Thursday, November 12, 2015

အအောင်မြင်ဆုံးပုဂ္ဂိုလ်များ၏ နံနက်ခင်းကျင့်စဉ် (၈) ခု



အအောင်မြင်ဆုံးပုဂ္ဂိုလ်များ၏ နံနက်ခင်းကျင့်စဉ် (၈) ခု
  • Posted by Soe Soe Win on November 4, 2015 at 11:16 
  •  
  • တစ်နေ့တာသည် နံနက်ခင်းဖြင့် အစပြုပြီး သင့်နံနက်ခင်းကို သင် ဘယ်လောက်အကျိုးရှိရှိ အသုံးချနိုင်ခြင်းသည် သင်၏ တစ်နေ့တာကို ဘယ်လောက်အကျိုးရှိရှိ အသုံးချနိုင်မည်ကို အဆုံးအဖြတ်ပေးပါသည်။ အောင်မြင်သူများ၏ နံနက်ခင်း အလေ့အထများသည် တစ်ဦးနှင့်တစ်ဦး မတူသော်လည်း တူညီပြီးအကူအညီဖြစ်စေမည့် အလေ့အထအချို့ ပေါ်ထွက်လာပါသည်။
သူတို့သည်
၁။ နံနက်စောစောနိုးသည်။
၂။ တစ်နေ့တာ ဘာလုပ်ရမယ်ဆိုတာကို ဆုံးဖြတ်ပြီးပြန်လည်သုံးသပ်သည်။
၃။ ကာယလေ့ကျင့်ခန်းပြုလုပ်သည်။
၎။ ကျန်းမာရေးနှင့်ညီညွတ်သော နံနက်စောစောစာစားသည်။
၅။ နေ့စဉ် မှတ်တမ်းထားရှိသည်။
၆။ တရားထိုင်သည်။
၇။ ခက်ခဲသော လုပ်ငန်းများကို ပြတ်သားသော အလုပ်ဖြင့် အဆုံးသတ်သည်။
၈။ သင်ယူရာတွင် ပြိုင်ဘက်များထက် သာလွန်သည်။

၁။ သူတို့ နံနက်စောစောနိုးကြသည်။

သူတို့သည် နံနက်စောစော ထကြသည်။ Benjamin Franklin, Ernest Hemingway, Starbucks ၏ အမှုဆောင်အရာရှိချုပ် Howard Schulz, Virgin Group ကို စတင် တည်ထောင်သူ အမှုဆောင်အရာရှိချုပ် Richard Branson, Apple ၏ အမှုဆောင်အရာရှိချုပ် Tim Cook, Pepsi ၏ အမှုဆောင်အရာရှိချုပ် Indra Nooyi, Twitter & Square ကို စတင်တည်ထောင်သူ Jack Dorsey နှင့် တခြားအောင်မြင်သူ အများအပြားတို့တွင် တူညီသည့် အချက်တစ်ချက်ရှိပါသည်။ သူတို့အားလုံးသည် နံနက်စောစော အိပ်ရာမှ ထကြပါသည်။ နံနက် (၄) နာရီ နှင့် ၅း၃၀ နာရီကြားတွင် သူတို့ နိုးနေကြတဲ့အချိန်မှာ သူတို့လို သိပ် မအောင်မြင်လှတဲ့ ပြိုင်ဘက်တွေက အိပ်ရာထဲမှ ဇိမ်ရှိရှိအိပ်ရင်းနှင့် သူတို့ထက် စွမ်းရည်သာသော ပြိုင်ဘက်တွေကို ဘယ်လိုအနိုင်ယူရမလဲဆိုတာကို အိပ်မက်သာ မက်နေကြပါသည်။

