Friday, January 22, 2016

စာမေးပွဲဆိုင်ရာအကြံပြုချက်များ (အပိုင်း ၄)



စာမေးပွဲဆိုင်ရာအကြံပြုချက်များ (အပိုင်း ၄)
နားထောင်နေစဉ်အတွင်း (While you listen)

စာပိုဒ်ကို နားထောင်နေတဲ့အခါ 100% အာရုံစိုက်ဖို့ လိုပါတယ်။ ဒီအချိန်ဟာ ပြူတင်းပေါက်အပြင်ဖက်ကို ငေးကြည့်ဖို့ (သို့) နေ့လယ်ထမင်းစားချိန်မှာ ဘာစားရရင်ကောင်းမလဲဆိုတာကို စဉ်းစားနေဖို့ အချိန်မဟုတ်ပါဘူး။ တကယ်နားထောင်ရမဲ့ စာပိုဒ်ကို ဖွင့်ပြချိန်သည် လွန်စွာမှ တိုတောင်းလှအတွက် သင့်အာရုံကို စာမေးပွဲပေါ်မှာပဲ စူးစိုက်ထားရမှာဖြစ်ပါတယ်။


ဘယ်စကားလုံးတွေကို နားလည်ဖို့လိုပါသလဲ? (Which words do I need to understand)

တိတ်ခွေထဲက စာပိုဒ်ကို နားထောင်နေတဲ့အခါ သင့်အနေဖြင့် စကားလုံးတိုင်းကို နားလည်မှာ မဟုတ်ပါဘူး။ နားလည်ဖို့လည်း မလိုပါ။ ဒါဟာ အမှန်ပါပဲ။ အရေးကြီးတာက လုပ်ငန်းတွေကို ပြည့်ပြည့်စုံစုံလုပ်နိုင်အောင် ဘယ်စကားလုံးတွေကို သင်နားလည်ဖို့လိုအပ်သလဲဆိုတဲ့ အချက်ပါပဲ။
  • သင့်အနေနဲ့ စကားလုံးတိုင်းကို နားလည်ဖို့ မလိုပါ။ ဒါကြောင့် အကြောင်းအရာ အားလုံးကို နားမလည်ခဲ့ရင် ထိတ်လန့်မသွားပါနဲ့။
  • ပထမအကြိမ် နားထောင်တဲ့အခါ အကြမ်းဖျဉ်းသဘောပေါက်အောင်သာ နားထောင်ပါ။
  • အရေးကြီး (သို့) အဓိကကျတဲ့ စကားလုံးတွေကို အလေးထားပြီး ဖိရွတ် (stress) သွားမှာဖြစ်ပါတယ်။
  • ဖိပြီးရွတ်ဆိုခြင်းမရှိတဲ့ စကားလုံးတွေဟာ ဖိပြီးရွတ်ဆိုသွားတဲ့ စကားလုံးတွေလောက် အရေးမကြီးပါ။
  • အဓိကအားဖြင့် အရေးကြီးတဲ့ စကားလုံးတွေကိုသာ ဂရုစိုက်နားထောင်ပါ။ ဒေသခံ (native speakers)တွေ တောင်မှ စကားလုံးတိုင်းကို နားမထောင်ကြပါဘူး။

