Thursday, November 18, 2021

ဂိုဏ်းစွဲ

ဂိုဏ်းစွဲ

အိမ်နီးချင်း ကလေးတချို့က လာမေးတယ်။ ဒီနှစ်ဆယ်တန်းဖြေသင့်လား ... တဲ့။ "ဖြေသင့်တာပေါ့ သားရယ်... ဆယ်တန်းမအောင်ဘဲ အမတ်ဖြစ်နိုင်တဲ့ NLD က ခေတ်ကုန်သွားပြီ" လို့ ပြောလိုက်တယ်။ ဟုတ်တယ်လေ... ဒီလှိုင်းဂျာနယ်ဖတ်ရင် နိုင်ငံရေး လုပ်လို့ရတဲ့ သုံးတန်းအမတ်ခေတ်က (၂၀၁၅ - ၂၀) ထိပဲ ခံလိုက်တာကိုး။

NLD အလံသာခြုံလိုက်ရင် ဆိုက်ကားသမားလည်း အမတ်ဖြစ်မှာပဲ။ တိုင်းပြည်အတွက် ဘာတစ်ခုမှ ဖြစ်ဖြစ်မြောက်မြောက်မလုပ်နိုင်တဲ့ ခြင်းသမားကို တစ်လသိန်းငါးဆယ်နဲ့ သမ္မတ အဆောင်အယောင် ပေးရလည်း ကျေနပ်တယ်။ ငါတို့အစိုးရဖြစ်ရရင် ပြီးတာပဲ။ ငါတို့အစိုးရမဖြစ်ရရင် ကျောင်းမတက်ကြနဲ့၊ စာမသင်ကြနဲ့၊ မီတာခ မဆောင်ကြနဲ့၊ ဝန်ထမ်းဖြစ်ရင်လည်း အလုပ်မလုပ်ကြနဲ့ စသည်ဖြင့် ကိုယ့်အုပ်စုမှ အကောင်း၊ တစ်ဖက်အုပ်စု ဘာလုပ်လုပ် မျက်မုန်းကျိုး၊ ကန့်လန့်တိုက် ဖျက်ဆီးတာကျတော့ 'ဂိုဏ်းဂဏ အသင်းအဖွဲ့စွဲ' (Bigotry) လို့ ခေါ်ပါတယ်။

ကိုယ်ကိုယ်တိုင်ကတောင် ပညာတတ် လူ့စွမ်းအားအရင်းအမြစ် အားနည်းလွန်းလို့ လူကိုမကြည့်ပါနဲ့၊ ပါတီကိုပဲ ကြည့်ပါ - ဆိုပြီး မျက်နှာပြောင်တိုက် မဲဆွယ်ခဲ့ရတဲ့ ဒေါ်စုကြည်နဲ့ သူ့လူတွေဟာ အခု သူတို့ ပြုတ်ကျသွားချိန်မှာလည်း ကလေးတွေကို ပညာသင်ခွင့် မပေးချင်ကြပြန်ပါဘူး။ ဒီတော့ မြိုင်မြိုင်ဆိုင်ဆိုင် မှိုင်းတိုက်ကြပါတော့တယ်။

လက်ရှိ ပညာသင်နှစ်မှာ ဆယ်တန်းအောင်သွားပါတယ်လို့ ပြောရမှာ ရှက်ရသတဲ့။

သုံးတန်းအမတ်တွေ၊ ဘွဲ့မရတဲ့ဝန်ကြီးချုပ်တွေက ပညာမတတ်ဘဲ နိုင်ငံကို ဦးဆောင်ခဲ့လို့ ရှက်မိပါတယ်လို့ ပြောတာ ကြားဖူးသလား။

အလုပ် မည်မည်ရရမလုပ်ဘဲ ခြင်းခတ်၊ ဘုန်းတော်ဖွဲ့နေတဲ့ သမ္မတက ပြစရာအောင်မြင်မှုမရှိတဲ့ သူ့သမ္မတသက်တမ်းအတွက် ရှက်ရပါတယ်လို့ပြောတာ ကြားဖူးသလား။

ရွေးကောက်ပွဲလုပ်ပေမဲ့ မဲမခိုးဘဲ သန့်ရှင်းမျှတပါတယ်လို့ သက်သေမပြနိုင်တဲ့ NLD က သူတို့ရဲ့ မဲခိုးပွဲကြီးအတွက် အရှက်ရ ရပါတယ်လို့ ပြောတာ ကြားဖူးသလား။

NLD သာဖြစ်ရင် ဘယ်လောက် ယုတ်မာညစ်ညမ်းပါစေ၊ အဆင်ပြေနေသတဲ့လား။ အပြစ်မရှိတဲ့ ကလေးတွေကျမှ ပညာသင်တာ၊ ကျောင်းတက်တာ၊ စာမေးပွဲ ဖြေဆိုရမှာ ရှက်ရမယ်တဲ့လား။ ဒီလောက် ယုတ်မာဖို့တော့ မလိုအပ်ဘူးထင်ပါတယ်။

