Wednesday, January 20, 2016

စာမေးပွဲဆိုင်ရာအကြံပြုချက်များ (အပိုင်း ၃)



စာမေးပွဲဆိုင်ရာအကြံပြုချက်များ (အပိုင်း ၃)
  • Posted by Myanmar Network Forum Moderator3 on January 10, 2014 at 15:56
  •  
  • ­­­အကြားစွမ်းရည်စစ်ဆေးသည့် စာမေးပွဲများ (Listening Exams)

ဒီကဏ္ဍမှာတော့ အကြားစွမ်းရည်ကို စစ်ဆေးတဲ့ စာမေးပွဲများ (listening exams)နှင့် ပတ်သက်တဲ့ အကြံပြုချက်တွေကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။ Listening exams တွေကြောင့် စိတ်ဖိစီးမှုခံစားနိုင်သလို ၄င်းတို့အတွက် ပြင်ဆင်မှုကိုလည်း သိပ်မလုပ်နိုင်ဘူးလို့ ခံစားနိုင်ပါတယ်။ ဒီအကြံပြုချက်တွေကို လေ့လာပြီးတဲ့ နောက် ဒီလို listening exam တွေကို ဖြေဆိုတဲ့အခါမှာ ပိုကောင်းတဲ့ အမှတ်တွေရအောင် ဘယ်လိုလုပ်ရမယ်ဆိုတဲ့ အကြံဉာဏ်ကောင်းတွေကို သိရှိလာမှာ ဖြစ်ပါတယ်။


အကြောင်းအရာကို နားမထောင်မီ (Before you listen)
မည်သည့် listening exam မှာ မဆို သင်နားထောင်ရမည့် စာပိုဒ်ကို နားမထောင်ခင်မှာ ပြင်ဆင်မှုများစွာ လုပ်နိုင်ပါတယ်။ ဒီလိုပြင်ဆင်မှုတွေကို ကောင်းကောင်းလုပ်ထားပါက စာမေးပွဲကို ကောင်းကောင်း ဖြေဆိုနိုင်မှာ ဖြစ်ပါတယ်။

စိတ်ကိုငြိမ်ငြိမ်ထားပါ။ (Be calm)

Listening exam ကို ဖြေဆိုရတဲ့အခါ စိတ်လှုပ်ရှားတတ်ပါသလား။ အောက်ဖော်ပြပါ အကြံပြုချက်တွေကို လေ့လာပြီး စိတ်ကို ငြိမ်ငြိမ်ထားပါ။ စိတ်ကို ငြိမ်အောင်ထားပါမှ နားလည်နိုင်စွမ်းမြင့်မားမှာဖြစ်ပါတယ်။
  • အထိတ်တလန့်မဖြစ်ပါနှင့်။ (Don’t panic)
  • အသက်ကို ပြင်းပြင်း ၃-၄ ခါ ရှူသွင်းပါ။
  • သဘာဝကျကျ စဉ်းစားပါ။

ဘယ်နှကြိမ်နားထောင်ရမှာလဲ? (How many times will you listen?)
တိတ်ခွေထဲက စာပိုဒ်ကို ဘယ်နှကြိမ်နားထောင်ရမှာလဲဆိုတာကို သေသေချာချာ သိထားဖို့ရာ အရေးကြီး တဲ့အတွက် ဆရာ့ကို မေးဖို့ မေမေ့ပါနှင့်။
  • Listening exam အများစုမှာ စာပိုဒ်ကို တစ်ကြိမ်မက ပေးနားထောင်ပါတယ်။ ပထမတစ်ကြိမ်မှာ တော့ အကြမ်းဖျဉ်း သဘောပေါက်အောင်ပဲ နားထောင်ပါ။ ဒုတိယအကြိမ်ကျတော့မှသာ တိကျတဲ့ အချက် အလက်တွေ သိရှိနိုင်ဖို့ နားထောင်ရပါမယ်။
  • တစ်ကြိမ်ထက်ပိုနားထောင်ရမယ်ဆိုရင် ပထမအကြိမ်မှာ အဖြေတွေ အားလုံးမကြားလိုက်ရပါက စိတ်မပူပါ နှင့်။ စိတ်ကို ငြိမ်ငြိမ်ထားပြီး ဒုတိယအကြိမ်မှာ အဖြေတွေကို ကြားအောင် နားထောင်ပါ။
  • အဖြေတစ်ခုခုကို မကြားလိုက်ရင် ထိတ်လန့် မသွားပါနှင့်။ အဓိက အချက်အလက်ကို တစ်ခါတစ်ရံ တိတ်ခွေရဲ့ အနောက်ပိုင်းမှာ ထပ်ကျော့တတ်ပါတယ်။
  • တစ်ကြိမ်ပဲ နားထောင်ရလို့ အဖြေအားလုံးကို မကြားလိုက်ပါက အကြောင်းအရာကို စဉ်းစားပြီး ယုတ္တရှိတဲ့ အဖြေကို ရွေးချယ် ရေးပါ။ မိမိရဲ့ သဘာဝကျကျ စဉ်းစားဉာဏ် (common-sense) ကို အသုံးပြုပြီး အဖြေကို မှန်းကြည့်ပါ။ သင် မှန်းဆလိုက်တဲ့ အဖြေဟာ မှန်ကောင်းမှန်သွားနိုင်ပါတယ်။