အရေးကြီးတဲ့ စကားလုံးတစ်လုံးလုံးကို နားမလည်ခြင်း (I don’t understand an important word)
ဒါဆိုရင် စာပိုဒ်ကို နားထောင်နေတဲ့ အတောအတွင်း အရေးပါတဲ့ စကားလုံးတစ်လုံးလုံးကို နားမလည်ပါက ဘာလုပ်ရပါမလဲ? ယခုဖော်ပြမဲ့ အကြံပြုချက်တွေက အထောက်အကူဖြစ်ပါလိမ့်မယ်။
  • ဖွင့်ပြထားတဲ့ စာပိုဒ်ကို နားထောင်နေရင်းကနေ သင့်အနေနဲ့ အရေးကြီးတယ်လို့ ထင်တဲ့ စကားလုံး တစ်လုံးကို နားမလည်လိုက်ပါက ၄င်း၏ ရှေ့နောက်၌ရှိတဲ့ စကားလုံးတွေနဲ့ ၄င်းဆက်စပ်ပုံအခြေအနေကို စဉ်းစားကြည့်လိုက်ပါ။ အဲဒီစကားစပ်နဲ့ ဆီလျော်မဲ့ သင်သိပြီးသား အခြား စကားလုံးတစ်လုံးလုံးနဲ့ သင် နားမလည်လိုက်တဲ့ စကားလုံးက ဆင်တူနေပါသလား?
  • ဒီနားမလည်တဲ့ စကားလုံးနှင့် အချိန်ကုန်မခံပါနှင့်။ စာပိုဒ်ကို ဆက်ပြီး နားထောင်ပါ။ စာပိုဒ်ထဲက အရေးကြီးတဲ့ နောက်ထပ်အချက်အလက်တွေကို မကြားလိုက်ရမဖြစ်ရလေအောင် စာပိုဒ်ကို ဆက်ပြီး နားထောင်ဖို့က အရေးကြီးပါတယ်။
  • တစ်ခါတစ်ရံကျတော့ အဓိကစကားလုံးတွေနဲ့ သဘောထားတွေကို တိတ်ခွေရဲ့ နောက်ပိုင်းမှာ ထပ်ကျော့ ပေးတတ်ပါတယ်။ ဒါကြောင့် ၄င်းစကးလုံးတွေကို နောက်ထပ်တစ်ကြိမ်မှာ ကြားလိုက်ရအောင် သေသေ ချာချာ နားကို စွင့်ထားပါ။
  • တစ်ခါတလေကျတော့ သင်သိတဲ့ စကားလုံးကို ကြားလိုက်ပေမဲ့ အသံထွက်ကို မမှတ်မိတာမျိုးလည်း ဖြစ်တတ်ပါတယ်။ ထိုအခါမျိုးကျရင် အဲဒီစကားအားလုံးဟာ ဘာစကားလုံးလဲလို့ သိနိုင်ဖို့အတွက် စကားစပ်ကို အသုံးပြုပါ။ သတိပြုရမဲ့ နောက်အချက်တစ်ချက်ကတော့ လူတွေဟာ စကားမြန်မြန်ပြောရင် ကြားရခက်တဲ့ တိုးညှင်းတဲ့ အသံကို အသုံးပြုကြပြီး တစ်ခါတစ်လေကျတော့လည်း စကားလုံးက အသံတစ်သံကို ဖြုတ်ချပစ်ခဲ့ကြတယ်ဆိုတာပါပဲ။
  • နားထောင်ခြင်းကို မရပ်ပစ်လိုက်ပါနဲ့။ နားထောင်ရင်းနဲ့ နားမလည်တဲ့အပိုင်းပါလာရင်လဲ မထိတ်လန့်သွားပါ နဲ့။ နောက်အပိုင်းကို ဆက်ပြီးတော့သာ နားထောင်ပါ။ ဒါဟာ အင်မတန်မှ အရေးကြီးပါတယ်။ အခက်အခဲနဲ့ တွေ့ကြုံရပေမဲ့လည်း ရှေ့ဆက်ပြီး နားထောင်တတ်အောင် လေ့ကျင့်ထားပါ။

စကားစပ် (Context)
စကားစပ် (context) ဆိုတာကတော့ သင် နားထောင်ရမဲ့ စာပိုဒ်ရဲ့ အခြေအနေပါပဲ။ ဒီအခြေအနေကပဲ စာမေးပွဲမှာ အထောက်အပံ့ဖြစ်စေမဲ့ အချက်အလက်တွေကို အပိုဆောင်းပြီး ပေးမှာ ဖြစ်ပါတယ်။ အခြေအနေကို ပိုနားလည်လေ ဇာတ်ကွက်ကို စိတ်မှန်းနဲ့ ပုံဖော်ကြည့်ရတာ လွယ်ကူလေ ဖြစ်ပါတယ်။
  • စကားပြောနေတဲ့ သူတွေဟာ ဘာတွေပြောနေလဲဆိုတာကို စကားစပ်ကနေပြီး သိနိုင်ပါတယ်။ ဒါဆိုရင် စာပိုဒ်ရဲ့ အခြေအနေနဲ့ ပတ်သက်လို့ သင် ဘာသိပါသလဲ?
  • သင်နားမလည်တဲ့ စကားလုံးတစ်လုံးလုံးကို ကြားလိုက်တဲ့အခါ စကားစပ်ကနေ ဆက်စပ်ပြီး စဉ်းစားရယူပါ။
  • အဖြေတစ်ခုခုကို မသေချာပါက သင့်ရဲ့ သဘာဝကျကျ စဉ်းစားနိုင်စွမ်း (common sense) ကို အသုံးပြုပါ။ စကားစပ်ထဲမှာ ဘာက အဓိပ္ပါယ်ရှိနေလဲ?
  • စကားပြောနေတဲ့ သူတွေက ဘယ်မှာရှိနေတာလဲ? နောက်ခံအသံဗလံတွေက နေပြီး အချက်အလက်အပို ဆောင်းပေးနေပါသလား။