၂။ သူတို့တစ်နေ့တာ ဘာလုပ်ရမယ်ဆိုတာကို ဆုံးဖြတ်ပြီး ပြန်လည်သုံးသပ်သည်။

အောင်မြင်သူအများစုသည် နေ့တစ်နေ့ကို မစမီ ပြန်လည်သုံးသပ်ခြင်း၊ အစီအစဉ်ပြုလုပ်ခြင်း၊ သူတို့၏ ရည်မှန်းချက်ပန်းတိုင်၊ မဟာဗျူဟာနှင့် အကြောင်းရင်းများကို စစ်ဆေးခြင်း စသည်တို့ကို ပြုလုပ်ကြပါသည်။ သူတို့၏ အတွေးများသည် ကြည်လင်ပြတ်သားပါ သည်။ ထိုကြည်လင်ပြတ်သားမှုမှနေ၍ ကျွမ်းကျင်မှုပေါက်ပွားလာပြီး ၄င်းကို အလုပ်ထဲတွင် ထုတ်၍ အသုံးချပါသည်။ ၄င်းသည် နေ့စဉ် မှတ်တမ်းထားရှိခြင်းနှင့် ဒွန်တွဲလျက်ရှိနေပါသည်။

၃။ သူတို့ကာယလေ့ကျင့်ခန်းများ ပြုလုပ်ကြပါသည်။

နံနက် ၅း၀၀ နာရီခန့်တွင် Apple ၏ CEO Tim Cook ကို အားကစားရုံ၌ တွေ့မြင်နိုင်ပါသည်။ Jack Dorsey ကတော့ (၆) မိုင်ခရီးကို ရွရွလေးပြေး (jog) သည်။ Unilever ၏ CEO Pol Polmam ကတော့ အပြေးစက် (treadmill) ပေါ်မှာ ပြေးနေပါသည်။

အောင်မြင်သူအားလုံးက နေ့တစ်နေ့ကို ရင်ဆိုင်နိုင်ရန်အတွက် သူတို့မှာ ရောဂါနှင့် စိတ်ဖိစီးမှုကင်းသော တက်ကြွစွာ အလုပ်လုပ်နိုင်သော ကိုယ်ခန္ဓာလိုအပ်ကြောင်း သိကြပါသည်။ ဒါမှလည်း ထိုကိုယ်ခန္ဓာဖြင့် ကမ္ဘာပေါ်ရှိ စိန်ခေါ်မှုအများဆုံးရှိပြီး စိတ်ဝင်စားစရာအကောင်းဆုံး လုပ်ငန်းများထဲမှ အချို့ကို ဆောင်ရွက်သွားနိုင်မှာဖြစ်ပါတယ်။

ကာယလေ့ကျင့်ခန်းလုပ်ခြင်းသည် စိတ်ဖိစီးမှုကို လျှော့ချရာ၌ အထောက်အပံ့ဖြစ်စေသော endorphin ဟော်မုန်းဓာတ်ကို ထုတ်ပေးကြောင်း သိပ္ပံပညာကလည်း ဆိုထားပါသည်။ ထို့ပြင် ၄င်းသည် စွမ်းအင်ကိုလည်း များနိုင်သမျှများအောင် ပြုလုပ်ပေးပြီး အဘက်ဘက်က ကျန်းမာနေအောင်ပြုလုပ်ပေးပါသည်။

၎။ သူတို့ကျန်းမာရေးနှင့် ညီညွတ်သော နံနက်စာ breakfast စားကြသည်။

နံနက်စောစောစာကို တချို့ကတော့ အိမ်မှာ၊ တချို့ကတော့ ကားထဲမှာ၊ တချို့ကတော့ ရုံးမှာ စားကြပါသည်။ ဒါပေမဲ့ အောင်မြင်သူ အားလုံးကတော့ ကျန်းမာရေးနှင့် ညီညွတ်သော breakfast ကို စားကြပါသည်။ Richard Branson သည် breakfast ကို နံနက်စောစော စားသည်။ Hain Celestia ၏ CEO Urwin Simon ကတော့ breakfast စားရင်းနှင့် အစည်းအဝေးလုပ်ပါသည်။ Procter & Gamble ၏ CEO A.G.Lafly ကတော့ "ကျွန်တော် အရင်တုန်းက breakfast ကို မစားသလောက်ပါပဲ။ အခုတော့ V-8 juice (ဟင်းသီးဟင်းရွက် (၈) မျိုးပါသော ဖျော်ရည်) တစ်ခွက်၊ ပေါင်မုန့်အကွင်း (bagel) တစ်ဝက်နှင့် ဒိန်ချဉ်တစ်ခွက်တို့ကို သောက်ပါတယ်။ တစ်နေ့ကို (၅) ကြိမ်၊ (၆) ကြိမ်စားပါတယ်။ သွေးချိုပမာဏကို ထိန်းထားတာဖြစ်ပါတယ်။ တက်လိုက်ကျလိုက် မဖြစ်ချင်ဘူးလေ။" ဟု ပြောပါသည်။ တစ်နေ့တာ၏ အချိန်တွေ ကုန်လာတာနှင့်အမျှ ဖြည်းဖြည်းချင်းပြိုကွဲပြီး စွမ်းအင်များထုတ်လုပ်ပေးသော ကစီဓာတ်ပေါင်းစုံ (Complex Carbohydrates) ရှိခြင်းသည် ကောင်းပါသည်။

