Saturday, February 12, 2022

ကြုံခဲ့ဖူးတဲ့တပ်စစ်ဆေးခြင်းအမှတ်တရ

ကြုံခဲ့ဖူးတဲ့တပ်စစ်ဆေးခြင်းအမှတ်တရ

        ရန်ကုန်တိုင်း ဝန်ကြီးချုပ်သစ် ကဦးစိုးသိန်း ဆိုလို့ လွန်ခဲ့တဲ့ ၇ နှစ် ကခလရ ( ၆၂) မှာ တပ်ရေးဗိုလ်ကြီးတာဝန်ထမ်းဆောင်ခဲ့စဉ် ကာလတွေ ကိုပြန်သတိရမိတယ်။
အဲဒီတုန်းက ဒုတိယဗိုလ်ချုပ်ကြီးတစ်ယောက် (၅) ရက်အတွင်း တပ်လာစစ်ဆေးမယ်ဆိုလို့ ကျွန်တော်ရယ်ဌာနချုပ်တပ်ခွဲမှူး ရယ် တပ်ထောက်ဗိုလ်ကြီးရယ်နောက်တန်းကျန် စစ်သည် ရဲမေတွေ သောက ရောက်နေခဲ့ရတဲ့ အချိန်ပေါ့။
ပြင်ဆင်ချိန် တိုတောင်း လွန်းတော့ ဘယ်ကနေ ဘယ်လို စပြင်ရမှန်း ကို မသိတော့အောင် ပျာယာခတ် ထူပူနေခဲ့မိတယ်။
မှန်ရာကိုပြောရရင် ကျွန်တော့် တပ်ကအာရှ ဟိုင်းဝေး လမ်း မကြီး ဘေးမှာရှိတဲ့အပြင် ကျိုက်ခမီ စက်စဲ နဲ့ လည်း နီးနေပြန်တော့ မြန်မာပြည်မှာ လူကြီးတပ်အစစ်ဆေးခံရဆုံး တပ်တွေထဲမှာ တစ်တပ်အပါအဝင်မို့ တပ်စစ်ဆိုတဲ့ ဆေး ခါးကြီးကိုမကြာခဏသောက် နေကြလေ။
အဲဒီကာလ ကျွန်တော့်ရဲ့ ရေးဗက တာဝန်တစ်နှစ် အတွင်း တိုင်းမှူး က ( ၂) ကြိမ် တပ်မမှူး က ( ၃) ကြိမ်၊ ဗျူဟာမှူးတွေက တော့ အကြိမ်ရေ ဘယ်လောက်မှန်းကို မသိလောက်အောင်ပင် အကြိမ်ကြိမ်အစစ်ဆေးခံခဲ့ပြီးပြီမို့ လူတွေလည်း ဖက်ဖက်ကို မော နေတော့တာပါပဲ။
တပ်စစ် တယ် ဆိုတာကလည်း ဂိမ်ကစားသလိုပဲ။ တစ်ဆင့်ပြီး တစ်ဆင့်မြင့်လာလိုက်တာဒီတစ်ကြိမ်က ဒုတိယဗိုလ်ချုပ်ကြီး အဆင့်ထိကို ရောက်လာခဲ့ပြန်ပြီ။
ဒီဂိမ်း မအောင်မြင်ရင် ဘာဖြစ်မလဲ။
ကြိုတွေးထားသလောက်တော့ အရေးယူခံရမှာပေါ့။ရှေ့မှာလည်း တိုင်းမှူးတပ်စဉ်ဆေးစဉ်က ကိန်းဂဏန်းအချက်အလက်တွေဖောင်းပွစွာ တင်ပြလို့ဆိုပြီး ကျွန်တော် နဲ့ဌာနချုပ်တပ်ခွဲမှူး တိုင်းမှူးသတိပေးဆုံးမလက်မှတ်ထိုးခဲ့ရဖူးတယ်။
တိုင်းမှူးက ကျွန်တော်တို့ ကို သနားသောအားဖြင့် ကြည်း ရေး ထူး မပို့တော့ဘူးဆိုလို့ မှတ်တမ်းပဲ အတင်ခံခဲ့ရတယ်။မှတ်တမ်းမဝင်လိုက်တာ ကံကောင်းသွားတယ်ဆိုပါတော့။အခုတော့ အတူတွဲလုပ်ခဲ့တဲ့ ဌနခမှူး က တပ်ရင်းမှူးဖြစ်နေပါပြီ။
ဒီလိုနဲ့ပဲ တပ်စစ်ရက် မတိုင်မီ တစ်ရက်အလိုမှာထူးထူးဆန်းဆန်း ညွှန်ကြားချက်တစ်ခုဝင်လာပါတယ်။
