Thursday, February 10, 2022

လက်နက်ကိုင်တို့ရဲ့ မျှော်မှန်းချက်များအား သုံးသပ်ခြင်း

လက်နက်ကိုင်တို့ရဲ့ မျှော်မှန်းချက်များအား သုံးသပ်ခြင်း

သိပ်မကြာသေးခင်ရက်များက KIA က စာထုတ်တယ်။ အတိုချုံးပြောရရင် ပြည်ထောင်စုနေ့အခမ်းအနားလာတက်ရင်း ဆွေးနွေးဖို့ကမ်းလှမ်းတာကို မလာဘူးကွာ လို့ ပြန်တုံ့ပြန်လိုက်တာပဲ။ အံမယ် ... KIA တင်လားဆိုတော့မဟုတ်ဘူး။ KNU ကလည်း ခပ်ချေချေပဲရယ် ... ဆွေးနွေးဖို့အကြောင်းမရှိ။ ဘာညာပေါ့။ အဲ ဆရာသမား KIA, KNU နှစ်ဖွဲ့နဲ့အတူ လိုက်ယောင်တာက AA၊ MNDAA၊ TNLA သုံးဖွဲ့။ ရုတ်တရက် ကြည့်ရင်တော့ သူတို့တစ်တွေရဲ့ ပြောကြားချက်တွေက ရိုးရိုးလေးပဲ။ မကျေနပ်ဘူး တိုက်မယ် လာမညှိနဲ့ပေါ့။ ဒါပေမဲ့ လက်နက်ကိုင်တွေရဲ့ တိုက်ကွက်ဖော်မှု နောက်ကွယ် ရည်မှန်းချက်က အဲ့လောက်မရိုးရှင်းဘူးလို့ စာရေးသူ ခံစားလာရတာမို့ ဒီဆောင်းပါး လေးနဲ့ သုံးသပ်တင်ပြပါရစေ။
တစ်နိုင်ငံလုံး ဖေ ၁ နောက်ပိုင်းဖြစ်နေတဲ့အခြေအနေကို သုံးသပ်ရရင် KIA ဟာ PDF တွေကိုသင်တန်းပေးတယ်။ NUG ကိုခိုလှုံခွင့်ပေးတယ်။ အဲ့ကနေတဆင့် NUG နဲ့ နားလှည့်ပါးရိုက်လုပ်ပြီး CIA နဲ့ဆက်သွယ်ကာ အထောက်အပံ့တွေယူပြီး စစ်တိုက်ဖို့ ပြန်လည်ဇောင်းကြွလာတယ်ဆိုပါတော့။ တာဝါတိုင်ကုန်းတိုက်ပွဲမှာ အထိနာသွားတာ ကို မကျေနပ်လို့ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း Urban Warefare တွေမှာ လက်နက်တွေထောက်ပံ့ပေးတယ်။ ခုတော့ ကချင်ရဲ့ ဟိုနေရာ ဒီနေရာတွေမှာ စုစု စုစု တွေ ပြန်လုပ်လာပြန်ပြီလို့လည်း သတင်းရပြန်တယ်။
နောက် KNU ... သူကတော့ အစပထမက PDF တွေကို နေခွင့်ပေးထားရုံလေး ပဲ။ ဟိုလိုလို ဒီလိုလိုနဲ့နေရာကနေ နောက်ပိုင်းမှာ နော်စီဖိုးရာစိန်ဦးစီး အမာလိုင်း အဖွဲ့ တွေက ဖထီးမူတူးဆေးဖိုး ကိုလွှမ်းမိုးနိုင်လိုက်ပြီး ဦးစောရွှေမောင် လို ပုဂ္ဂိုလ် တွေကို ထုတ်ပယ်လိုက်တယ်။ ကရင်တော်လှန်ရေးနှစ်ပတ်လည်နေ့ကစပြီး ထုတ်လိုက် သည့် Statement မှာ မာမာတင်းတင်းစပြောလာပြီး ခုနောက်ဆုံး ပြည်ထောင်စုနေ့ ကိစ္စမှာတော့ ပြောင်ပြောင်တင်းတင်းပင် ခေတ်သတ် မိဇ္ဇိုမ တို့၏ အင်တာဗျူးကို ဗဟို ကော်မတီဝင်တစ်ဦးမှ ဖြေဆိုကာ သွေးတိုးစမ်းလာခဲ့သည်။ တကယ်တော့ ဒီ့မတိုင်ခင် ကတည်းက ဖာပွန်၊ တောင်ငူ စသည့်နယ်မြေတွေမှာ စခန်းသိမ်းတိုက်ပွဲတွေဆင်နွှဲရင်း စမ်းသပ်ကြည့်နေတာမို့ ခုအဆင့်က ကိုင်ကြည့်သည့် အနေအထား ကိုရောက်လာ သည်လို့ ခပ်တင်းတင်းပြောလိုပါသည်။
အဆိုပါ ၂ ဖွဲ့ကို အဓိက အထောင်တိုက်စစ်တွင်ထားကာ နောက်မှ လိုက်ယောင် နေသော AA, MNDAA, TNLA တို့ကတော့ သူ့ဆရာ KIA အလိုကျပင် ကပြသုံးတော်ခံ မယ်ဆိုတာ ဗေဒင်မေးစရာမလို။ AA နှင့် ဒီရက်ပိုင်း တိုက်ပွဲငယ်အချို့ ဖြစ်သည်လို့ အသံတွေကြားရသည်။ MNDAA နှင့်လည်း အရှေ့မြောက်စစ်ဒေသတွင်ဆိုင်ထားသည်။ TNLA တို့ နမ့်ခမ်းမြို့ထဲကို ဝင်ကာ ဆက်ကြေးကောက်လာသည်။ ဒါပေသိ .. သူတို့ကို နိုင်ဖို့ ဆိုတာ KIA အပေါ်များစွာမူတည်နေသည်မို့ ပင်စည်က KIA ဆိုလျှင် AA, MNDAA, TNLA တို့သည် အကိုင်းအခက်များဖြစ်ကြသည်။
သမိုင်းကြောင်းများအရ KIA သည် ၁၉၆၁ ခုနှစ်က ပေါ်ပေါက်ခဲ့ပြီး ၁၉၇၀ ဝန်းကျင်မှာ ငြိမ်းချမ်းရေးရယူပြီး ခေတ္တငြိမ်သက်ခဲ့သည်။ ပြီးတော့ ၁၉၈၈ တပ်မတော် အကြပ်အတည်းဆိုက်နေချိန်မှာ တစခန်းပြန်ထတယ်။ နောက် ၁၉၉၄ မှာ အစောဆုံး ငြိမ်းချမ်းရေးယူပြီး တဖန်ပြန်လည် အင်အားစုပြန်တယ်။ အဲ ၂၀၁၁ သမ္မတကြီး ဦးသိန်းစိန် အစိုးရလက်ထပ်မှာ တဖန်ဇောင်းပြန်ကြွလာပြန်ရော။ တပ်မတော်နဲ့ ရွှေလင်းယုန် စစ်ဆင်ရေးမှာ အကြီးအကျယ် ဆော်ပလော်တီးပြီး သကာလ တပ်တွေ လိုင်ဇာ အပေါက်ဝရောက်ခါမှ မျက်ကလူးဆန်ပြာဖြင့် ငြိမ်းချမ်းရေး ပဲလိုလားသလို နိုဘယ်လ် ဆုပဲယူချင်သလို ပြောပြီး ဆွေးနွေးကာ အနားပြန်တောင်းပြန်တယ်။ ဆိုတော့ KIA က ဂွမ်မော်တို့ဟာ ရှေးမြန်မာဘုရင်လက်ထတ်က ပုန်ကန် ခြားနားတဲ့ကောင်တွေလိုပဲ နိုင်မယ်ထင်ရင် ထကြွလိုက်၊ မနိုင်တော့ရင် လေပြေသွေး လိုက်နဲ့ အကျင့်တွေနဲ့ မရိုးသားဘူးရယ်။ ဒါတောင် ဘာတဲ့ KIA ကို ဘယ်လို သဘောထားလဲ ဆိုပြီး ဆွေးနွေးပွဲတွေမှာ မေးသေးတာ။ စတင်တည်ထောင်ကတည်း က