Monday, February 15, 2016

သင့်တစ်သက်တာပျော်ရွှင်စေမယ့်ရိုးရှင်းသောနည်းလမ်း (၂၅) သွယ်




သင့်တစ်သက်တာပျော်ရွှင်စေမယ့်ရိုးရှင်းသောနည်းလမ်း (၂၅) သွယ်
  • Posted by whitesnowcool 
  •  
  • ဒီကမ္ဘကြီးမှာ မပျော်ရွှင်လိုတဲ့သူဆိုတာ ရှိကောင်းရှိနိုင်မှာ မဟုတ်ပါဘူး။ ကျွန်မတို့ဟာ လူတိုင်းပျော်ရွှင်ချင်ကြပေမယ့် လူတိုင်းတော့ မအောင်မြင်နိုင်ကြပါဘူး။ အဲဒါကြောင့် သင်တို့ရဲ့ တစ်သက်တာမှာ အနည်းဆုံးတော့ နည်းနည်းဖြစ်ဖြစ်ပိုမိုပျော်ရွှင်စေနိုင်မယ့် အောက်ပါ နည်းလမ်း (၂၅) သွယ်ကို တင်ပြလိုပါတယ်။
(၁) သူငယ်ချင်းများနှင့် စကားပြောခြင်း
သင့်ကိုကောင်းစွာနားလည်ပြီး သင်လိုအပ်တဲ့အချိန်တိုင်းမှာ အထောက်အကူပေးနိုင်တဲ့ သူငယ်ချင်းတွေနဲ့ စကားပြောဆိုခြင်းဟာလည်း စစ်မှန်တဲ့ ပျော်ရွှင်မှု တစ်ခုပဲ ဖြစ်ပါတယ်။

(၂) နှိပ်နယ်ခြင်း
သာသာယာယာနှိပ်နယ်ပေးခြင်းကို မလိုချင်တဲ့သူ ဘယ်သူများ ရှိပါသလဲ။ လူတိုင်းဟာ သာယာစွာ နှိပ်နယ်ပေးခြင်းကို ခံစားလိုကြ ပါတယ်။ Professional နှိပ်နယ်ပေးသူက ဖြစ်စေ(သို့) သင်တို့၏ ဇနီး/ခင်ပွန်း ကဖြစ်စေ ညင်သာစွာ နှိပ်နယ်ပေးခြင်းဟာ လူတိုင်းကို ပျော်ရွှင်စေပြီး ကောင်းမွန်သော ခံစားချက်ကို ရရှိစေပါတယ်။ အထူးသဖြင့် နှိပ်နယ်ပေးခြင်းကို ကြိုက်နှစ်သက်တဲ့ အမျိုးသမီး အများစု နဲ့ သက်ဆိုင်ပါတယ်။

(၃) လမ်းလျှောက်ခြင်း
အနည်းဆုံး တစ်နေ့ကိုတစ်နာရီ အပြင်မှာ လမ်းလျှောက်ပေးဖို့ လိုအပ်ပါတယ်။ လမ်းလျှောက်ခြင်းဟာ သင့်ရဲ့ စိတ်အခြေအနေ ကို တိုးတက် ကောင်းမွန်လာစေပါတယ်။ ဒါ့အပြင် ကျန်းမာကြံ့ခိုင်စေပြီး သင့်ကို အနည်းငယ် ပိုမိုပျော်ရွှင်လာအောင် ပြုလုပ်ပေးနိုင်ပါတယ်။

(၄) ဂီတ
ဂီတ ကို နေ့စဉ်နားထောင်သင့်ပါတယ်။ ဂန္တဝင်တေးသွားများ၊ ဒါမှမဟုတ် တေးသွားနှေးနှေးလေးတွေ နဲ့ သံစဉ်အေးအေးလေးတွေဟာ သင့်ကို အနားယူရန်နဲ့ ကောင်းမွန်တဲ့ ခံစားမှုရရှိနိုင်ရန် ကူညီပေးပါလိ့မ်မယ်။

