Thursday, February 4, 2016

စာမေးပွဲဆိုင်ရာအကြံပြုချက်များ (အပိုင်း ၁၈)



စာမေးပွဲဆိုင်ရာအကြံပြုချက်များ (အပိုင်း ၁၈)
  • Posted by Myanmar Network Forum Moderator3 on April 10, 2014 at 15:48
  •  
  • အပြောစွမ်းရည်ကို စစ်ဆေးသော စာမေးပွဲများ (Speaking Exams) 
သင် နားမလည်သောအခါ (when you don’t understand)
  • I don’t understand. (ကျွန်တော် နားမလည်ပါဘူး။)
  • Could you repeat that? (အဲဒါကို ထပ်ပြောနိုင်မလား?)
  • Could you say that again? (အဲဒါကို နောက်တစ်ကြိမ်ပြန်ပြောနိုင်မလား?)
  • What do you mean, exactly? (တိတိကျကျ ဘာကို ပြောချင်တာလဲ?)
  • I’m not sure what you mean. (ခင်ဗျား ဘာကို ဆိုလိုတာလဲ ကျွန်တော် မသေချာဘူး။)
  • Can you explain that? (အဲဒါကို ရှင်းပြနိုင်မလား?)
သင်ဆိုလိုတာကို ရှင်းပြခြင်း (Explain what you mean)
  • What I mean is…………………..(ကျွန်တော်ဆိုလိုတာကတော့…………………………)
  • In other words…………………..(တစ်နည်းပြောရရင်တော့……………………….)

အကြံပြုချက်များ (Suggestions)

တချို့သော စကားပြောဆိုင်ရာ လှုပ်ရှားမှုတွေ (Speaking activities) မှာ ကိုယ်က အကြံပြုရတာရှိသလို တဖက်လူရဲ့ အကြံပြုချက်ကို တုံ့ပြန်ရတာလည်း ရှိတတ်ပါတယ်။ ဒီလိုအချိန်တွေမှာ အောက်ဖော်ပြပါ စကား အသုံး အနှုန်းများကို အသုံးပြုပါ။

အကြံပြုချက်များပေးခြင်း (Making suggestions)
  • Why don’t we………………..(………………………………..ကြရအောင်လား?)
  • Shall we……………………….(…………………………ကြမလား?)
  • Would you like to…………………………(……………………..လိုပါသလား?)
  • Let’s……………………….(……………………………..ကြရအောင်)
  • What about……………………(……………………………ရင် ဘယ်လိုလဲ?)
  • How about……………………..(………………………………ရင် ဘယ်လိုလဲ?)

အကြံပြုချက်တွေကို တုံ့ပြန်ခြင်း (Responding to suggestions)
  • Yes, Ok. (ဟုတ်ကဲ့၊ ကောင်းပါပြီ။)
  • That’s a good idea. (အဲဒါကတော့ ကောင်းတဲ့အကြံပဲ။)
  • That sounds great! (ကြားရတာ အားရလိုက်တာ။)
  • No, I don’t think so. (ဟင့်အင်း အဲဒီလိုတော့ မထင်ဘူး)
  • I’m not sure about that. (အဲဒါကိုတော့ မသေချာဘူး)
  • I’d prefer to……………………(………………………ရတာပိုကြိုက်ပါတယ်)

အလှည့်ယူခြင်း (Taking turns)

Speaking exam တစ်ခုမှာ သင်နဲ့ သင့်အဖော်တို့ဟာ (၂)ဦးစလုံး စကားပြောရမှာဖြစ်တဲ့အတွက် တစ်လှည့်စီ အလှည့်ကျပြောရပါတယ်။ သင့်အလှည့်မှာ စကားကို လုံလောက်သော အချိန်နဲ့ ကြာကြာလေးပြောနိုင် ရန်နှင့် သင်ပြော ရမဲ့ အလှည့်ဟာ မတိုတောင်းစေရန် ဂရုစိုက်ပါ။ အောက်ဖော်ပြပါ စကားအသုံးအနှုန်းတို့ကို လေ့လာကြည့်ပါ။

အလှည့်ယူခြင်း (Take turns)
  • You start. (မင်းစပါ။)
  • I’ll go first. (ကျွန်တော် အရင်ပြောမယ်။)
  • Shall I go first? (ကျွန်တော် အရင်ပြောရမလား?)
  • Do you want to begin? (ခင်ဗျားအရင် စပြောချင်လား?)