ဆောင်ရွက်ရမဲ့လုပ်ငန်းစဉ်ကို သေသေချာချာ ဖတ်ပါ။ (Read the task carefully)
Listening exams တွေမှာ စာဖတ်တာ (reading) ကလည်း အရေးပါ ပါတယ်။ အကြောင်းအရာကို နားမထောင်ခင် သင့်မှာ ရှိနေတဲ့ အချိန်တွေကို မေးခွန်းတွေ ဖတ်ရန်အတွက် အသုံးပြုလိုက်ပါ။
  • အမြဲပဲ မေးခွန်းတွေကို သေသေချာချာဖတ်ပါ။
  •  မေးခွန်းထဲမှာပါတဲ့ အဓိက အချက်အလက်ကို မျဉ်းသားပါ။
  •  ရွေးချယ်စရာများ (options) ရှိပါက ထိုရွေးစရာအားလုံးကို သေသေချာချာ ဖတ်ပါ။
  •  မေးခွန်းတွေ (သို့) ရွေးစရာတွေ (options) မှာ ကိန်းဂဏန်းတွေ (numbers) နေ့စွဲတွေ (dates) (သို့) အဓိက စာလုံးတွေ (key words)ပါနေလျှင် ၄င်းတို့ကို ကိုယ်တိုင် ရွတ်ဆိုကြည့်ပါ။ ဒီလိုရွတ်ဆို ကြည့်ခြင်း အားဖြင့် ၄င်းတို့ ဘာကို ဆိုလိုတယ်ဆိုတာကို စဉ်းစားကြည့်နိုင်မှာ ဖြစ်ပါတယ်။
  •  ရွေးချယ်စရာတွေဟာ ရုပ်ပုံတွေဖြစ်နေပါက ၄င်းတို့ကို သေသေချာချာ ကြည့်ပြီး ထိုရုပ်ပုံတွေကို သရုပ်ဖော်ပြ ရန် အတွက် အင်္ဂလိပ်စကားလုံးတွေကို စဉ်းစားပါ။ ဒီလိုပြုလုပ်ခြင်းသည် သင် နားထောင်ရမဲ့ စာပိုဒ်ထဲမှာ ပါလာနိုင်တဲ့ စကားလုံးတွေအတွက် ကြိုတင်ပြင်ဆင်ရာ ရောက်ပါတယ်။
(ဒီနေရာမှာ လုပ်ငန်းဆိုတာကတော့ မေးခွန်းပုံစံကို ပြောခြင်းပဲ ဖြစ်ပါတယ်။)

လုပ်ငန်းကို နားလည်ခြင်း (Understand the task)

Listening exam တွေနဲ့သက်ဆိုင်တဲ့ မတူညီသော လုပ်ငန်း၊ အမျိုးအစားများစွာရှိပါတယ်။ ထို့ကြောင့် စာမေးပွဲမစခင်မှာ ထိုလုပ်ငန်းများအတွက် ညွှန်ကြားချက်တွေကို နားလည်အောင် ဖတ်ထား ရပါမယ်။
  • သင့်အနေနဲ့ တိတိကျကျ ဘာကို လုပ်ရမှာပါလဲ? အဖြေမှန်ကို အမှတ်ခြစ်ပေးရမှာပါလား? ရုပ်ပုံတွေကို အစီအစဉ်တကျ စီစဉ်ပေးရမှာပါလား? ကွက်လပ်ဖြည့်ရမှာပါလား?
  •  ဆောင်ရွက်ရမဲ့ လုပ်ငန်းကို နားမလည်ပါက စာပိုဒ်ပါတဲ့ တိတ်ခွေကို နားမထောင်ခင် ဆရာကို မေးပါ။
  • နားထောင်နေစဉ် အတောအတွင်း သင့်အာရုံကို နားထောင်တဲ့လုပ်ငန်းထဲမှာပဲ နှစ်မြှုပ်ထားရပါမယ်။ “ငါ ဘာလုပ်ရမလဲ” ဆိုတာကို စဉ်းစားနေရမှာ မဟုတ်ပါဘူး။