လာစစ်မဲ့ လူကြီးကို ဟင်းခွက် အများကြီးမပြင်ရ။ဟင်း အမယ်တစ်မျိုးနဲ့ ငါးပိရည်တို့စရာ အစိမ်းကြော် ပဲ ပြင်ရမယ်လို့ ညွှန်ကြားလာပါတယ်။မကြာဖူးသေးတဲ့အမိန့်မို့ အံ့သြမိခဲ့တယ်။
တပ်စစ်တဲ့နေ့ ဗဟိုကင်းစစ်တော့ သေနတ်မြှောက်အ လေးပြုရင်းတပည့်တစ်ယော က်က ကျည်အိမ်ပြုတ်ထွက်သွားလို့ကျွန်တော်လည်း ဘုရားတွေအကြိမ်ကြိမ် တမိပါတော့တယ်။ဒီမှာတင် ဗိုလ်ချုပ်ကြီး က မင်းတို့ တပည့်တွေ က အားထည့်တယ်ကွ ပြောတော့ ကျွန်တော့် ရင်ထဲ က အပူသောကတချို့ ပြေပျောက်စပြုလာခဲ့တယ်။
အရပ် ( ၆) ပေလောက်ရှိတဲ့ ဗိုလ်ချုပ်ကြီးဟာ ဥပဓိရုပ်ကောင်းရုံတင်မဟုတ်ဘဲစိတ်သဘောထား ပြည့်ဝ ကြောင်း ကိုတပ်စစ်ရင်း သိလာရတယ်။ ဗိုလ်ချုပ်ကြီးတစ်ယောက်ဆိုတာထက်ကျောင်းဆရာတစ်ယောက်လို စိတ်ရှည်ရှည် ရှင်းပြ သင်ပြပေးတာမို့ လည်း ရင်ထဲက အလုံးကြီးကျသွားခဲ့ရတယ်။
သူရှင်းပြနေချိန် ဓာတ်ပုံရိုက် မှတ်တမ်းယူတာမျိုးကို မကြိုက်ဘူး။ဖော်ရှိူးတွေ မလုပ်နဲ့တဲ့။
(၃) ည အိပ် (၄) ရက်တပ်စစ် ဆေးတာမို့(၃) ရက် မြောက်နေ့မှာ နောက်ချန်အရာရှိ စစ်သည် ရဲမေ တွေ တွေ့မယ်ဆိုလို့ ကျွန်တော့် မှာ ခန်းမဆောင်ကို ပြင်ရတာပေါ့။အဝိုင်းပေါက် စာလုံးတွေကပ်။
ခုံတွေပြင်။မိုက်စတန်း စင်ကာစလို့ အကောင်းဆုံး ဖြစ်အောင် ပြင်နေတယ်ဆိုတဲ့ သတင်းကြားလို့ ကျွန်တော့်ကို ခေါ်ပြောပါတယ်။
စစ်သည် ရဲမေ တွေ တွေ့ဖို့ ကိစ္စ မင်းအထွေအထူး ပြင်မနေနဲ့။မင်းတပ်မှာ အရိပ်ကောင်းကောင်းသစ်ပင်တွေ ရှိတယ်မဟုတ်လားတဲ့။
ကျွန်တော်လည်း ရှိတယ်လို့ ဖြေတော့မနက် ဖြန် နေ့လည်စာ စားပြီးတာနဲ့ စစ်သည် ရဲမေတွေ ကို အရိပ်ကောင်း ကောင်းသစ်ပင် အောက်မှာသာ စုထားလိုက်။
ငါအဲဒီမှာပဲ တွေ့မယ်တဲ့။
စစ်သည်ရဲမေတွေနဲ့တွေ့ တော့ ငါ့နာမည် ဘယ်လိုခေါ်လဲ လို့ မေးတဲ့ အခါ စစ်သည်/ရဲမေတွေက ဗိုလ်ချုပ်ကြီးစိုးသိန်း လို့ ပြိုင်တူဖြေကြတာပေါ့။
ဒီမှာတင် စိုးသိန်း စိုးသိန်းတဲ့။ဦးစိုးသိန်း ဆိုရင်ပိုမှန်တယ်။ဒီရာထူးတွေ ဆိုတာ က မမြဲဘူး။
ဦးစိုးသိန်း က မြဲတယ် ဆိုပြီး စစ်သည် ရဲမေတွေ ကို နွေးနွေးထွေးထွေး ဆက်ဆံခဲ့တဲ့ဗိုလ်ချုပ်ကြီးတစ်ယောက်။လိုအပ်ချက်တွေ မေးမြန်းပြီး သူလုပ်ပေးနိုင်သမျှလုပ်ပေးသွားခဲ့တယ်။