(၅) အဆိုးမြင်မှုကို ရှောင်ကြဉ်ခြင်း
မကောင်းတဲ့ အကြောင်းအရာတွေကို တွေးတောခြင်းကို အခုပဲ ရပ်တန့်လိုက်ပါ။ ကြောက်စိတ်တွေကို ဖယ်ရှားလိုက်ပြီး အကောင်းမြင်ဖို့ ကြိုးစားပါ။ အဆိုးမြင်စေတဲ့ အကြောင်းအရာတွေဆွေးနွေးမှုကို ရှောင်ရှားလိုက်ပါ။ ဖြစ်နိုင်ရင် ရုပ်မြင်သံကြားမှာ မကောင်းတဲ့ သတင်းဆိုးတွေကို မကြည့်ပါနဲ့။ အဲဒီ အကြောင်းအရာ အားလုံးဟာ သင့်ကို စိတ်ဓါတ်ကျစေပြီး မပျော်ရွှင်အောင် ပြုလုပ်နိုင်လို့ပါပဲ။

(၆) အပန်းဖြေ ရေချိုးခြင်း
အကယ်၍များ သင်ဆန္ဒရှိရင်တော့ နှင်းဆီပွင့်ချပ်များ၊ ဆီအနည်းငယ်နှင့်အတူအပန်းဖြေရေချိုးဖို့ ပြင်ဆင်လိုက်ပါ။ သင့်ခန္ဓာကိုယ်ကို အနည်းငယ်အပန်းဖြေပေးခြင်းဟာ သင့်ကို အများကြီးပိုပြီးပျော်ရွှင်ခံစားမိစေမှာ ဖြစ်ပါတယ်။

(၇) တရားထိုင်ခြင်း
တရားထိုင်ခြင်းဟာ အခြားအပန်းဖြေတဲ့ အလေ့အကျင့်များနည်းတူ သင့်ရဲ့စွမ်းအင်အဆင့်တွေကို တိုးပွားလာစေပါတယ်။ တစ်နေ့ ကို တစ်ကြိမ်တော့ အနည်းဆုံး တရားထိုင်သင့်ပါတယ်။ သဘာဝအတိုင်း တရားထိုင်ခြင်းဟာ စိတ်အေးငြိမ်းမှု ရရှိရန်အတွက်လည်း လွန်စွာမှ အသုံးဝင်ပါတယ်။

(၈) ဈေးဝယ်ထွက်ခြင်း
အမျိုးသမီးတွေ အတွက်တော့ ဈေးဝယ်ထွက်ခြင်းဟာ အလွန်နှစ်သက်စရာ တစ်ခုဖြစ်ပါတယ်။ အမျိုးသားများအတွက်လည်း ဈေးဝယ် ထွက်ခြင်းဟာ ကောင်းမွန်တဲ့အရာတစ်ခု ဖြစ်နိုင်ပါတယ်။ ဈေးဝယ်ထွက်ခြင်းလို့ ဆိုတဲ့နေရာမှာ အဝတ်အစား တစ်ခုတည်း ဝယ်ဖို့ အတွက်ကို ဆိုလိုတာမဟုတ်ပါဘူး။ အခြားအရာများ အားလုံးလည်း ပါဝင်ပါတယ်။ သင့်အတွက် အသစ်အသစ်သော ပစ္စည်းတွေ ဝယ်ယူရတာကို နှစ်သက်တယ် မဟုတ်ပါလား။ ကျွန်မတို့အားလုံး ကြိုက်နှစ်သက်တဲ့ အရာဖြစ်လို့ ဈေးဝယ်ထွက်လိုက် ရအောင်လား။

(၉) ကခုန်ခြင်း
သင့်ရဲ့ စိတ်ဓါတ်တွေကို မြှင့်တင်ပေးဖို့အတွက်၊ သင့်ရဲ့ယောက်ျား/မိန်းမ ပီသမှုကို ပြသဖို့အတွက် နဲ့ ပိုမိုပျော်ရွှင်နိုင်စေဖို့ အတွက် မည်သည့် ကခုန်မှုမျိုးကို မဆို ပြုလုပ်ပေးခြင်းဟာ သင့်အတွက် ကြီးမားတဲ့ အကျိုးကျေးဇူးကိုပါ ရရှိစေပါတယ်။