ဥပမာပေးခြင်းဖြင့် သင့်အလှည့်ကို တာရှည်အောင်လုပ်ပါ။ (Make your turn longer by giving examples.)
  • What I mean is…………………………(ကျွန်တော်ဆိုလိုတာကတော့………………..)
  • So, in other words…………………..(ဒါကြောင့် တစ်နည်းပြောရရင်တော့……………………)
  • For example…………………………..(ဥပမာအားဖြင့်…………………………..)
  • Such as …………………(…………………………ကဲ့သို့……………………….)

တိတ်ဆိတ်ခြင်းကို ရှောင်ပြီး စဉ်းစားဖို့အချိန်ယူပါ။ (Avoid silence and get time to thimk)
  • So………………………..(ကဲ…………………………..)
  • Erm………………………….(အဲ……………………………..)
  • Well………………………………(အင်း………………………….)
  • Let me think…………………(ကျွန်တော် စဉ်းစားပါရစေဦး……………………………)

အင်္ဂလိပ်စကားပြောကြတဲ့ ယဉ်ကျေးမှုတွေမှာ အချိန်အကြာကြီးနားတာ၊ ရပ်တာတွေကို ရှောင်ကြပါတယ်။ တစ်ဖက်လူကို ကြည့်ပြီး သူ့အလှည့်မှာ နားထောင်နေတယ်ဆိုတာကို ပြပါတယ်။

ဝေါဟာရ / အပြောမပါသော ဘာသာစကား (Speak without words – non verbal language)

သင့်ရဲ့လက်ဟန်ခြေဟန်နဲ့ ကိုယ်အမူအရာတို့က သင်ပြောလိုတာကို ဖော်ပြမှာဖြစ်ပါတယ်။ ယခုဖော်ပြလိုက် တဲ့ အကြံပြုချက်တွေကတော့ အပြောမပါဘဲ သင်ပြောချင်တာကို ဆက်သွယ်ပေးမှာဖြစ်ပါတယ်။
  • သင်ပြောလိုတာကို ခြေဟန်လက်ဟန်ဖြင့် သရုပ်ဖော်ပါ။
  • ခေါင်းညိတ်ခြင်းဖြင့် သင်နားလည်ကြောင်းပြပါ။
  • အင်္ဂလိပ်စကားပြောကြတဲ့ ယဉ်ကျေးမှုအသိုင်းအ၀ိုင်းမှာ သင်စကားပြောနေတဲ့သူကို မျက်လုံးချင်းဆိုင်ကြည့်ခြင်း သည် ယဉ်ကျေးကြောင်းပြရာရောက်ပါတယ်ဆိုတာ မမေ့ပါနှင့်။ ရိုင်းစိုင်းတာ မဟုတ်ပါ။
  • နားမလည်တဲ့အခါ စိတ်ရှုပ်ပုံပြပါ။ ဒါဆိုရင် တစ်ဖက်လူက သင့်အနေဖြင့် ရှင်းလင်းချက်လိုအပ်ကြောင်းကို သိပါလိမ့်မယ်။

တိကျမှု၊ မှန်ကန်မှုနှင့် လွယ်လွယ်ကူကူ သွက်သွက်လက်လက် ပြောနိုင်ခြင်း (Accuracy and fluency)