တချို့‌ကလေးတွေက မေးတယ်။ ဖြေတဲ့လူတိုင်း အောင်မှာဆို - တဲ့။ ဘယ်သူပြောတာလဲ။ ပညာရေးဝန်ကြီးက ပြောတာလား လို့ ပြန်မေးလိုက်တယ်။ အခုက အောင်စာရင်းထွက်ဖို့နေနေသာသာ စာမေးပွဲတောင် မကျင်းပရသေးပါဘူး။ အပြတ်အသတ်၊ ရာနှုန်းပြည့်အောင်ချက်ရချင်ရအောင် တက္ကသိုလ်ဝင် စာမေးပွဲဆိုတာ ဒေါ်စုကြည် ကမကထပြုတဲ့ ရွေးကောက်ပွဲမဟုတ်ပါဘူး။ ဘယ်သူမှမပြောတဲ့ စကားတွေနဲ့ ကလေးတွေကို မှိုင်းမတိုက်ပါနဲ့။

ဒီထက်ပိုဆိုးတာက စာသိပ်တော်တဲ့ ကလေးတွေက ဆယ်တန်းအတွက် ကိုးတန်းကတည်းက ပြင်ဆင်လာတာ၊ ကျောင်းတွေပိတ်ထားတော့ အနည်းဆုံး ပြင်ဆင်ချိန် သုံးနှစ်ရှိပြီ။ သို့သော် အိမ်စောင့်အစိုးရ ကျင်းပတဲ့ စာမေးပွဲမို့ မဖြေဘူး - တဲ့။

ဖြေခြင်း၊ မဖြေခြင်းက အဆိုပါ ကျောင်းသူရဲ့ လွတ်လပ်ခွင့်ပါ။ သို့သော် မဖြေဆိုလို့များ စနစ်သစ်နဲ့ ဆက်တက်ရရင် သူကျက်ထားသမျှ စာတွေအကုန် အလဟဿဖြစ်ပါပြီ။ သင်ရိုးသစ်က အဟောင်းနဲ့ ဘာမှမဆိုင်ပါဘူး။

ဒုတိယတစ်ချက်က အသက်သိပ်ကြီးသွားမှာပါ။ ကျောင်းတွေပိတ်ထားလို့ ဆယ်တန်းကျောင်းသား တစ်ယောက်ဟာ အနည်းဆုံး (၁၈) ဝန်းကျင်ပဲ ထားပါတော့၊ စနစ်သစ်နဲ့ ဆယ့်နှစ်တန်းပြန်တက်ရရင် သူဟာ အသက်နှစ်ဆယ်ကျော်မှ အထက်တန်းအောင်မှာဖြစ်တယ်။ တက္ကသိုလ်ဆက်တက်မယ်ဆိုရင် တွေးကြည့်ပေါ့။ အနည်းဆုံး အသက် (၂၅) နှစ် ဝန်းကျင်မှ ပထမဘွဲ့ ကို ရလိမ့်မယ်။

မိဘတွေကို ငဲ့ညှာသင့်ပါတယ်။

ဆိုလိုတာက အခွင့်အရေး ရရင် ရသလို စာလေ့လာထားတဲ့ ကျောင်းသားများအနေနဲ့ လာမယ့် တက္ကသိုလ်ဝင်စာမေးပွဲကို ဝင်ဖြေသင့်ပါတယ်။ ကိုယ်လေ့လာထားတာ ကိုယ်အသိဆုံးပါ။ ဘယ်သူပြောတာမှ အဖက်လုပ်စရာမလိုပါဘူး။ ထို့အတူ စာမေးပွဲဖြေဆိုသူများကိုလည်း ဘာမှ နှိမ်စရာအကြောင်းမရှိပါဘူး။  ပညာမတတ်တဲ့ ထောင်ထွက်တွေဟာ နိုင်ငံရေးပညာ ဝမ်းစာမဲ့တဲ့ NLD ပါတီကြီးထဲ အုံနဲ့ကျင်းနဲ့ ဝင်ခဲ့ကြဖူးပါတယ်။

လူကိုမကြည့်ပါနဲ့၊ ပါတီကိုပဲကြည့်ပါ - လို့တောင် အရည်အသွေး အာမခံချက်မဲ့ခဲ့ဖူးတယ်။ ဂျာနယ်ကိုင်ပြီး အဆိုတင်သွင်းတဲ့ လွှတ်တော်အမတ်တွေလည်း ရှိခဲ့ဖူးတယ်။ အဲဒီလိုအရာတွေ အားလုံးဟာ 'ပညာတတ် လူ့စွမ်းအားအရင်းအမြစ် ချို့တဲ့ရာမှာ' အခြေခံခဲ့တာပါ။

