Monday, February 22, 2016

ဦးသန့်ကို ကုလသမဂ္ဂအတွင်းမှူးရေးချုပ်အဖြစ် ဘယ်တုန်းကစပြီး အစမ်းခန့်အပ်ခဲ့တာလဲ




ဦးသန့်ကို ကုလသမဂ္ဂအတွင်းမှူးရေးချုပ်အဖြစ် ဘယ်တုန်းကစပြီး အစမ်းခန့်အပ်ခဲ့တာလဲ

          မြန်မာနိုင်ငံသားစစ်စစ်ဖြစ်သော ဦးသန့်ကို (၁၉၆၁)ခုနှစ်၊ နိုဝင်ဘာလ(၃)ရက်နေ့တွင် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်(အစမ်းခန့်)အဖြစ် စတင်ခန့်အပ်ခဲ့သည်။ (၃၀.၁၁.၁၉၆၂)ရက်နေ့ ရောက်သော အခါ အတည်ပြုခန့်အပ်ခဲ့ပါသည်။
          ဦးသန့်သည် ထိုအချိန်က ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းသံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင် နေချိန်ဖြစ်သည်။ သူသည် တတိယမြောက် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဖြစ်ပြီး ပထမ(၅)နှစ် သက်တမ်း ကုန်ဆုံးသွားပြီးနောက် (၁၉၆၇)ခုနှစ်၊ ဒီဇင်ဘာလ(၂)ရက်နေ့တွင် ဒုတိယ(၅)နှစ်သက်တမ်းအတွက် ထပ်မံခန့်အပ်ခြင်း ခံရပြန်ပါသည်။ (၁၉၇၁)ခုနှစ်၊ ဒီဇင်ဘာလ(၃၁)ရက်နေ့ရောက်လေမှ အထွေထွေအတွင်းရေး မှူးချုပ်ရာထူးမှ အငြိမ်းစားယူခဲ့သည်။

          ဦးသန့်ကို (၁၉၀၉)ခုနှစ် ဇန်နဝါရီလ(၂၂)ရက်နေ့တွင် ဧရာဝတီတိုင်း ပန်းတနော်မြို့၌ ဦးဖိုးနှစ်၊ ဒေါ်နန်းသောင်တို့မှ ဖွားမြင်ခဲ့၏။ (၁၉၂၈)ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဥပစာတန်း အောင်မြင်ခဲ့ပြီး (၁၉၃၀)ပြည့်နှစ်၌ အထက်တန်းဆရာအဖြစ် စာမေးပွဲအောင်မြင်ကာ အထက်တန်းပြဆရာဖြစ်လာခဲ့သည်။ ထို့နောက် ပန်းတနော် အထက်တန်းကျောင်းအုပ်၊ ဖဆပလ ပြန်ကြားရေးအရာရှိ၊ မြန်မာနိုင်ငံရုပ်ရှင် အကယ်ဒမီ ရွေးချယ်ရေး အဖွဲ့ဝင်၊ ဝန်ကြီးချုပ်ရုံး စီမံကိန်းအတွင်းဝန်၊ မြန်မာသမိုင်းကော်မရှင်အဖွဲ့ဝင် စသောတာဝန်များကို ထမ်းဆောင်ခဲ့၏။ (၁၉၅၇)ခုနှစ် သြဂုတ်လ(၁)ရက်နေ့တွင် ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းသံအမတ်ကြီး ဖြစ်လာ ခဲ့သည်။
          ဦးသန့်သည် ဝဏ္ဏကျော်ထင်ဘွဲ့၊ သီရိပျံချီဘွဲ့နှင့် မဟာသရေစည်သူဘွဲ့များအပြင် ယူဂိုဆလားဗီးယား သမ္မတ မာရှယ်တီတိုး၏ (Yugoslav Banner) ဘွဲ့ကို ရရှိခဲ့သည်။ ထို့အပြင် နိုင်ငံအသီးသီးမှ ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့(၁၇)ဘွဲ့ကိုလည်း ရရှိခဲ့သည်။

(နန္ဒာမိုးကြယ်=မှတ်မှတ်ထင်ထင် မြန်မာ့သမိုင်းဝင် ဖြစ်ရပ်များ(၁၀၀)မှ/)

No comments:

Post a Comment