အင်္ဂလိပ်စကားကို အဆင့်မြင့်တဲ့ တိကျမှန်ကန်မှုနှင့် ပြောနိုင်လျှင် သင်ဟာ မှန်ကန်တဲ့ အင်္ဂလိပ်စကားကို အမှားနည်းနည်းနှင့် ပြောနိုင်တာဖြစ်ပါတယ်။ အင်္ဂလိပ်စကားကို Fluently ပြောနိုင်တယ်ဆိုရင်တော့ သင်ဟာ ၄င်း ဘာသာစကားကို ရပ်နားခြင်း သိပ်မရှိဘဲ လွယ်လွယ်ကူကူနဲ့ သွက်သွက်လက်လက်ပြော နိုင်တာဖြစ်ပါတယ်။
အကောင်းတကာ့ အကောင်းဆုံးကတော့ အင်္ဂလိပ်စကားကို တိကျမှန်ကန်စွာနဲ့ သွက်လက်စွာ ပြောနိုင်ဖို့ပဲ ဖြစ်ပါတယ်။ သို့သော်လည်း ဒီလိုအခြေအနေကတော့ နှစ်ပေါင်းများစွာ လေ့ကျင့်ပြီးမှ ရနိုင်မှာ ဖြစ်ပါတယ်။ ဒီကဏ္ဍ မှာတော့ သင့်ကို အင်္ဂလိပ်စကားကို ပိုပြီး တိကျမှန်ကန်စွာနှင့် သွက်သွက်လက်လက် ပြောစေနိုင်မဲ့ အကြံပြုချက်များကို ဖော်ပြမှာဖြစ်ပါတယ်။ အရေးကြီးတာကတော့ ဒီ accuracy နဲ့ fluency ကြားမှာ ဟန်ချက်ညီအောင် ဖန်တီး ပေးဖို့ပါပဲ။

တိကျမှန်ကန်မှု (Accuracy)