(၁၀) ယောဂလေ့ကျင့်ခြင်း
ယောဂလေ့ကျင့်ခြင်းဟာ သင့်ရဲ့စိတ်ကို ချမ်းမြေ့စေပြီး စွမ်းအင်တွေကို ပိုမိုတိုးပွားစေပါတယ်။ ယောဂကို ပုံမှန်ပြုလုပ်ပေးခြင်းဖြင့် ပိုမို ပျော်ရွှင်တဲ့ဘဝကို ရရှိဖို့ အတွက် ကြီးမားတဲ့ ခြေလှမ်းတစ်ခုကို စတင်လိုက်တာပဲ ဖြစ်ပါတယ်။

(၁၁) အကူအညီပေးခြင်း။
အခြားသူများကို အကူအညီပေးခြင်းဟာ ပိုမိုပျော်ရွှင်ဖို့အတွက် ကောင်းမွန်တဲ့ နည်းလမ်းတစ်ခုပဲ ဖြစ်ပါတယ်။ ဒါဟာ ဘယ်လောက်မှ ထူးဆန်းတဲ့အရာတစ်ခု မဟုတ်ပါဘူး။ အခြားသူတွေကို ကူညီလိုက်ခြင်းဖြင့် အကောင်းမြင်မှုကို ခံစားရမှာဖြစ်ပြီး  သင်ကိုယ်တိုင်လည်း ကောင်းမွန်သော အရာတစ်ခု ပြုလုပ်နေတယ်ဆိုတာ ပိုမိုသိရှိခံစားလာရစေမှာ ဖြစ်ပါတယ်။

(၁၂) စာဖတ်ခြင်း
ကောင်းမွန်တဲ့ စာအုပ်တစ်အုပ်ကို ဖတ်ပါ။ လူတွေရဲ့ ဘဝအကြောင်းရေးသားထားတဲ့ စာအုပ်တွေကို ဖတ်ခြင်းဟာ အထူးသဖြင့် ဘဝအတွက် အသုံးဝင်လှပါတယ်။ သူတို့တွေရဲ့ ကံကြမ္မာ ဖြစ်စဉ်တွေကို လေ့လာခြင်းဖြင့် သင့်ရဲ့ကိုယ်ရည်ကိုယ်သွေးကို သင်ကိုယ်တိုင် ပိုမို ကောင်းမွန်စွာ နားလည် သဘောပေါက်လာနိုင်မှာ ဖြစ်ပါတယ်။

(၁၃) ချက်ပြုတ်ခြင်း
သင့်ရဲ့ ချစ်ခင်မြတ်နိုးရသူနဲ့ အတူတကွ ရှိနေတဲ့ အခါမှာ ချက်ပြုတ်ခြင်းဟာ ကောင်းမွန်သော အရာတစ်ခု ဖြစ်ပါတယ်။ အရာတစ်ခုကို အတူတူ ပြုလုပ်ခြင်းဟာလည်း နှစ်ယောက်လုံးအတွက် ပိုမိုပျော်ရွှင်မှုကို ခံစားမိစေဖို့ ကူညီပေးမှာ ဖြစ်ပါတယ်။

(၁၄) အိမ်
အိမ်ဟာ သင့်အတွက် အိပ်ရုံသာ အသုံးဝင်တဲ့နေရာ မဟုတ်ပါဘူး။ သင့်ရဲ့ အချိန်အများစုကုန်ဆုံးရာ၊ အနားယူရာ၊ ကလေးတွေကို ပြုစုစောင့်ရှောက်ရာ နေရာတစ်ခုလည်းပဲ ဖြစ်ပါတယ်။ ဒီတော့ သင့်အိမ်အတွက် တစ်ခုခုပြလုပ်ပေးပါ။ သင်တတ်နိုင်သမျှ အိမ်ကို သက်တောင့်သက်သာနဲ့ ကောင်းမွန်မှုရှိစေဖို့ ပြုလုပ်ပေးလိုက်ပါ။

(၁၅) အစီအစဉ်များ
သင့်ရဲ့အနာဂတ်အတွက် အစီအစဉ်တွေ ချမှတ်တာဟာ အားကောင်းတဲ့အရာပဲ ဖြစ်ပါတယ်။ အဲဒီအစီအစဉ်တွေ အကုန်လုံး ပြည့်စုံ ပြီးမြောက်မယ်လို့တော့ ဘယ်သူမှ အာမခံထားတာ မရှိပါဘူး။ ဒါပေမယ့် သင့်ရဲ့ အစီအစဉ်တွေ ပိုမိုကြီးမားလေလေ သင့်ဘဝမှာ အောင်မြင်ဖို့ အခွင့်အလမ်း ပိုမိုများလာလေလေ ပဲဖြစ်ပါတယ်။

