသင်္ဂြိုဟ်လိုက်သည်။[၉]

ဒီဇင်ဘာလ ၅ရက်နေ့မှ ၁၁ရက်နေ့အတွင်း ကျောင်းသားများသည် ယာယီဦးသန့်ဗိမ္မာန်ပြုလုပ်ကြပြီး အစိုးရဆန့်ကျင်ရေးတရားများ ဟောပြောကြသည်။ ၁၉၇၄ခုနှစ်၊ ဒီဇင်ဘာလ ၁၁ရက်နေ့ နံနက်လင်းအားကြီးအချိန်တွင် အစိုးရစစ်တပ်မှ ကျောင်းဝင်းအတွင်းရှိ ကျောင်းသားအချို့ကို ဝင်ရောက်ပစ်ခတ်ပြီး ဦးသန့်၏ ရုပ်အလောင်းကို ပြန်လည်ယူဆောင်သွားကာ ရွှေတိဂုံစေတီတော် ခြေရင်းတွင် မြှပ်နှံပေးလိုက်သည်။

ယင်းသို့ တရကြမ်း ဝင်ရောက်လုယူမှုကြောင့် ကျောင်းသားများနှင့် ပြည်သူအများပါဝင်သော အုံကြွမှုကြီး ဖြစ်ပေါ်လာခဲ့သည်။ ရန်ကုန်မြို့နှင့် အနီးဝန်းကျင်တွင် စစ်အုပ်ချုပ်ရေး ကြေညာခဲ့သည်။ ယင်းနောက် လူထုအုံကြွမှုကို အပြင်းအထန်နှိမ်နင်းခဲ့သဖြင့် ကျောင်းသားများနှင့် ပြည်သူများ သေဆုံးခဲ့သည်။ ယင်းကို ဦးသန့် အရေးအခင်းဟု ခေါ်တွင်သည်။

၁၉၇၈တွင် ဦးသန့်ရေးသော ကုလမှရှုမြင်ချက် (View from the UN) စာအုပ်ကို အမေရိကန်ပုံနှိပ်တိုက် (American publishing house) မှ ပုံနှိပ်ထုတ်ဝေခဲ့သည်။ နယူးယောက်မြို့တော် ကမ္ဘာ့ကုလသမဂ္ဂဌာနချုပ်အနီးရှိ မြစ်တွင်းမှ ဘဲလ်မောင့်ကျွန်း (Belmont Island) ကို ဦးသန့်အားဂုဏ်ပြုသောအားဖြင့် ဦးသန့်ကျွန်းဟု နာမည်ပြောင်းပေးခဲ့ကြသည်။

ဦးသန့်သည် ဒေါ်သိန်းတင်နှင့် လက်ထပ်ထိမ်းမြားကာ သား သမီး၃ ဦး၊ မြေး ၄ ဦးနှင့် မြစ် ၃ ဦး ထွန်းကားခဲ့သည်။ ဦးသန့်၏ တစ်ဦးတည်းသော မြေးယောက်ျား ဦးသန့်မြင့်ဦး သည် သမိုင်းပညာရှင်တစ်ဦးဖြစ်ပြီး ကုလသမဂ္ဂ နိုင်ငံရေးဆိုင်ရာဌာနတွင် ဝါရင့်ဝန်ထမ်းဖြစ်ပြီး The River of Lost Footsteps (ခြေရာပျောက်မြစ်) ကို ရေးသားခဲ့သည်။

ဂုဏ်ပြုခေါ်ဝေါ်ခဲ့ကြသည့် အမည်များ

·         ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် အားကြိုးမာန်တက် ရှေးရှုလုပ်ကိုင်ကြသော အဖွဲ့အစည်းများနှင့် တစ်သီးပုဂ္ဂလများအား ဦးသန့်ငြိမ်းချမ်းရေးဆု အားတီထွင်ချီးမြှင့်သည်။

·         မလေးရှား၏ မြို့တော်ကွာလာလမ်ပူမှ သံရုံးများရှိသောလမ်းကို Jalan U Thant (ဦးသန့်လမ်း) ဟု ဦးသန့်ကို ဂုဏ်ပြုသောအားဖြင့် နာမည်ပေးခဲ့သည်။

·         ကုလသမဂ္ဂရုံးချုပ်၏ အရှေ့ဘက် မျက်နှာချင်းဆိုင်တွင်ရှိသော မြစ်အတွင်းရှိ ကျွန်းငယ်လေးအား ဦးသန့်ကျွန်း ဟု ဦးသန့်အား ဂုဏ်ပြုသော အားဖြင့်ခေါ်တွင်ခဲ့သည်။[၁၀]

·         ဂျပန်နိုင်ငံ၊ တိုကျိုမြို့၊ ကုလသမဂ္ဂတက္ကသိုလ် United Nations University (UNU) ဌာနချုပ်တွင် ဦးသန့်ဂုဏ်ပြုသင်ကြားပို့ချချက်များဟူသော သင်ခန်းစာကို ပုံမှန် သင်ကြားပေးလျက် ရှိသည်။

·         ဂျပန်နိုင်ငံ၊ တိုကျိုမြို့၊ ကုလသမဂ္ဂတက္ကသိုလ် United Nations University (UNU) ဌာနချုပ်တွင် အဓိကကွန်ဖရင့်ခန်းမကြီးအား ဦးသန့်အမည်ဖြင့် မှည့်ခေါ်ထားသည်။

·         ကုလသမဂ္ဂအပြည်ပြည်ဆိုင်ရာသင်တန်းကျောင်း (United Nations International School) တွင် ဦးသန့်ပညာသင်ဆုကို ပေးအပ်ချီးမြှင့်သည်။

Source: Wikipedia

No comments:

Post a Comment