အင်္ဂလိပ်စကားကို အဆင့်မြင့်တဲ့ တိကျမှန်ကန်မှုနဲ့ ပြောနိုင်ခြင်းဆိုတာကတော့ အမှားနည်းနည်းနဲ့ ပြောနိုင်ခြင်း လို့ အဓိပ္ပါယ်ရပါတယ်။ ဒါကလည်း အပြောသာ လွယ်ပေမဲ့ လက်တွေ့ကျတော့ ခက်ပါတယ်။ ဒါကြောင့် အင်္ဂလိပ်စကား ပြောတဲ့အခါမှာ သင့်ရဲ့ တိကျမှန်ကန်မှု အဆင့်တိုးတက်လာရအောင် ဘာတွေ လုပ်နိုင်ပါသလဲ?
ဒေသခံဘာသာစကားပြောတဲ့ သူတွေတောင်မှ သူတို့ဘာသာစကားကို သူတို့ကိုယ်တိုင်ပြောတဲ့အခါ အမှား မကင်း ကြပါဘူး။ ဒါပေမဲ့ သူတို့ဟာ အမြဲပဲ သူတို့ကိုယ်သူတို့ နားထောင်နေပြီး အမှားကို ပြင်ကြပါတယ်။ အင်္ဂလိပ် စကားကို မှန်မှန်ကန်ကန်ပြောနိုင်ဖို့ အကြံပြုချက်များဖော်ပြလိုက်ပါတယ်။
အမှားပါသွားရင် စိတ်မပူပါနဲ့၊ အဲဒါကတော့ ပုံမှန်ပဲဖြစ်ပါတယ်။ ဒါပေမဲ့…..
  • အင်္ဂလိပ်စကားပြောတဲ့အခါ သင့်ကိုယ်သင် နားထောင်ပါ။ အမှားကို သတိပြုမိတဲ့အခါ ပြင်လိုက်ပါ။ အမှားတွေကို သတိမပြုမိရင်လည်း ကိစ္စမရှိပါဘူး။
  • သင့်ရဲ့ မှတ်စုစာအုပ်ထဲမှာ “ကျွန်ုပ်၏ ပုံမှန် အမှားများ” ဆိုတဲ့ ခေါင်းစဉ်နဲ့ နေရာထားပါ။ သင် မကြာခဏမှားလေ့ ရှိတဲ့အမှားများကို ရေးချပြီး စကားပြောတဲ့အခါမှာ ထိုအမှားများကို ကြားရအောင် နားစွင့်ထားပါ။ သင့်အနေဖြင့် “I must to go.” လို့ အမြဲပဲ ပြောတတ်ရင်၊ ၄င်းကို ၀ါကျ အမှန်ဖြစ်တဲ့ “I must go.” ရဲ့ ဘေးမှာ ရေးချပြီး စကားပြောတဲ့အခါ ထိုအမှားကို ဂရုတစိုက်နှင့် နားထောင်ပါ။
  • သင်သိတဲ့ သဒ္ဒါကို အသုံးပြုပါ။ စာမေးပွဲမှာ သင်မသိတဲ့ သဒ္ဒါကို ပထမအကြိမ်အဖြစ် အသုံးပြုပါက အမှား ပိုလုပ်နိုင်ပါတယ်။ အမှန်ကိုပြင်ဖို့ရာလည်း ပိုခက်ခဲပါလိမ့်မည်။
  • သင်သိပြီးသား ဝေါဟာရတွေကိုသာ အသုံးပြုပါ။ စာသင်ခန်းထဲမှာ သင်ခဲ့ရတဲ့ ဝေါဟာရတွေကို ပြန်လှန် လေ့ကျင့်ပြီး ဝေါဟာရအသစ်တွေကိုတော့ မှတ်မိနိုင်ရန်အတွက် ထပ်၍ အသုံးပြုကြည့်ပါ။ စကားလုံး တစ်လုံးလုံးကို တိတိကျကျ မသိပါက သင်သိတဲ့ အခြားစကားလုံးတစ်လုံးကို သုံးပါ။
  • သင်စကားပြောနေတာကို အသံသွင်းထားပြီး ပြန်နားထောင်ပါ။ အမှားတွေကို ပြင်ပြီး မှန်ကန်တဲ့ စကား အသုံးအနှုန်းကိုတော့ နောက်ပြန်သုံးနိုင်အောင် မှတ်သားထားပါ။
  • စကားပြောတဲ့အခါ အချိန်ယူစဉ်းစားပြီး ပြောပါ။ စကားအသုံးအနှုန်းအကြောင်း မစဉ်းစားဘဲ စကားကို မြန်မြန် ပြောပါက အမှားများပြုလုပ်မှာဖြစ်ပါတယ်။ ဒါပေမဲ့လည်း အရမ်းနှေးနှေးလေးတော့ မပြောပါနဲ့။ စက်ရုပ်နဲ့ တူသွားနိုင်တယ်။

လွယ်လွယ်ကူကူနှင့်သွက်သွက်လက်လက်ပြောဆိုခြင်း (Fluency)

