ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်
ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် သည် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၏ တပ်မတော်သားတစ်ဦးဖြစ်ပြီး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရာထူးနေရာ၌လက်ရှိတာဝန်ထမ်းဆောင်နေသူဖြစ်သည်။ ထို့အပြင် လက်ရှိအချိန်တွင် နိုင်ငံတော်ဝန်ကြီးချုပ် တာဝန်ကိုပါ ရယူထားသူဖြစ်သည်။
သူသည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရာထူးကို
၂၀၁၁ ခုနှစ် မတ်လ ၃၀ ရက်နေ့တွင် လက်ခံခဲ့သည်။ သူသည် နိုင်ငံတော်သမ္မတ ဦးဆောင်သောအဖွဲ့ဝင်(၁၁)ဦးပါဝင်သည့် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏
(NDSC) ၏အဖွဲ့ဝင်လည်းဖြစ်သည်။ သူသည်ယခင်က
မြန်မာနိုင်ငံကာကွယ်ရေးဝန်ကြီးဌာန၏
ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ)ဖြစ်သည်။ ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှု စွပ်စွဲချက်များ
တွက်အဓိကတာဝန်ရှိသူလည်းဖြစ်သည်။၂၀၂၁ခုနှစ်ဖေဖော်ဝါရီ၁ရက်နေ့မှစတင်၍ တပ်မတော်အာဏာသိမ်း ခေါင်းဆောင်
တစ်ဦးဖြစ်လာခဲ့သည်။
ဗိုလ်ချုပ်မှူးကြီး
မင်းအောင်လှိုင် (ကြည်း ၁၄၂၃၂) ကို ခရစ်နှစ် ၁၉၅၅-ခုနှစ်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် ဖွားမြင်သည်။ ဖခင်ဖြစ်သူ ဦးသောင်းလှိုင်မှာ ဌာနဆိုင်ရာ
အင်ဂျင်နီယာတစ်ဦး ဖြစ်သည်။ တက္ကသိုလ်ဝင်တန်းကို အ.ထ.က(၁)လသာ (Central) ကျောင်းမှ အောင်မြင်ခဲ့သည်။ ၁၉၇၃-၇၄ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် ဥပဒေပညာ တက်ရောက်သင်ကြားရင်း ၁၉၇၄ ခုနှစ်တွင် စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အပတ်စဉ်(၁၉) ဝင်ခွင့်ရရှိခဲ့ရာ ပြင်ဦးလွင်မြို့ရှိ စစ်တက္ကသိုလ်သို့ တက်ရောက်သည်။ အရာရှိငယ်ဘဝတွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်
အမှတ်(၈၆) ခြေလျင်တပ်ရင်းတွင် ထမ်းဆောင်ခဲ့ဖူးသည်။ (အမှတ်(၃၆၉)ခြေမြန်တပ်ရင်း)နမခလက်အောက်ခံတပ်ရင်း
တပ်ရင်းမှူး၊ အမှတ်(၃၃) ခြေမြန်တပ်မဌာနချုပ်တွင် စစ်ဦးစီးမှူး(ပထမတန်း)နှင့် နည်းဗျူဟာမှူး
တာဝန်များ၊ အမှတ်(၄၄) ခြေမြန်တပ်မဌာနချုပ် တပ်မမှူး၊ စစ်တက္ကသိုလ် ကျောင်းအုပ်ကြီး၊
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး တာဝန်များအပြင်
အမှတ်(၂) စစ်ဆင်ရေးအထူးအဖွဲ့မှူးတာဝန်ကိုပါ ထမ်းဆောင်ခဲ့သည်။ ၂၀၁၀ အထွေထွေရွေးကောက်ပွဲကာလတွင်
ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဖြစ်လာပြီး ၂၀၁၁ မတ် ၃၁ မှ စတင်ကာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရာထူးကို ဗိုလ်ချုပ်ကြီး အဆင့်ဖြင့် စတင် တာဝန် ထမ်းဆောင်ခဲ့သည်။
၂၀၁၁ခုနှစ်
မတ်လ ၃၀ရက်နေ့တွင် နအဖအစိုးရမှ ဦးသိန်းစိန်အစိုးရအသစ်ထံ
တရားဝင် အာဏာလွှဲပြောင်းပေးအပ်ချိန်တွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှာ
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဖြစ်လာသည်။ သူသည် သူ့ထက် ပို၍ဝါကြီးသောသူများကို
ကျော်ဖြတ်၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဖြစ်လာခဲ့သည်။တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖြစ်လာချိန်တွင်သူသည်ဗိုလ်ချုပ်ကြီးအဆင့်သာဖြစ်သေးသည်။ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖြစ်သူဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည်လည်းဗိုလ်ချုပ်အဆင့်သာဖြစ်သေးသည်။
၎င်းတိုကို ခန့်အပ်ကြောင်းကို တရားဝင် လူသိရှင်ကြား ကြေညာခဲ့ခြင်းမရှိပဲ ထိုနေ့က
လွှတ်တော်အစည်းအဝေးကျင်းပမှသာ တရားဝင်သိရှိခဲ့ကြရသည်။
၂၀၁၂ခုနှစ် ဧပြီလတွင် ထုတ်ဝေသော နိုင်ငံပိုင်သတင်းစာတွင်
ဖော်ပြထားသော သတင်း၌ အာဆီယံထိပ်သီးအစည်းအဝေးတက်ရောက်ရန်
ထွက်ခွာသွားသော နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကို
လေဆိပ်၌လိုက်ပါ ပို့ဆောင်သူများစာရင်းတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်
ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟု ပါရှိခဲ့သည်။ ထို့ကြောင့်
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဗိုလ်ချုပ်ကြီးအဆင့်မှ
ဒုတိယဗိုလ်ချုပ်မှူးကြီး ဖြစ်လာခဲ့သည်။
၂၀၁၁ မှ ၂၀၁၆အတွင်း အစိုးရနှင့် တပ်မတော်သည်
ဆက်ဆံရေးကောင်းမွန်ခဲ့သည်။ အစိုးရပိုင်းမှ နိုင်ငံတော်ဝန်ကြီးချုပ်ဟောင်း
ဗိုလ်ချုပ်ကြီးအငြိမ်းစားဖြစ်သူ သမ္မတဦးသိန်းစိန်သည် ဗိုလ်ချုပ်မှူးကြီးထက်
ဝါပိုရင့်သူဖြစ်သည်။ ဗိုလ်ချုပ်မှူးကြီးသည် ဤကာလအတွင်း နိုင်ငံရေးတွင်
ဝင်ရောက်စွက်ဖက်ခြင်းမရှိပဲတပ်မတော်ပိုင်းတွင်သာအားစိုက်ခဲ့သည်။သို့သော် ကြံ့ခိုင်ရေးပါတီအတွင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း အားပြိုင်ရာတွင်ဦးသိန်းစိန်ဘက်မှရပ်တည်ခဲ့သည်။
ဗိုလ်ချုပ်မှူးကြီးသည်
အသက်(၆၀)ပြည့်ရန် နီးကပ်လာချိန်တွင် ၂၀၁၄ခုနှစ်၌ ကကနကောင်စီညွှန်ကြားလွှာ ၄/၂၀၁၄အရ
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဒုတိယကာကွယ်ရေးဦးစီးချုပ်တို့၏ တာဝန်ထမ်းဆောင်နိုင်သော
အသက်ကို ၆၅နှစ်အထိ တိုးမြှင့်လိုက်သည်။ ထို့ကြောင့် ဗိုလ်ချုပ်မှူးကြီးသည်