၅။ သူတို့တရားထိုင်ကြသည်။

Madonna ၊ Hugh Jackman ၊ Liv Tyler ၊ Jennifer Aniston ၊ Oprah Winfrey ၊ Sir Paul McCartney ၊ George Harrison နှင့် Jack Dorsey တို့သည် အာရုံစူးစိုက်မှုပို၍ကောင်းမွန်ရန်၊ ကြည်လင်ပြတ်သားမှုရှိစေရန်၊ စိတ်အေးချမ်းမှုရှိစေရန်၊ အနှောက်အယှက်များကို ဖယ်ရှားနိုင်ရန်၊ စိတ်ဖိစီးမှု လျှော့ချနိုင်ရန်နှင့် ကျန်းမာရေးတိုးတက်ကောင်းမွန်စေရန် နေ့စဉ်တရားထိုင်ကြပါသည်။ သိပ္ပံပညာကလည်း ထောက်ခံပါသည်။

၆။ သူတို့ နေ့စဉ် မှတ်တမ်းထားရှိသည်။

တချို့ကတော့ ၄င်းကို "ကျေးဇူးတရားမှတ်တမ်း"လို့ ခေါ်ပါသည်။ တချို့ကကျတော့ "စိတ်ကူး၊ အတွေးများ၏ မှတ်တမ်း"လို့  ခေါ်ပါသည်။ တချို့ကတော့ "မှတ်တမ်း"လို့ ရိုးရိုးလေးပဲ ခေါ်ပါသည်။ တချို့ကကျတော့ "နေ့စဉ်မှတ်တမ်း"လို့  ရှင်းရှင်းလင်းလင်း ခေါ်ပါသည်။ Mark Twain ၊ George S ၊ Patton ၊ Thomas Jefferson ၊ George Lucas ၊ Darwin ၊ Hemingway နှင့် Beethoven တို့အားလုံးသည် နေ့စဉ် မှတ်တမ်းများထားရှိခဲ့ကြသည်။ သူတို့၏ မှတ်တမ်းစာအုပ်များထဲတွင် သူတို့၏ အတွေးများ၊ စိတ်ကူးစိတ်သန်းများ၊ ကျေးဇူးတရားများ၊ အစီအစဉ်များ၊ မဟာဗျူဟာများ၊ ရည်မှန်းချက်ပန်းတိုင်များ၊ တိုးတက်မှုများနှင့် သတိပေးချက်များကို မှတ်တမ်း တင်ခဲ့ကြပါသည်။ မှတ်တမ်းရေးခြင်းသည် စီစဉ်ရန်၊ မဟာဗျူဟာဆောင်ရွက်ရန်၊ လေးနက်စွာ စဉ်းစားရန်၊ တိုးတက်မှုကို မျက်ခြေမပြတ်ကြည့်နိုင်ရန်၊ စိတ်ကူးများကို သိမ်းထားရန်၊ တွန်းအားပေးရန်၊ လှုံ့ဆော်ရန် အားကောင်းသော လက်နက်တစ်ခုဖြစ်ပါသည်။ သင့်ကို သင်နားလည်နိုင်သော တံခါးပေါက်လည်း ဖြစ်သည်။