ဘာသာစကားတစ်ခုကို fluently ပြောနိုင်ခြင်းဆိုတာကတော့ ရပ်တာတွေ၊ နားတာတွေ အများကြီးမလုပ်ရဘဲနဲ့ ၄င်းဘာသာစကားကို လွယ်လွယ်နှင့် အသင့်အတင့် မြန်မြန်ပြောဆိုနိုင်ခြင်းပဲဖြစ်ပါတယ်။ ဘာသာစကား တစ်ခုကို လွယ်ကူသွက်လက်စွာ ပြောနိုင်ဖို့ဆိုတာကတော့ နှစ်နဲ့ချီကြာပါတယ်။ ယခုဖော်ပြလိုက်တဲ့ အကြံပြုချက်တွေ ကတော့ သင့်ကို speaking exam တွေမှာ အတတ်နိုင်ဆုံး သဘာဝကျကျ ပြောနိုင်အောင် အထောက်အကူပြုမှာဖြစ်ပါတယ်။
စကားပြောကောင်းသူတွေဟာ သူတို့အသိပေးလိုတဲ့ အကြောင်းအရာကို ဆက်သွယ်မှုကောင်းကောင်းနှင့် တစ်ဖက်လူစီကို (အမှားပါနေရင်တောင်မှ) အဆင်ပြေပြေ အရောက်ပို့ပေးနိုင်ပါတယ်။ ဆက်သွယ်ရေးသည် စကားပြောရာ တွင် အရေးကြီးပါသည်။ ဒါကြောင့် သင့်အတွေးအခေါ်တွေကို ဖြစ်နိုင်သမျှ သဘာဝကျကျ ဆက်သွယ် ပေးပို့နိုင်ဖို့ အရေးကြီးပါတယ်။ စကားကို ပိုပြီး သွက်လက်စွာ ပြောနိုင်အောင် အောက်ပါအချက်တို့ကို အကြံပြုလိုက်ပါတယ်။
  • စာသင်ခန်းထဲမှာ ရသမျှအခွင့်အရေးကို အသုံးချပြီး အင်္ဂလိပ်စကားကို ပြောပါ။ သင့်အတန်းဖော်တွေနဲ့ ဆရာကို အင်္ဂလိပ်လိုပဲပြောပါ။ အင်္ဂလိပ်စကားကို ပြောလေလေ စကားပြောတဲ့အခါ ပို၍ လွယ်ကူလေလေ ဖြစ်ပါတယ်။
  • အင်္ဂလိပ်စကားပြောတဲ့အခါ ယုံကြည်မှုရှိပါ။ သင့်အနေဖြင့် အင်္ဂလိပ်စကားကို အများကြီး သိထားပြီးသားဖြစ်ပါ တယ်။ ဒါကြောင့် ဒီအင်္ဂလိပ်စကားကို အသုံးပြုပြီး သင်ဘာတွေ သိထားတယ်ဆိုတာကို စာစစ်သူအား ပြလိုက်ပါ။
  • သင် အသိပေးဖို့လိုတဲ့အကြောင်းအရာနဲ့ ပတ်သက်ပြီး ရှင်းလင်းပြတ်သားမှုရှိပါစေ။ ထိုသို့ ပြုလုပ်နိုင်ခြင်းသည် သင့်ရဲ့ ပန်းတိုင်ပဲဖြစ်ပါတယ်။
  • အမှားပါသွားမှာ မစိုးရိမ်ပါနှင့်။ အဓိကကတော့ သင်ပြောချင်တာ တစ်ဖက်လူဆီ ဆက်သွယ်နိုင်ဖို့ပါပဲ။
  • အိမ်မှာ စကားပြောတဲ့ ကစားနည်းတစ်ခုခု (speaking game)နှင့် လေ့ကျင့်ပါ။ “…….အကြောင်း မနားဘဲ တစ်မိနစ်ပြောကြည့်ပါ။” ဆိုတဲ့ခေါင်းစဉ်တစ်ခုခုကို ရွေးပါ။ ဥပမာ - video games လို့ ရွေးပြီး video games အကြောင်းကို အင်္ဂလိပ်လို တစ်မိနစ်ခန့် မရပ်မနားဘဲ ပြောကြည့်ပါ။
  • သင် ဘာပြောရရင် ကောင်းမလဲလို့ စဉ်းစားနေတဲ့အခိုက်မှာတော့ Er, Erm ကဲ့သို့သော အာမေဋိတ် စကားလုံး လေးတွေကို အသုံးပြုပါ။
  • သင့်အင်္ဂလိပ်စကားပြောသံပိုပြီး သဘာဝကျစေရန်အတွက် ဆက်သွယ်ရေးနည်းလမ်းတွေကို အသုံးပြုပါ။

No comments:

Post a Comment