၂၀၂၁ခုနှစ်အထိ တာဝန်ထမ်းဆောင်နိုင်မည်ဖြစ်သည်။
၂၀၁၅ရွေးကောက်ပွဲပြီးနောက်၂၀၁၆ခုနှစ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်သောဦးထင်ကျော်အစိုးရ တက်လာခဲ့သည်။ဗိုလ်ချုပ်မှူးကြီးသည်ထိုအစိုးရလက်ထက်တွင်လည်းတပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ်
ဆက်လက် တာဝန်ယူခဲ့သည်။
၂၀၁၇ခုနှစ်အတွင်း
အေအာအက်စ်အေ အကြမ်းဖက်အဖွဲ့၏ ရခိုင်ပြည်နယ်မြောက်ပိုင်းတွင်
ဝင်ရောက်တိုက်ခိုက်မှုကို မြန်မာလုံခြုံရေးတပ်ဖွဲ့များက ပြန်လည်တုံ့ပြန်ကြရာ
ဒုက္ခသည် ၇သိန်းကျော် ဘင်္ဂလားဒေရှ့်နိုင်ငံအတွင်း ထွက်ပြေးသွားခဲ့ကြသည်။
ရခိုင်အရေးနှင့် ပက်သက်သက်၍ သူ့အား အမေရိကန်အပါအဝင် နိုင်ငံတကာမှ
ဒဏ်ခတ်ပိတ်ဆို့ခဲ့ရာ သူ့အနေဖြင့် ဥပဒေများအတိုင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကာ နိုင်ငံတကာက
ယခုလို ဝင်ရောက်စွက်ဖက်ခြင်းကို လက်မခံဟု ဗိုလ်ချုပ်မှူးကြီးက တုံ့ပြန်ခဲ့သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရ သက်တမ်းကြာရှည်လာသည်နှင့်အမျှ တပ်မတော်နှင့် အစိုးရအကြား
ပွတ်တိုက်မှုများ မြင့်တက်လာခဲ့သည်။၂၁ရာစုပင်လုံညီလာခံ ဖွင့်ပွဲအခမ်းအနားတစ်ခုတွင်
မိန့်ခွန်းပြောကြားရာ လက်ရှိအစိုးရကို ဗကပနှင့်
နှိုင်းယှဉ်ခဲ့ပြီး "ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်းဖို့
မကြိုးစားပါနဲ့"ဟု ပြောကြားခဲ့သည်။ လက်ရှိပြည်တွင်းစစ်ကို တပ်မတော်နှင့်
တိုင်းရင်းသားလက်နက်ကိုင်များအကြား ပဋိပက္ခအဖြစ် သတ်မှတ်ပြီး အစိုးရက
ကြားဝင်ဖျန်ဖြေသူအဖြစ် ပုံမဖော်ရန်၊ တပ်မတော်ကိုသာ အပြစ်ပုံမချရန် ပြောဆိုခဲ့သည်။ ပြည်တွင်းငြိမ်းချမ်းရေးနှင့်
ပက်သက်၍ အစိုးရ၏ လုပ်ဆောင်ချက်များကို တပ်မတော်မှ လူသိရှင်ကြား ဝေဖန်လာခဲ့သည်။
တပ်မတော်ဘက်မှ သတင်းစာရှင်းလင်းပွဲများတွင် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ
ဗိုလ်မှူးချုပ် ဇော်မင်းထွန်းနှင့်
အစိုးရဘက်သတင်းစာရှင်းလင်းပွဲများတွင် ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးတို့သည်
၎င်းတို့၏ သက်ဆိုင်ရာ သဘောထားများကို ပြောကြားရာတွင် မကြာခဏ
တင်းမာမှုများရှိခဲ့သည်။ဥပမာ- တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏
အဆင့်သတ်မှတ်ချက်ကိစ္စနှင့် ၂၀၂၀ရွေးကောက်ပွဲအပြီးများတွင်ဖြစ်သည်။
၂၀၁၇ခုနှစ်အတွင်းက ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက
ကာကွယ်ရေးဦးစီးချုပ်သည် ညွှန်ကြားရေးမှူးချုပ်အဆင့်သာဖြစ်ကြောင်းပြောကြားခဲ့သည်။