(၁၆) ပျော်ပွဲစားထွက်ခြင်း
သင့်ရဲ့ မိသားစုသို့မဟုတ်မိတ်ဆွေတွေနဲ့အတူပျော်ပွဲစားထွက်ပါ။ သဘာဝအလှအပတွေကို ကြည့်ရှုရင်း၊ လတ်ဆတ်တဲ့လေအေးတွေကို ရှူရှိုက်ပြီး ပျော်ရွှင်စရာများကို ခံစားကြည့်ရင်းနဲ့ အပြင်မှာ တခါတရံ အချိန်ကုန်ဆုံးကြည့်ပါ။

(၁၇) ရေ
ကောင်းမွန်သောစိတ်ခံစားမှုတွေ ရရှိနိုင်ဖို့အတွက် အကောင်းဆုံးသော ပြုလုပ်ပေးသူကတော့ ရေ ပဲဖြစ်ပါတယ်။ ရေချိုးခန်း၊ ရေပန်း အစရှိသည်တို့မှာ ရေချိုးခြင်းက အစ ရေကန်တွေ ၊ ပင်လယ်တွေမှာ ရေကူးခြင်းအဆုံး ရေချိုးခြင်းဟာ ကောင်းမွန်သော အနားယူနည်း တစ်ခုဖြစ်ပြီး ပိုမိုစိတ်ချမ်းမြေ့မှုကို ခံစားရစေမှာ ဖြစ်ပါတယ်။

(၁၈) ကိုယ်လက်လှုပ်ရှုားမှုပြုလုပ်ခြင်း
ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ခြင်းသည် သင့်ကို ကျန်းမာကြံ့ခိုင်စေရုံသာမက သင့်ရဲ့ စိတ်အခြေအနေကိုတိုးတက်စေပြီး စိတ်ဖိစီးမှုများမှ လည်း လျော့ကျစေဖို့ များစွာ အထောက်အကူပြုမှာ ဖြစ်ပါတယ်။

(၁၉) ကျန်းမာသောလူနေမှုပုံစံ
မကောင်းတဲ့ အလေ့အကျင့်တွေဟာ သင့်ရဲ့ဘဝကို အဆိုးမြင်အောင် လွှမ်းမိုးနိုင်ပါတယ်။ အဲဒါကြာင့် မကောင်းတဲ့ အလေ့အကျင့်များ ဖြစ်တဲ့ ဆေးလိပ်သောက်ခြင်း၊ ပျင်းရိခြင်း၊ ရုပ်မြင်သံကြားကို အချိန်ကြာမြင့်စွာ ကြည့်ခြင်း စသည်တို့ကို မပြုလုပ်ဖို့ လိုအပ်ပါတယ်။ အဲဒါကြောင့် သင်ဟာကျန်းမာတဲ့ လူနေမှုပုံစံအတိုင်း မလိုက်နာဘူးဆိုရင်တော့ ပျော်ရွှင်မှုနဲ့ အလှမ်းဝေးနေအုံးမှာ အသေအချာပါပဲ။

(၂၀) ဒိုင်ယာရီ
ဒိုင်ယာရီ ရေးသားခြင်းဟာလည်း သင့်ရဲ့ အောင်မြင်မှုတွေနဲ့ ကျရှုံးမှုတွေ၊ အခြားသူတွေနဲ့ ဆက်ဆံရေး၊ အလုပ်အခြေအနေ အစရှိတဲ့ သင့်ကိုယ်တိုင်ရဲ့ အကြောင်းကို ပြန်လည်ဆန်းစစ်ဖို့ များစွာ အထောက်အကူ ပြုပါတယ်။ ဒိုင်ယာရီ ရေးသားခြင်းဟာ သင့်ကိုယ်သင် နားလည်ဖို့ အကောင်းဆုံးသော နည်းလမ်း တစ်ခုပါပဲ။