သင် ဘာတွေကို သိပြီးသားဖြစ်နေပါသလဲ? ကြိုတင်ခန့်မှန်းကြည်ပါ။ (What do you already know? Predict!)
Listening test သည် သင် သိပြီးသားအကြောင်းအရာနှင့်ပတ်သက်တဲ့ ခေါင်းစဉ်ဖြစ်နေပါက ဒီအချက်ကို သင့်အတွက် အကျိုးရှိအောင် အသုံးချပါ။
  •  မေးခွန်းတွေကို သေသေချာချာ လေ့လာပါ။ နားထောင်ရမည့် စာပိုဒ်နှင့်ပတ်သက်ပြီး သင် ဘာသိထားသလဲ? ထိုအကြောင်းအရာနဲ့ပတ်သက်ပြီး မိခင်ဘာသာစကားနဲ့ပဲဖြစ်ဖြစ် သင်သိထားတဲ့ အချက်အလက်များဟာ သင့်အတွက် အထောက်အကူဖြစ်နိုင်ပါတယ်။
  • ရုပ်ပုံတွေ (သို့) ခေါင်းစဉ်ကို သေသေချာချာကြည်ပါ။ အကြောင်းအရာနှင့် ပတ်သက်ပြီး မည်သည့်အချက် အလက်ကို ဖော်ပြနေပါသလဲ?
  • အကြောင်းအရာနှင့်ပတ်သက်ပြီးတော့ ဘယ်ဝေါဟာရတွေကို သင်သိထားပါသလဲ? သင်နားထောင်ရမည့် အကြောင်းအရာထဲမှာ ပါဝင်နိုင်မဲ့စကားလုံးတွေကို ကြိုတင်ခန့်မှန်းကြည့်ပါ။
  • ဖွင့်ပြမည့်စာပိုဒ် (အင်္ဂလိပ်လိုပဲဖြစ်ဖြစ်၊ သင့်ဘာသာစကားနဲ့ပဲဖြစ်ဖြစ်)ကို နားမထောင်ခင်မှာ သင့်မှာ စဉ်းစား ထားတဲ့ စိတ်ကူးတွေရှိပါက ၄င်းတို့သည် စာပိုဒ် နားလည်နိုင်စွမ်းကို အားဖြည့်ပေးမှာဖြစ်ပါတယ်။
  • အကြောင်းအရာကို နားမထောင်ခင်မှာ သင့်ကို အကူအညီပေးနိုင်မည့် သဲလွန်စများကို အမြဲတစေ ရှာဖွေ ကြည့်ပါ။ တတ်နိုင်သမျှ ကြိုတင်ခန့်မှန်းမှုများပြုလုပ်ပါ။ မိမိရဲ့ခန့်မှန်းချက်တွေ ပါ-မပါကို အတည်ပြု နိုင်အောင် နားထောင်ပါ။

စကားပြောသူများ (Speakers)
သင်နားထောင်ရမည့် စာပိုဒ်ထဲမှာ အသံဘယ်နှစ်သံပါသလဲ? စကားပြောသူဘယ်နှစ်ဦးပါလဲ? ဆိုတဲ့ အချက်ကို သိထားခြင်းသည် သင်ကြိုတင်ပြီးပြုလုပ်မည့် ပြင်ဆင်မှုကို အထောက်အကူဖြစ်စေပါတယ်။ တစ်ခါတစ်ရံကျတော့ မေးခွန်းတွေထဲမှာ ဘယ်သူတွေ စကားပြောနေတယ်ဆိုတာကို သိသာစေတဲ့ အချက်အလက်ပါတဲ့အတွက် သင့်အနေနဲ့ ဇာတ်ကွက်ကို စိတ်မှန်းနှင့် ပုံဖော်ကြည့်နိုင်မှာ ဖြစ်ပါတယ်။
·         စကားပြောသူ ဘယ်နှယောက်ပါသလဲ? ညွှန်ကြားချက်များကို လေ့လာပါ။ အပြန်အလှန်စကားပြော (dialogue)လား? တစ်ဦးတည်းက ပြောနေသော စကား (monologue)လား?
·         ဖွင့်ပြပေးမဲ့ တိတ်ခွေထဲကစာပိုဒ်သည် လူတွေ့မေးမြန်းခြင်း (interview)လား? ဟုတ်တယ်ဆိုရင် တွေ့ဆုံမေးမြန်းသူရဲ့ မေးခွန်းတွေနဲ့ သင့်မေးခွန်းတွေက တူကောင်းတူနိုင်ပါတယ်။ တူနေပါက သင့်ကို အဖြေအတွက် နားထောင်တဲ့ နေရာမှာ အထောက်အကူဖြစ်စေပါလိမ့်မယ်။

နားမထောင်ခင်လေ့ကျင့်ခန်းများ (Before you listen: exercises)
စာမေးပွဲမှာ စာပိုဒ်ကို နားမထောင်ခင် ဘာတွေကို ကြိုတင်ပြင်ဆင်ထားရမလဲဆိုတဲ့ အကြံပြုချက်တွေကို ဖတ်ပြီးတဲ့နောက် လေ့ကျင့်ခန်းများလုပ်ခြင်းဖြင့် နားလည် မလည်ကို စစ်ဆေးကြည့်ပါ။

No comments:

Post a Comment