ထို့ကြောင့် တပ်မတော်ဘက်မှ နိုင်ငံတော်အစိုးရမှ ထုတ်ပြန်သည့် ပြည်ထောင်စုအင်္ဂါစဉ်အရ
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် အဆင့် (၈)ဖြစ်ကာ ပြည်ထောင်စုအဆင့်တာဝန်ထမ်းဆောင်နေသူဟု
ပြန်လည်ထုတ်ပြန်ခဲ့သည်။
၂၀၂၀ပြည့်နှစ် နိုဝင်ဘာ ၄ရက်နေ့တွင် နိုင်ငံတော်သမ္မတအိမ်တော် သတင်းစာရှင်းလင်းပွဲတွင်
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို ရည်ညွှန်းကာ နိုင်ငံဝန်ထမ်းများသည် ပါတီနိုင်ငံရေး
ကင်းရှင်းရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ နိုဝင်ဘာ ၅ရက်နေ့တွင် တပ်မတော်မှ
ကာကွယ်ရေးဦးစီးချုပ်သည် သာမန်ဝန်ထမ်းမဟုတ်ဘဲ အမျိုးသားနိုင်ငံရေးကဏ္ဍတွင်
ဦးဆောင်သူဖြစ်သဖြင့် ၎င်း၏တာဝန်အပေါ် လေးစားအသိအမှတ်ပြုရန် ထုတ်ပြန်ခဲ့သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေအရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ အုပ်ချုပ်ရေးပိုင်းကဏ္ဍတွင်
လုပ်ပိုင်ခွင့်များ၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီတွင် ပါဝင်မှု၊
ဖွဲ့စည်းပုံအခြေခံဥပဒေစတင်ရာ အမျိုးသားညီလာခံများတွင် ချမှတ်သည့်
အခြေခံမူများနှင့် အသေးစိတ်အခြေခံရမည့် မူများစာအုပ်အရ
နပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ အဆင့်သတ်မှတ်ရာတွင် မှီငြမ်းပြုနိုင်ရေးအတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို ဒုတိယသမ္မတအဆင့်
သတ်မှတ်သည်ဟု အခြေခံမူ သတ်မှတ်ခဲ့သဖြင့် ကာကွယ်ရေးဦးစီးချုပ်သည်
နိုင်ငံဝန်ထမ်းမဟုတ်သည့် အမျိုးသားနိုင်ငံရေးအဆင့်အတန်းကို
သတ်မှတ်ထားခြင်းဖြစ်သည်ဟု ပြန်လည်ပြောကြားခဲ့သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရများ သက်တမ်းတွင်
ကာလုံဟုခေါ်သော အမျိုးသားကာကွယ်ရေးနှင့်
လုံခြုံရေးကောင်စီကို တစ်ကြိမ်မျှမခေါ်ခဲ့ပေ။
ဗိုလ်ချုပ်မှူးကြီးက ၎င်းတွင် နှစ်ပေါင်း (၄၀)ကျော်ကြာ
အုပ်ချုပ်ရေး အတွေ့အကြုံများစွာရှိကြောင်း၊ ထိုအတွေ့အကြုံများကို လက်တွေ့
အသုံးချရန် အသင့်ရှိကြောင်း အမြဲပြောဆိုခဲ့သည်။ နိုင်ငံခြားသတင်းထောက်နှင့်
တွေ့ဆုံမေးမြန်းခန်းတစ်ခုတွင် သူ့အနေဖြင့် လက်ရှိရာထူးထက် ပို၍မြင့်သော တာဝန်ကို
ထမ်းဆောင်ရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။၂၀၂၀ရွေးကောက်ပွဲမစမီတွင်
ကာကွယ်ရေးဦးစီးချုပ်နှင့် နိုင်ငံရေးပါတီ (၃၄)ခုတို့ တွေ့ဆုံခဲ့ရာ ပါတီအချို့မှ
လက်ရှိရွေးကောက်ပွဲကော်မရှင်မှာ ဘက်လိုက်နေကြောင်း၊ လွတ်လပ်ပြီး တရားမျှတသော