အဲဒီပါတီနဲ့ အဲဒီအုပ်စုကမှ ရှက်ဖွယ်လိလိ ဖြစ်ခဲ့တာ မဟုတ်ဘူးလား။ ရှက်တတ်ရမှာ မဟုတ်ဘူးလား။ ကျွန်တော်တို့ကတော့ နိမ့်ပါးနေပြီးသားလူတွေကို ထပ်မနှိမ်ဖို့ နားလည်ပြီးသားပါ။

ဒီတော့ ကျွန်တော် ပြောချင်တာက -

- ကျောင်းသူ ကျောင်းသားတွေမှာ လွတ်လပ်စွာ ရွေးချယ်ခွင့်ရှိပါတယ်။ ဒီ စာမေးပွဲကို ဝင်ဖြေပြီး ပညာရေးကို အားထည့်မလား။

- အကြောင်းပြချက်များစွာနဲ့ အခွင့်အရေးကို မိမိဘာသာ လက်လွတ်ခံပြီး အသက်ကြီးမှ ပထမဘွဲ့ယူချင်လား။ ရပါတယ်။ ပညာလို အိုသည်မရှိပါ။ မိဘက အချိန်အကြာကြီး ထောက်ပံ့ထားနိုင်ရင်တော့ ‌သဘောပါ။

- ကလေးတွေ မည်သို့ပင်ရွေးချယ်သည်ဖြစ်စေ၊ အာဏာရစဉ်က သမ္မတရဲ့ပညာသင်ဆု မပေးနိုင်ခဲ့သလို၊ အရည်အချင်းပြည့်တဲ့ လွှတ်တော်အမတ်တွေတောင် မခန့်အပ်နိုင်ခဲ့တဲ့ NLD နဲ့ ထောက်ခံသူများက ဘာမှ ဝေဖန်ပြစ်တင်ပိုင်ခွင့် မရှိပါဘူး။

- နိုင်ငံတော်အပေါ် စေတနာရော နိုင်ငံရေးသိက္ခာပါ မရှိတဲ့ NLD တွေက Bigotry ကိုကိုင်စွဲပြီး အိမ်စောင့်အစိုးရ ဘာလုပ်လုပ် ဖျက်ဆီးဖို့ကြံတယ်။ ဆရာ/ ဆရာမတွေကို စော်ကားတဲ့ ရိုင်းပျတဲ့ကျောင်းသားတွေကို ဘုံမြှောက်တယ်။ စာသင်ကျောင်းတွေကို ဖျက်ဆီးတယ်။

အဲဒါကအစ ပညာမတတ်ခြင်းရဲ့ ပြယုဂ်ပဲ။ သိက္ခာမဲ့ပြီး ဉာဏ်ရည်နိမ့်တာပါပဲ။ ဉာဏ်နည်းရာကစတဲ့ ရောဂါပဲ။ အဲဒီရောဂါဟာ အသိဉာဏ်နိမ့် လူတန်းစားကြီးတစ်ရပ်လုံးကို ကူးစက်ပြီး ပညာရေးကို ရန်လုပ်ကြတော့တာပါ။ အလားတူကိစ္စတွေထပ်မဖြစ်ဖို့ လူငယ်တွေ ပညာမြင့်ဖို့လိုတယ်။ သူတပါးရဲ့ ရပ်တည်ချက်ကိုလေးစားတတ်ဖို့လိုတယ်။ ယဉ်ကျေးဖို့လိုတယ်။

Thomas Jefferson က ပြောဖူးပါတယ်။

'Bigotry is the disease of ignorance, of morbid minds; enthusiasm of the free and buoyant. Education and free discussion are the antidotes of both.'

ဂိုဏ်းစွဲ ပါတီစွဲပြီး ငါတို့မှ ဓမ္မ၊ ငါတို့နဲ့မတူရင် အဓမ္မဆိုပြီး ဘုရားရှင်ကိုတောင် တက် ကန့်လန့်လိုက်တဲ့ထိ အဆိပ်တက် နိမ့်ပါးသွားတာတွေကို အဆုံးသတ်ဖို့ ပညာတတ်အောင်သင်ပါ။ ပညာရေးကို အားထည့်ပါ။ စိတ်ဓာတ်ကို မြင့်မားအောင်လေ့ကျင့်ပါ - လို့ အပြုသဘောဖြင့် တိုက်တွန်းလိုက်ပါတယ်။

လာမယ့် တက္ကသိုလ်ဝင် စာမေးပွဲကို ဝင်ရောက်ဖြေဆိုကြမယ့် ညီငယ် ညီမငယ်၊ ကျောင်းသားလူငယ်များအားလုံး ဘေးဘယာ ဝေးကွာ၍ အောင်ပန်းအဆင့်ဆင့် ဆွတ်ခူးနိုင်ကြပါစေ။

 

Credit: သန့်နေစိုး

 

No comments:

Post a Comment