၇။ သူတို့သည် ခက်ခဲသော လုပ်ငန်းများကို ပြတ်သားသော အလုပ်များဖြင့် အဆုံးသတ်သည်။

အောင်မြင်သူများသည် စူးစိုက်မှု၊ စွမ်းအင်နှင့် စိတ်စွမ်းအားတို့သည် ငွေကြေးထက် ပို၍ အဖိုးတန်သော အရင်းအမြစ်များဖြစ်ကြောင်းကို သဘောပေါက်ထားကြပါသည်။ မည်သည့်လုပ်ငန်းကိုမဆို ကျွမ်းကျင်စွာ လုပ်ဆောင်နိုင်ရန် စူးစိုက်မှု၊ စွမ်းအင်နှင့် စိတ်စွမ်းအားတို့ လိုအပ်ပါသည်။ နေ့စဉ် လေ့ကျင့်မှုဖြင့် အောင်မြင်သူများသည် အလေ့အထများကို ကျင့်စဉ်များအဖြစ် ပြောင်းလဲပစ်သည်။ သူတို့သည် ပိုမို၍ အားထုတ်မှုများလိုအပ်သော လုပ်ငန်းများတွင် သူတို့၏ အရင်းအမြစ်များကို အသုံးချနိုင်ရန် အလိုအလျှောက်လုပ်နိုင်သော အဆင့် သို့ ရောက်ရှိသွားပါသည်။

သူတို့၏ ရည်မှန်းချက်ပန်းတိုင်များနှင့်ပတ်သက်၍ လေးနက်စွာ စဉ်းစားစီစဉ်ပြီး မဟာဗျူဟာခင်းကျင်းပြီးနောက် အောင်မြင်သူများသည် နံနက်စောစောတွင် စိန်ခေါ်မှုအများဆုံးရှိသော်လည်း အကျိုးကျေးဇူးရှိသည့် လုပ်ငန်းများကို အာရုံစူးစိုက်မှုရှိသော ဆောင်ရွက်ချက်များ ဖြင့် စတင်ပြုလုပ်ပါသည်။ ဒါမှလည်း အရင်းအမြစ်လိုအပ်မှု လျော့နည်းသော လုပ်ငန်းများကို ထိုနေ့၏ နောက်ပိုင်းအချိန်များ၌ အဆုံးသတ် လုပ်ဆောင်နိုင်မှာဖြစ်ပါသည်။ စိတ်စွမ်းအင်သည် နံနက်ခင်းချိန်၌ အမြင့်ဆုံးဖြစ်ပြီး တစ်နေ့တာ၏ နောက်ပိုင်းအချိန်များ၌ လျော့နည်း လာသည်ဟု သိပ္ပံပညာက သက်သေပြပြီး ဖြစ်ပါသည်။

၈။ သူတို့သည် ပြိုင်ဘက်များထက် သင်ယူရာ၌ သာလွန်သည်။

အောင်မြင်သောသူများသည် သူတို့ပတ်ဝန်းကျင်ရှိ လူတိုင်းထက် သင်ယူရာ၌ သာလွန်ပါသည်။ သူတို့သည် သင်ယူခြင်းကို စွဲလန်း နှစ်သက်ကြသည်။ သူတို့သည် စာဖတ်ခြင်းကို လောဘကြီးသူများဖြစ်ကြသည်။ Barack Obama, Winston Churchill, Mahatama Gandhi နှင့် Disney ၏ CEO Bob Iger တို့သည် စာဖတ်ပြီး သင်ယူကြပါသည်။ သူတို့သည် သတင်းစာများ၊ စာအုပ်များ၊ audio books ၊ ဂျာနယ်များနှင့် Harvard Business Review ၊ Inc (သို့) Forbes ကဲ့သို့သော မဂ္ဂဇင်းများကို အပြီးတိုင်ဖတ်ပါသည်။ သူတို့လောက် စိတ်နှစ်မြှုပ်ထားခြင်းမရှိသော သက်တူရွယ်တူများကတော့ အဓိပ္ပာယ်မရှိသော ဖျော်ဖြေမှုများဖြင့် အချိန်ဖြုန်းနေကြပါသည်။

Inc.com မှ QUORA ၏ 8 Morning Rituals of the Most Successful People ကို ကိုးကာဘာသာပြန်ဆိုထားခြင်းဖြစ်ပါတယ်။

မူရင်းဆောင်းပါးကို ဤနေရာတွင် ဖတ်ရှုနိုင်ပါတယ်။

No comments:

Post a Comment