ရွေးကောက်ပွဲမဖြစ်နိုင်ကြောင်းနှင့် တပ်မတော်မှ အာဏာရယူပြီး ရွေးကောက်ပွဲကျင်းပပေးစေလိုကြောင်း
ပြောကြားခဲ့သည်။
ရွေးကောက်ပွဲအပြီး၂၀၂၁ခုနှစ်ဇန်နဝါရီလတွင်မြန်မာ့နိုင်ငံရေးသည်အတင်းမာဆုံးအခြေအနေဖြစ်လာခဲ့
သည်။ တပ်မတော်မှ ရွေးကောက်ပွဲနှင့် ပက်သက်၍ တောက်လျှောက်ပြောဆိုလာခဲ့ပြီး
အစိုးရနှင့် ရွေးကောက်ပွဲကော်မရှင်အား တောင်းဆိုမှုများ ရှိလာခဲ့သည်။ သို့သော်
အစိုးရမှ တရားဝင် ပြန်လည်ဖြေကြားခြင်း မရှိခဲ့ပေ။၂၀၂၁ခုနှစ် ဇန်နဝါရီ ၂၇ရက်နေ့က နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှ
နည်းပြအရာရှိများနှင့် သင်တန်းသားများကို တွေ့ဆုံရာ တစ်ချို့မှာ ဥပဒေကို လိုရာဆွဲ၍
လုပ်နေသဖြင့် အကျိုးထက် အဆိုးကို ဖြစ်ပေါ်စေကြောင်း၊ ဥပဒေကို မလိုက်နာပါက
ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်ပစ်နိုင်ကြောင်း ပြောကြားခဲ့သည်။ ထို့အပြင်
တပ်မတော်၏ သတင်းစာရှင်းလင်းပွဲတွင် ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက
တပ်မတော်အနေဖြင့် အာဏာမသိမ်းဘူးဟု မှတ်ယူ၍မရကြောင်း ပြန်လည်ဖြေကြားခဲ့သည်။ ဇန်နဝါရီလ
၂၈ရက်နေ့တွင် ဗိုလ်ချုပ်မှူးကြီးက ၎င်း၏သဘောထားကို
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ထံ စာရေးသား ပေးပို့ခဲ့သည်ဟု သတင်းများ
ထွက်ပေါ်ခဲ့သည်။ ထိုစာတွင် မဲစာရင်းမှားယွင်းမှုများကို ပြန်၍စစ်ဆေးပေးရန်နှင့်
တတိယအကြိမ်လွှတ်တော်များအား သမ္မတ၏အာဏာဖြင့် ဆိုင်းငံ့ပေးရန်တို့ ပါဝင်သည်။
ထိုရက်ပိုင်းအတွင်း မြို့ကြီးအချို့၌ တပ်မတော်၏ သံချပ်ကာယာဉ်များ
လှည့်လည်သွားလာမှုများ ပေါ်ပေါက်လာခဲ့သည်။ ဖေဖော်ဝါရီ (၁)ရက်နေ့
နံနက်အစောပိုင်းတွင် တပ်မတော်မှ အာဏာသိမ်းယူခဲ့သည်။ ထို့နေ့တွင်
နိုင်ငံတော်သမ္မတရုံး၏အမိန့်အမှတ်၁/၂၀၂၁အရအာဏာသုံးရပ်ကိုတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ
လွှဲပြောင်းပေးခဲ့သည်။
၂၀၂၁ခုနှစ်ဖေဖော်ဝါရီလ၁ရက်နေ့တွင် အာဏာသိမ်းယူပြီးနောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည်
အာဏာ(၃)ရပ်ကိုချုပ်ကိုင်သူဖြစ်လာခဲ့သည်။ဖေဖော်ဝါရီလ(၂)ရက်နေ့မှစတင်ကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို
ဖွဲ့စည်းကာ ဥက္ကဋ္ဌအဖြစ်
ဆောင်ရွက်သည်။ ပြည်ထောင်စုဝန်ကြီးများကို ခန့်အပ်ခဲ့သည်။ ယာယီသမ္မတ ဦးမြင့်ဆွေမှာ
အစည်းအဝေးပွဲတစ်ခုတွင်သာ တွေ့ခဲ့ရပြီး လူမြင်ကွင်းမှ ပျောက်သွားခဲ့သည်။
နောက်ပိုင်းတွင် အုပ်ချုပ်ရေးပိုင်းအလုံးစုံကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှ
ဆောင်ရွက်ခဲ့သည်။ အာဏာသိမ်းခြင်းအတွက်
အချို့နိုင်ငံများမှ စိုးရိမ်ကြောင်း ပြောကြားခဲ့ပြီး အချို့နိုင်ငံများက
ဖမ်းဆီးထားသူများကို လွှတ်ပေးရန် ပြောကြားခဲ့သည်။ မြန်မာပြည်အရေးနှင့်
အာဆီယံခေါင်းဆောင်များအကြား အရေးပေါ်အစည်းအဝေးတစ်ရပ်ကို အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပခဲ့ရာ
ထိုပွဲသို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ခဲ့သည်။ဤသည်မှာ
အာဏာသိမ်းပိုက်ပြီးနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ပထမဆုံးသော
ပြည်ပခရီးစဉ်ဖြစ်သည်။
၂၀၂၁ခုနှစ်
ဩဂုတ်လ (၁)ရက်နေ့တွင် အိမ်စောင့်အစိုးရအဖြစ်
ပြောင်း၍ဖွဲ့စည်းခဲ့ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် နိုင်ငံတော်ဝန်ကြီးချုပ်
တာဝန်ကိုပါ ပူးတွဲထမ်းဆောင်ခဲ့သည်။ အိမ်စောင့်အစိုးရအနေဖြင့် ၂၀၂၃ခုနှစ်
ဩဂုတ်လအထိ တာဝန်ယူမည်ဖြစ်ပြီး ၂၀၂၃ခုနှစ်တွင် ရွေးကောက်ပွဲ
ပြန်လည်ကျင်းပပေးမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။၂၀၂၁ခုနှစ်စက်တင်ဘာလအထိဗိုလ်ချုပ်မှူးကြီးဦးဆောင်သော
အိမ်စောင့်အစိုးရနှင့် အမျိုးသားညီညွတ်ရေးအစိုးရတို့သည်
နိုင်ငံတကာ မျက်နှာစာတွင် အသိအမှတ်ပြုခံရရေး ကြိုးစားနေကြဆဲဖြစ်သည်။
ကုလသမဂ္ဂ
လူ့အခွင့်ရေးကောင်စီက မင်းအောင်လှိုင်၏ မြန်မာစစ်သားများသည် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်က
အရပ်သားများကို တမင်တကာ ပစ်မှတ်ထားခဲ့ကြကြောင်း၊ ရိုဟင်ဂျာအမျိုးသမီးများကို အဓမ္မပြုကျင့်ခဲ့ကြောင်း၊
အရပ်သားများကိုပစ်ခတ်ကြောင်းနှင့် ရခိုင်ပြည်နယ်အတွင်းရှိ ကျေးရွာများ မီးရှို့ကြောင်း
အစီရင်ခံ သတင်းထုတ်ပြန်ခဲ့သည်။ အဆိုပါလုပ်ရပ်များသည် လူ့အခွင့်အရေးချိုးဖောက်မှု၊
စစ်ရာဇဝတ်မှုနှင့် လူမျိုးတုံးသတ်ဖြတ်မှုများ ဖြစ်သည်ဟု ဆိုခဲ့ကြသည်။
၁၉၉၈ |
ဒုတိယဗိုလ်မှူးကြီး |
စစ်ဦးစီးအရာရှိ (ပထမတန်း) |
|
၁၉၉၉ |
ဗိုလ်မှူးကြီး |
နည်းဗျူဟာမှူး |
|
၂၀၀၂ |
ဗိုလ်မှူးချုပ် |
တပ်မမှူး |
|
၂၀၀၃ ဩဂုတ် |
ဗိုလ်မှူးချုပ် |
ကျောင်းအုပ်ကြီး |
|
၂၀၀၄ နိုဝင်ဘာ |
ဗိုလ်ချုပ် |
တိုင်းမှူး |
|
၂၀၀၆ |
ဗိုလ်ချုပ် |
တိုင်းမှူး |
|
၂၀၀၇ |
ဗိုလ်ချုပ် |
||
၂၀၀၈ |
ဒုတိယဗိုလ်ချုပ်ကြီး |
||
၂၀၁၀ ဩဂုတ် |
ဒုတိယဗိုလ်ချုပ်ကြီး |
ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း/ ရေ/ လေ) |
|
၂၀၁၁ မတ် |
ဗိုလ်ချူပ်ကြီး |
||
၂၀၁၂ ဧပြီ ၃ |
ဒုတိယဗိုလ်ချုပ်မှူးကြီး |
||
၂၀၁၃ မတ် |
ဗိုလ်ချုပ်မှူးကြီး |
Source:
Wikipedia
No comments:
Post a Comment