(၂၁) ကိုယ်ရေးကိုယ်တာ ဓါတ်ပုံများ
ဓါတ်ပုံအယ်လ်ဘမ်များ ထားရှိခြင်းဟာလည်း ဘဝရဲ့ အမှတ်တရတွေကို ပြန်လည်မှတ်မိစေပြီး အပျော်ရွှင်ဆုံးကာလတွေကို ပြန်လည် တွေးတောမိစေပါတယ်။ အဲဒါကြောင့် အခုပဲ ပျော်ရွှင်လိုက်ကြရအောင်လား။

(၂၂) ချစ်ခြင်းမေတ္တာ
ချစ်ခြင်းမေတ္တာ၊ ဟုတ်ပါတယ်၊ ချစ်ခြင်းမေတ္တာဟာ နာကျင်ရပါတယ်။ ဒါပေမယ့်လည်း ချစ်ခြင်းမေတ္တာဟာ ပျံသန်းနိုင်ဖို့ အတောင်ပံတွေ ကို ပေးပါတယ်။ သင်ကလည်းချစ်နေပြီး သင့်ကို ပြန်ချစ်တာခံရတဲ့အခါမှာ သင်ဟာ ကမ္ဘာပေါ်မှာ အပျော်ရွှင်ဆုံး လူသားတစ်ဦး ဖြစ်သွားတယ် ဆိုတာကိုတော့ ငြင်းလို့မရနိုင်ပါဘူး။

(၂၃) တစ်ယောက်တည်း နေထိုင်ခြင်း။
အချို့သော အချိန်တွေမှာ တစ်ယောက်တည်းနေထိုင်ကြည့်ပါ။ အဲဒီလို နေထိုင်ခြင်းဟာ သင့်ရဲ့ပြဿနာတွေကို တွေးတောစဉ်းစားနိုင်ဖို့၊ အလုပ်တွေကို ခွဲခြမ်းစိတ်ဖြာ ဆန်းစစ်နိုင်ဖို့နဲ့ အနာဂတ်အတွက် အစီအစဉ်တွေ ချမှတ်ဖို့ အခွင့်အရေးကောင်း တစ်ခုပါပဲ။

(၂၄)  ကလေးများ
သင့်ရဲ့ကလေးတွေ ကြီးပြင်းလာတာကိုကြည့်ရှုရတာထက် ပိုကောင်းတဲ့ ဘယ်အရာများ ရှိပါသလဲ။ ကလေးတွေနဲ့ အတူဆော့ကစားပြီး သူတို့ကို ပြုံးပျော်ရယ်မောအောင် ပြုလုပ်ပေးခြင်းဟာလည်း စစ်မှန်သော ပျော်ရွှင်မှုတစ်ခုပဲ မဟုတ်ပါလား။

(၂၅) မိမိကိုယ်ကို ဂုဏ်ယူမှု
သင်ကိုယ်တိုင်ရဲ့ အများနဲ့မတူတဲ့ ဖြစ်တည်မှုကို သေချာပါစေ။ ဒါဟာ သင့်ရဲ့ကိုယ်ပိုင်ကမ္ဘာကို ရှာဖွေတွေ့ရှိနိုင်ပါလိမ့်မယ်။ သင်မှတ်ယူ ထားရမှာက ပျော်ရွှင်မှုဟာ ဒဏ္ဍာရီမဟုတ်ဘူးဆိုတာပါပဲ။ ဒါတွေအားလုံးဟာ သင့်အပေါ်မှာပဲ မူတည်နေပါတယ်။ သင့်ရဲ့ကိုယ်ပိုင် ကံကြမ္မာကို သင်ကိုယ်တိုင်သာ တည်ဆောက်နိုင်ပြီး သင်သာလျှင် ပြုလုပ်နိုင်ပါတယ်။
ူlifehack မှ ROMAN SOLUK ရဲ့ဆောင်းပါးကို ဘာသာပြန်ဆိုထားတာ ဖြစ်ပါတယ်။

မူရင်းဆောင်းပါးကို http://www.lifehack.org/articles/lifestyle/25-simple-ways-to-make-y... တွင် ဖတ်ရှုနိုင်ပါတယ်။

No comments:

Post a Comment