စာလုံးပေါင်း၊ ဂဏန်း၊ နေ့စွဲနှင့် အချိန် (Spelling, numbers, date and time)
အကြား စွမ်းရည် စစ်ဆေးမှုတွေမှာ မကြာခဏဆိုသလို စာလုံးပေါင်းခြင်း၊ ကိန်းဂဏန်းတွေ၊ နေ့စွဲတွေ၊ အချိန်တွေကို နားလည်ရမဲ့ စစ်ဆေးမှုတွေပါ ပါဝင်ပါတယ်။ ဒါကြောင့် ၄င်းအချက်တွေနဲ့ ပတ်သက်လို့ အဆင်ပြေရန် အတွက် အောက်ပါတို့ကို လေ့လာပါ။
  • အင်္ဂလိပ်အက္ခရာတွေကို သိပါသလား? အင်္ဂလိပ်စာလုံးပေါင်းတွေကို လေ့ကျင့်ထားပါ။
  • အင်္ဂလိပ်လို ကိန်းဂဏန်းတွေကို ရွတ်ဆိုတတ်ပါသလား? ဒါဆိုရင် ဖုန်းနံပါတ်တွေ၊ ကိန်းဂဏန်းကြီးတွေ၊ အပိုင်းကိန်းတွေကို ပြောတတ်အောင် လေ့ကျင့်ထားပါ။
  • အင်္ဂလိပ်လို အချိန်ကို ပြောတတ်ပါသလား? အချိန်ပြောနည်းအမျိုးမျိုးကို လေ့ကျင့်ထားပါ။

အတိုချုံ့စကားလုံးများ (Contractions)
အတိုချုံ့ထားသော စကားလုံးတွေ (contractions)နဲ့ စကားလုံးတွေရဲ့ အတိုကောက် (short forms)တွေကို သိထားခြင်းသည် အကြားစွမ်းရည်စစ်ဆေးမှုများတွင် များစွာ အသုံးဝင်ပါသည်။
  • အင်္ဂလိပ်စကားပြောမှာ အတိုချုံ့ထားသော စကားလုံးတွေ အသုံးများပါတယ်။ ဒါကြောင့် ‘d, ‘s, ‘ll, ‘ve အစရှိတဲ့ အသံတွေကို ကြားရအောင် သေသေချာချာ နားစွင့်ထားပါ။ အသံလေးတစ်သံဟာ စကားလုံးတစ်လုံးရဲ့ အဓိပ္ပါယ်ကို ပြောင်းလဲစေတဲ့အချက်ကတော့ အံ့သြစရာ ကောင်းပါတယ်။ ဥပမာအား ဖြင့် I’ll go နှင့် I’d go တို့သည် အဓိပ္ပါယ် မတူပါ။ I’ll go သည် “ကျွန်ုပ်သွားမယ်”ဟု အဓိပ္ပါယ်ရပါသည်။ I’d go ကတော့ “ပြောသူက အခြားတစ်ယောက်ယောက်ကို သွားဖို့ အကြံပြုနေခြင်း”ဖြစ်ပါတယ်။
  • ဘယ်အတိုချုံ့ထားတဲ့ စကားလုံးကို အသုံးပြုရမလဲဆိုတာကို စကားစပ်ကနေ သိနိုင်ပါတယ်။ ဥပမာအားဖြင့် မျှော်လင့်ချက်တွေ၊ အိပ်မက်တွေအကြောင်း ပြောနေတာဆိုရင် (would)ကို အတိုချုံ့ထားတဲ့ 'd ကို အသုံးများပါတယ်။
  •  မေးခွန်းထဲက အတိုချုံ့ထားတဲ့ စကားလုံးတွေကို သေသေချာချာ ရှာကြည့်ပါ။
  • အတိုချုံ့ထားတဲ့ စကားလုံးတွေပါတဲ့ ၀ါကျတွေနဲ့ မပါတဲ့ ၀ါကျတွေကို နားထောင်ပြီး နှိုင်းယှဉ်ကြည့်တတ်ရန် အတွက် ဆရာ့ကို အပိုလေ့ကျင့်မှုတွေ ပြုလုပ်ပေးဖို့ တောင်းဆိုပါ။
အသံအတက်အကျနှင့် စိတ်ခံစားမှုများ (Intonation and Emotions)
အကြောင်းအရာတစ်ခုခုကို ပြောပုံပြောနည်းနှင့် ပြောသူရဲ့ လေယူလေသိမ်းတို့မှတဆင့် အချက်အလက် အများကြီး ရရှိနိုင်ပါတယ်။
  •  ပြောသူရဲ့ လေယူလေသိမ်းကို နားထောင်ခြင်းဖြင့် ထိုသူရဲ့ စိတ်ခံစားချက်ကို သိရှိနိုင်ပါတယ်။
  • စကားပြောနေသူသည် ပျော်နေတာလား? ၀မ်းနည်းနေတာလား? စိတ်ပူနေတာလား? ကြောက်ရွံ့နေတာ လား? ဒါမှမဟုတ် စိတ်အနှောက်အယှက်ဖြစ်နေတာလား? ဆိုတာတွေကို သိနိုင်ပါတယ်။
  • စိတ်လှုပ်ရှားခြင်း၊ ၀မ်းသာခြင်း၊ ကြောက်ရွံ့ခြင်း (သို့) စိတ်အနှောက်အယှက်ဖြစ်ခြင်း အစရှိတဲ့ အားပြင်း သော စိတ်ခံစားချက်ဖော်ပြရာတွင် ပြောသူရဲ့ အသံသည် မြင့်တက်နေပါတယ်။
  • ငြီးငွေ့ခြင်း၊ စိတ်ဝင်စားမှုမရှိခြင်းတို့ကို ဖော်ပြတဲ့အခါ နိမ့်တဲ့အသံကို အသုံးပြုပါတယ်။
  • စကားပြောနေသူတို့ရဲ့ စိတ်ခံစားချက်ကို နားလည်ပါက ထိုသူတို့ ဘာတွေပြောနေလဲဆိုတာကိုပါ နားလည် မှာ ဖြစ်ပါတယ်။