နောက်ဆုံးနေ့ က ပိစိတ်ဝင် စားစရာ ကောင်းပြန်တယ်။
ကျိုက်ခမီ ဘုရားသွားဖူးမယ် ပြောလို့အရင် တပ်စစ်နေကြ လူကြီးတွေ တုန်းကလို တပ် ထောက်ဗိုလ်ကြီးဦးစီးပြီး စစ်သည် ရဲမေတွေ ကြိုလွှတ်တာပေါ့။ဒါ့အပြင် ဒေသခံပြည်သူ့စစ် နဲ့ အုပ်ချုပ်ရေးမှူးတွေ ကို ပါလာတွေ့ပေးဖို့ဖုန်းဆက် ချိပ်ဆက်ထားတယ်။
အရင်ကဆို နဂါးစာ က အစ ငါးစာအဆုံးထိ ပြင်ပေးထားရသလို ဘုရားကပ်ဖို့ပန်း ဆီး မီး ပါအဆင်သင့် လုပ်ပေးနေကြမို့ အတွေ့အကြုံက များပြီလေ။
ဒါကိုသိတဲ့ ဗိုလ်ချုပ်ကြီး က မင်းဘယ်သူ့မှလည်း မကြိုခိုင်းနဲ့။ဧည့်ခံဖို့ လည်း မလုပ်နဲ့
တဲ့။သူ့ ကားသမားတစ်ယောက် ကို ခေါ်ပြီး သာမာန်အရပ်သား တစ်ယောက် လို
အေးအေးချမ်းချမ်း နဲ့ ဘုရားသွားဖူးပြီးပြန်လာ ခဲ့တယ်။
ဘုရားဖူး ပြန်ရောက်တော့ အရာရှိရိပ်သာရှေ့မှာ ကျွန်တော့် ကို လက်ဆွဲနှုတ်ဆက်ပြီးမင်း ငါတို့ အဖွဲ့ ကို တပ်စစ်စဉ် တစ်လျှောက်ထမင်းကျွေးခဲ့လို့ ကျေးဇူးတင်တယ် တပ်ရေးဗိုလ်ကြီး ဆိုပြီး နှုတ်ဆက်သွားတယ်။သူ့ကိုကန်တော့ ပြန်တော့ လည်း ဘာလက်ဆောင်မှ လက်မခံဘဲလက်ဗလာနဲ့ သာကန်တော့ခွင့်ပြုခဲ့တယ်။
တစ်သက်နဲ့ တစ်ကိုယ် စစ်သက် နှစ်ပေါင်း(၂၀) အတွင်း လက်ဆွဲနှုတ်ဆက်ခဲ့တဲ့ဗိုလ်ချုပ်ကြီး က လည်း သူတစ်ယောက်ပဲ ကြုံဖူးသလို ကျေးဇူးတင်တယ် ပြောတဲ့လူကြီးလည်း သူတစ်ယောက်ပဲ တွေ့ဖူးပါတယ်။ရင်ထဲမှာ ပီတိ ဖြစ်လိုက်တာ မှမျက် ရည်ပါ ဝဲ မိတယ်။
ကိုယ်ကျိုးအတ္တအနည်းဆုံး နဲ့ တပ်စစ်သွားသလို ဆူတာ ဆဲတာလည်း မခံလိုက်ရဘူး။
ဗိုလ်ချုပ်ကြီး ဘယ်ရောက်နေသလဲ လို့မကြာခဏ တွေးဖူးပေမဲ့ ဘာသတင်းမှ မရခဲ့ပါဘူး။ဒါပေမဲ့ ကျွန်တော့်ဘဝမှာတော့ အမှတ်တရ အဖြစ်ရှိနေဆဲပါ။
အခုတော့ ရန်ကုန်တိုင်းဝန်ကြီးချုပ် သစ်ဦးစိုးသိန်း ( DSA-24) ဟာ တစ်ချိန်က
ကျွန်တော့် တပ်ကို တစစချုပ် ဒုတိယဗိုလ်ချုပ်ကြီးစိုးသိန်း အဖြစ်နဲ့တပ်စစ်သွားသူ ဖြစ်နေမှန်းသိလိုက်ရတဲ့ အခါမှာတော့ အတိုင်းမသိဝမ်းသာမိခဲ့သလို ရန်ကုန်သားတွေ ကံကောင်းတယ်လို့ ပြောရမှာပါ။
ဒုဗိုလ်ချုပ်ကြီးစိုးသိန်း( ငြိမ်း) ခေါ် ဦစိုးသိန်းအား အမြဲတမ်းလေးစားလျက်ပါ။
အောင်မြင်ပါစေလို့ ဆုတောင်းနေပါတယ်။
အောင်နိုင်သူ

No comments:

Post a Comment