သမိုင်းတစ်လျှောက် ၃ ကြိမ်လောက် တပ်ဒုက္ခရောက်နေတယ်လို့ ယူဆတဲ့အချိန် တိုင်း ထထဂြိုလ်ကြွခဲ့ပေမဲ့ မနိုင်ဘူးဆိုတော့ KIA က ၂၀၁၀ နောက်ပိုင်း နည်းဗျူဟာ ပြောင်းလိုက်တယ်။ ကိုယ်တိုင် စစ်မတိုက်တော့ပဲ လက်နက်ကိုင်အဖွဲ့အသစ်များ မွေးထုတ်ပေးလိုက်တယ်။။ TNLA, AA စသည်တို့သည် KIA မွေးထုတ်ပေးလိုက်သော လက်နက်ကိုင်များပင်။ အဆိုပါ ၂ ဖွဲ့စလုံး၏ အင်အား/လက်နက် အစရှိသည်များသည် KIA ရဲ့ ထောက်ပံ့မှုအလုံးစုံံကြောင့် အရှင်မွေးတော့ နေ့ချင်းကြီးဆိုသလို အင်အား ကြီးထွားလာကာ ခုလိုမျိုး အခြေအနေ ရောက်နေခဲ့ခြင်းဆိုတာ မငြင်းနိုင်။
ဆက်လက်ပြီး လက်ရှိ အဆိုပါ လက်နက်ကိုင်အဖွဲ့များ လှမ်းနေသည့် ခြေလှမ်း ကို သုံးသပ်တင်ပြပါမည်။ မြန်မာပြည်မြေပုံအရ KIA အခြေစိုက်ရာ နေရာသည် မြန်မာ နိုင်ငံမြောက်ဖျားတွင်တည်ရှိပြီး သူ၏ မွေးစားသား AA တည်ရှိရာနေရာသည် မြန်မာ ပြည် အနောက်ဖျားတွင်တည်ရှိသည်။ ဒီနေရာမှာ ဂွမ်မော်၏ ဝမ်ပေါင်နိုင်ငံတော် အိပ်မက်သည် နည်းနည်းတော့ ကြီးမားသည်လို့ပြောလို့ရသည်။ ကချင်ပြည်နယ်သည် နောက်ဘက်တွင် တရုတ်နိုင်ငံနှင့်ဆက်စပ်နေပြီး ကုန်းတွင်းပိတ်ဖြစ်သည်။ ပကတိ အတိုင်းပြောရမည်ဆိုလျှင် ကချင်ပြည်နယ်တွင် တွင်းထွက် ကျောက်သံပတ္တမြား သာရှိပြီး အဆိုပါ Resources တွေနှင့်ဆိုလျှင် အကြာကြီး ရပ်တည်လို့မရ။ ဒါကို ဂွမ် မော် သာမက အကုန်သိသည်။ ဒါဖြင့် အနာဂတ်ကိုမျှော်မှန်းသည် ဂွမ်မော်သည် ဆင်ကြံကြံတော့သည်။ သူ၏ မွေးစားသားဖြစ်သည့် AA ရှိရာ အနောက်ပိုင်း မှ ဝမ်ပေါင်အတွက်လိုအပ်သည့် Resources အချို့ သယ်ဆောင်ဖို့အတွက် ကချင် နှင့် ရခိုင်ကို ဆက်စပ်ရန် လိုအပ်သည်ယူဆလာသည်။ ရခိုင်ဒေသသည် ရေကြောင်း ထွက်ပေါက်ရှိပြီး အိန္ဒိယနိုင်ငံ၊ ဘင်္ဂလားဒေ့ရ်ှနိုင်ငံတို့နှင့် ထိစပ်လျက်ရှိသည်။ ထို့ပြင် ပင်လယ်ပြင်စိုးမိုးမှုရှိသဖြင့် ကုန်စည်စီးဆင်းမှု၊ ကုန်သွယ်မှုလည်း အရေးပါသည်။ ဆိုတော့ ... KIA သည် သူ၏ နေရပ် ဝမ်ပေါင်မှသည် ရခိုင်ဒေသကို ထောက်ပံ့ရေး လမ်းကြောင်းဖောက်ဖို့အတွက် စိတ်ကူးရလာခဲ့သည်။ ယခင်က ကချင်ပြည်နယ် နှင့် ရခိုင်ဒေသကြားတွင် လက်နက်ကိုင်သောင်းကျန်းမရှိခဲ့။ ယခု ၂၀၂၁ ဖေ ၁ ရက်နေ့ ကိစ္စသည် အဆိုပါ အခက်အခဲကိုဖြေရှင်းရန်အတွက် ကံကြမ္မာကဖန်တီးလာသော အခွင့်အရေးတစ်ရပ်ဖြစ်လာသည်။