ထင်မြင့်ချက်များ (Opinions)
  • အကြားစွမ်းရည်ကို စစ်ဆေးတဲ့အခါမှာ နားထောင်ရတဲ့ စာပိုဒ်ထဲမှာပါတဲ့ စကားပြောသူရဲ့ ထင်မြင်ချက်နဲ့ ပတ်သက်တဲ့မေးခွန်များကိုလည်း မေးတတ်ပါတယ်။ ဒါကြောင့်မို့လို့ စာပိုဒ်ကို နားထောင်တဲ့အခါမှာ ထင်မြင်ချက်ကို ဖော်ပြတဲ့ အသုံးအနှုန်းတွေကို ဂရုစိုက်ပြီး နားထောင်ပါ။
  • ထင်မြင်ချက်ကို ဖော်ပြတဲ့ စကားအသုံးအနှုန်းကို နားထောင်ပါ။ ဥပမာအားဖြင့် In my view……, I believe……., I think………., I disagree that…………., I can’t stand………, I’m keen on………. အစရှိသည်တို့ဖြစ်ပါတယ်။
  • ထင်မြင်ချက်တွေကို နားလည်နိုင်ရန်အတွက် တုံ့ပြန်ချက် (reactions)တွေကို နားထောင်ပါ။ ဥပမာ- You’re absolutely right! You’re wrong! How awful! That’s fantastic!  ၄င်းတုန့်ပြန်ချက်တွေကို အသံမြှင့်၍ ပြောတတ်ပါတယ်။

နားထောင်နေစဉ် လေ့ကျင့်ခန်းများ (while you listen exercises)
စာမေးပွဲအတွင်း စာပိုဒ်ကို နားထောင်နေစဉ် ဘာလုပ်ရမလဲဆိုတာနှင့်ပတ်သက်တဲ့ အကြံပြုချက်တွေကို လေ့လာပြီးလျှင် သင် ဘယ်လောက်အထိ မှတ်မိနေလဲဆိုတာကို သိရှိရန် လေ့ကျင့်ခန်းများဖြေကြည့်ပါ။

No comments:

Post a Comment