နိုင်ငံရေးယုံကြည်ချက် သတ်သတ်မှတ်မှတ် မရှိပေမဲ့ သွေးထိုးလှုံ့ဆော်မှုများ ကြောင့် တောတွင်းရောက်လာသော လူငယ်အချို့အား စစ်ကိုင်းနှင့် ချင်းပြည်နယ် တွင် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များ ဖွဲ့စည်းပြီး ဒေသစိုးမိုးရန် ကြိုးစားခိုင်းတော့သည်။ PDF တို့၏ နောက်ကွယ်တွင် တပ်စုအဆင့် ထိ တပ်စုမှူး တာဝန်များကို KIA အရာရှိ များအား ဦးစီးစေပြီး စစ်ဆင်ရေးလှုပ်ရှားမှုတိုင်းတွင် ကြိုးကိုင်လာခဲ့သည်။ ဒီနေရာတွင် ပြောလိုတာက KIA သည် ပန်ကာ့ ထိပ်က ဝက်အူထက်ကို ပိုလည်သည် လို့ပြောရမည် ဖြစ်သည်။ အစပထမပိုင်းတွင် PDF များကို လူသတ်၊ ဗုံးခွဲစသည့် လုပ်ရပ် များကို လုပ်ဆောင်စေပြီး Urban Warfare အတွက် ထိုးကျွေးသည်။ ထိုမှတဆင့် လုပ်သေနတ် များကိုသာ ကိုင်ဆောင်စေပြီး လူအရောက်အပေါက်နည်းသော ဒေသများ ကို စိုးမိုးစေ သည်။ တပ်မတော်စစ်ကြောင်းများနှင့်တွေ့လျှင် လက်လုပ်သေနတ်များ ကြောင့် ဖမ်းဆီးခံကြရသည်။ သေဆုံးကြရသည်။ ဆိုတော့ KIA အရာရှိမပြောနှင့် တပ်သား အဆင့်တောင် စတေးခံရတာမဟုတ်။ ဒါပေသိ ဒါက စစ်ကိုင်းနှင့် ချင်းဘက်ခြမ်းမှာပဲ ဖြစ်သည်။ ကချင်ဘက်မှာတော့ PDF ကလေးငယ်များကို KIA မှ ကွပ်ကဲပြီး တိုက်ပွဲကြီးများတွင် ထိုးကျွေးသည်။ တာဝါတိုင်ကုန်းတိုက်ပွဲတွင် ကျဆုံးသွားသော အလောင်းများအနက် KIA လက်နက်ကိုင်များထက် PDF လူငယ်များပြားလှသည် ဆိုတာ မြေပြင်သတင်းများအရ ကြားသိရသည်။
AA စိုးမိုးနေသော အနောက်အရပ်မှာတော့ တပ်မတော်နှင့်ငြိမ်းချမ်းရေးဆွေးနွေး ထားသဖြင့် တပ်လှုပ်ရှားမှုသိပ်မရှိသော်လည်း တိုက်ပွဲငယ်အချို့ ခုရက်ပိုင်း ပြန်ဖြစ်ပွား သလို ထိုနေရာကိုကျော်လွန်ကာ KNU ဒေသ တွင်လည်း မကြာခင်တွင် စစ်ပွဲသံများ ပြန်ညံလာတော့မည့် စကားခေါ်သံတွေကြားသိလာရပြန်ပြီ။ ဖာပွန်ခရိုင်တွင် ဝန်ထမ်းများ ကို အမြန်ဆုံးထွက်ခွာသွားဖို့ ဆော်သြလာသည်။ ယခင်က လက်နက် အင်အား လူအင်အားချိနဲ့နေသော KNU သည် မကြာမှီ ကျင်းပ တော့မည့် Cobra Gold စစ်ဆင်ရေးကြောင့် လေသံတွေပြန်မာလာတာကတော့ အမှန်ပါပင်။ အမေရိကန် စစ်သည် ၁၀၀၀၀ နှင့် လေ့လာသူ ၅၀၀၀ တက်ရောက်မည့် အဆိုပါ စစ်ရေး လေ့ကျင့်မှု အတွက် လက်နက်ခဲယမ်းများစွာလည်း ကရင်ပြည်နယ် နှင့် နယ်ချင်း ထိစပ်လျက် ရှိသည့် ထိုင်းနိုင်ငံသို့ ရောက်ရှိနေပြီဖြစ်သည်။ CIA နှင့် KNU သည် မကြာခဏ တွေ့ဆုံမှုများရှိပြီး အဆိုပါ တွေ့ဆုံမှုများသည် နေရင်းထိုင်ရင်း အားအား လျားလျား လက်ဖက်ရည်ဆိုင်မှာ ချိန်းတွေ့ခြင်းမဟုတ်ဆိုတာတော့ လူတိုင်း သဘောပေါက်ပါ သည်။ ဒါဖြင့် KNU ဒေသမှတဆင့် အချို့သော စီးဆင်းမှုများ KIO နှင့် ချိတ်ဆက်ဖုိ့ အတွက်လည်း လိုအပ်လာပေသည်။ အကြောင်းကတော့ ယခင်က အားကိုးခဲ့ရသော တစ်ဖက်နိုင်ငံကိုကျော်လွန်ကာ CIA ၏ သြဇာတွေလွှမ်းမိုးတာလည်း ပါမည်။ ဂွမ်မော် သည် ကချင်၊ ချင်း၊ စစ်ကိုင်း၊ ရခိုင်နှင့် ကရင်ပြည်နယ်တို့ကို တောက်လျှောက် လမ်းကြောင်းဖောက်ချင် သည့်အတွက် စစ်ကိုင်းနှင့် ချင်းတွင် တိုက်ကွက်တွေ ဆက်ဖော်လာနိုင်မည်မှာ မလွဲပေ။ မြေပုံပေါ်တွင်တင်ပြထားသည်များကို ကြည့်လျှင် မြင်နိုင်ပါသည် ... သိနိုင်ပါသည်။
လက်ရှိ ဆွဲထားသော မဟာဗျူဟာအတွက် လိုအပ်နေတာ တစ်ခုတော့ရှိ သေးသည်။ KNU နှင့် မဟာမိတ်ဖြစ်ဖို့ပင်။ KNU သည် ယခင် KIA ချွတ်တား ဘဝကတည်းက လက်နက်ကိုင်အဖွဲ့ကြီးအဖြစ်တည်ရှိနေသဖြင့် ဖထီး တို့မှ ဂွမ်မော်ကို သိပ်ပြီး လူရာမသွင်း လှမ်းညှိဖို့ကလည်းခက်နေသည်။ နောက်တစ်ခု က KNU သည် သူ၏ တပ်မဟာ (၅) နယ်မြေကို ဘယ် လက်နက်ကိုင်အဖွဲ့မှ ခြေချခွင့်မပြုနိုင်။ အဓိက အကြောင်းက တပ်မဟာ (၅) နယ်မြေမှာ KNU အတွက် စီးပွားရေးပင်စည်နေရာလေ။ တကယ်လို့ စောစောက ပြောတဲ့ မဟာဗျူဟာ လမ်း ကြောင်းကြီးဖောက်မယ်ဆိုရင် တပ်မဟာ (၅) ကိုဖြတ်ရမှာ။ အဲ့ကျ အခြား လက်နက် ကိုင်အဖွဲ့တွေဝင်ထွက်ကြမှာ။ ဒါကြောင့် KNU က ခွင့်တော့မပြုနိုင်ဘူး။ သူတို့ ခွင့်ပြုဖို့ နေနေသာသာ KNU က တပ်မဟာ (၅) ကို တပ်က တိုက်မှာတောင်စိုးရိမ်လို့ အဲ့ဘက် ခြမ်းမှာ တပ်တွေလှုပ်လာ ရင် အခြားနေရာတွေမှာ တိုက်ကွက်ဖော်ပြခဲ့တာလေ။ ဒါက စကားချပ်ပါ။ ဒီတော့ KNU နဲ့ သဘောတူညီချက်မရခင် လက်ချင်းမတွဲခင်အထိ KIA ဟာ ကချင်၊ ချင်း၊ စစ်ကိုင်း၊ ရခိုင် စတဲ့ တောက်လျှောက်ကို စိုးမိုးဖို့ အကောင်အထည် ဖော်နေတာ လက်ရှိ ဖြစ်စဉ်တွေကို ကြည့်ရင်သိနိုင်ပါတယ်။
နိဂုံးချုပ်ရရင် လက်နက်ကိုင်များသည် ရိုးရှင်းသော အတွေးများရှိသည်မဟုတ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှပေးထားသည့် ဖယ်ဒရယ်ဆိုသည့် အခွင့်အရေးကို ကျော်လွန် ကာ ဖယ်ဒရယ်စကွဲယား(အတိုင်းထက်အလွန်ဖယ်ဒရယ်) ကို လိုချင်သည် မှာ ငြင်း ချက်ဘယ်သူထုတ်မည်နည်း။ ခုကတော့ နည်းနည်း ကြောက်ဖို့ကောင်းသည်။ မြန်မာနိုင်ငံမြေပုံကြီးကို မြောက်မှသည် အနောက်၊ အနောက်မှသည် အရှေ့တောင်ဆီ သို့ ဖြတ်ဖောက်လိုသည့် အကြံကတော့ မဟာဗျူဟာအတော်ကျသည်လို့ပြောရမည်ဖြစ် သည်။
ကဲကဲ ... ဒီဆောင်းပါလေးကိုဖတ်ပြီး မိဘရင်ခွင်ကိုပစ် လက်နက်ကိုင်နယ်မြေ မှာ ခိုလှုံပြီး သကောင့်သားတွေအတွက် စစ်တိုက်ပေးနေတဲ့ ကလေးတွေ အမြင်မှန် ရကြပါစေ။ တကယ်တော့ ကလေးတို့ ခိုလှုံနေတဲ့ လက်နက်ကိုင်တွေဟာ ပန်းနုသွေး တွေမဟုတ်ဘူးကွဲ့ ... ဂွမ်မို့မို့အေး တွေ။ ကလေးတို့ရဲ့ တော်လှန်ရေးကြီး အောင်မြင် တာမအောင်မြင်တာထက် သူတို့ အာဏာစက်ဖြန့်ချင်နေကြတာ။ မယုံရင် တစ်ခုပဲ သက်သေပြလျက်ပြောလိုသည်။ ဘာလို့ ကချင်ပြည်နယ်မှာ ဗုံးမခွဲ၊ လူမသတ်ခိုင်းပဲ ရန်ကုန်၊ မန္တလေးကိုပဲ ဗုံးခွဲ၊ လူသတ်ခိုင်းနေသနည်း။ ဘာလို့ ကချင်ပြည်နယ်မှာ ကျောင်းတွေမပိတ်ခိုင်းပဲ ရန်ကုန်၊ မန္တလေးမှာပဲ ကျောင်းတွေပိတ်ခိုင်းသနည်း။ နဖူး ပေါ်လက်တင်စဉ်းစားကြည့်ကြပါ ... ငါ့ညီတို့ ငါ့ညီမတို့ရေ။ လက်နက်ကိုင်တို့ရဲ့ မျှော်မှန်းချက်က နွေဦးတော်လှန်ရေးမဟုတ်ဘူး .... လက်နက်ကိုင်အုပ်စိုးခွင့်ပါပဲလို့ ပြောကြားရင်း ။။။
မင်းထက်ကျော်ဇော

No comments:

Post a Comment