Friday, February 11, 2022

အမျိုးဇာတ်

အမျိုးဇာတ်

တရံရောအခါ ဟိမဝန္တာတောအုပ်အတွင်း တစ်ခုသော ကညင်ပင်ကြီးတစ်ခုအားအမှီပြုလျက် ဇရက်ငှက်တစ်အုပ်တို့နေထိုင်ကြကုန်၏။
ထိုကညင်ပင်ကြီးပင်စည်၏ လက်တစ်ခုပ်အမြင့်နေရာ သစ်ခေါင်းပေါက်တစ်ခုအတွင်း၌ မူ ဇီးကွက်မိသားစုတစ်စုသည်နေထိုင်လေ၏။
တစ်နေ့သောအခါ ထိုကညင်ပင်ကြီးဆီသို့ စွေ့ငှက်တစ်ကောင်သည်ရောက်လာလျက် ဇရက်ငှက်အပေါင်းတို့အား••
"အို••အဆွေတို့ ငါသည် အရှေ့ဖက်အရပ်မှ မုန်တိုင်းနှင့် အတူလွင့်ပါလာလျက် တစ်ကောင်တည်းအဖော်ကွဲကာ ကြီးစွာဆင်းရဲဒုက္ခရောက်နေသူဖြစ်၏••ငါ့အားသနားသဖြင့် သင်တို့နှင့်အတူနေထိုင်ခွင့်ပြုပါရန်တောင်းပန်ပါသည်"
ဟု သနားစဖွယ်ညှိုးငယ်စွာခွင့်ပန်လေ၏။ထိုအခါ ဇရက်ငှက်တို့လည်း စွေ့ငှက်ကို သနားသဖြင့် ၎င်း တို့နှင့်အတူ နေထိုင်ခွင့်ပြုလိုက်လေလျင် အသက်အရွယ်ကြီးရင့်သော ဇရက်အိုတို့က••
" အမောင်တို့ ဤ စွေ့ငှက်သည် ငါတို့နှင့် အမျိုးနွယ်ချင်းလည်းမတူ စရိုက်ချင်းလည်းကွဲပြား၏ ကြာရှည်ခွင့်ပြုရန်မသင့်ပေ"
ဟုတားမြစ်ကြကုန်၏။
အရွယ်ကောင်းနုပျိုသောဇရက်ငယ်တို့ကား ဇရက်အိုတို့စကားကိုအလေးမထား စွေ့ငှက်ကို ကြာရှည်စွာလက်ခံထားကြကုန်ရာ များမကြာမီ စွေ့ငှက်သည် ဇရက်ပျိုမငယ်တစ်ကောင်နှင့် ယဥ်ပါးခြင်းဖြစ်လေ၏။
ထိုမှမကြာတင်မီ ထိုစွေ့ငှက်နှင့် ဇရက်ပျိုမတို့မှအစပြုလျက် များစွာသော ငှက်ကပြားငယ်တို့ ပေါက်ဖွားလာလျက် ကညင်ပင်ကြီး၏ အကိုင်းအခက်အရွက်များတွင်တွယ်ကပ်နေသည် ပိုးမွှားကောင်တို့ကိုထိုးဆိတ်ရှာဖွေစားသောက်ကြသည်ရှိသော် အကိုင်းအခက်အရွက်အလက်တို့ များစွာပျက်စီးခြင်းသို့ရောက်လေ၏။
မိုးကာလသို့ရောက်သောအခါ လုံခြုံသောအကိုင်းအခက်အရွက်အလက်တို့ ပျက်စီးခြင်းကြောင့် ဇရက်ငှက်အပေါင်းမှာ လေဒဏ်မိုးဒဏ်တို့ကို ခံစားကြရလျက်ကြီးစွာသောဆင်းရဲပင်ပမ်းခြင်းဒုက္ခရောက်ကြကုန်တော့၏။
ထိုအခါမှ••ဇရက်ငှက်ပျိုတို့သည် ဇရက်အိုတို့၏ စကားကိုနားမထောင်ခဲ့ကြခြင်းအားများစွာနောင်တဖြစ်လျက် စွေ့ငှက်နှင့်၎င်း ၏မိသားစု အမျိုးပျက်ကပြားငှက်တို့အားလည်းကောင်း ကညင်ပင်ကြီးအားလည်းကောင်း စွန့်ခွာလျက် အခြားသော အရပ်တစ်ပါးသို့ ပြောင်းရွေ့သွားကြရကုန်သည်ရှိသော်••
ထိုအချင်းအရာအလုံးစုံတို့ကိုတွေ့မြင်သိရှိနေသော
သစ်ခေါင်းအတွင်းရှိ ဇီးကွက်က သူ့ဇနီးဇီးကွက်မ
နှင့် ကလေးတို့အား••
" အို••ရှင်မနှင့် ငါ့ချစ်သားချစ်သမီးတို့•••
ဇရက်ငှက်အပေါင်း၏ အဖြစ်ကိုရှုလော•••မိမိနှင့် အမျိုးအနွယ် မတူဇာတ်မတူ စရိုက်လက္ခဏါ မတူညီသော စွေ့ငှက်အား လက်ခံမိသဖြင့် မိမိတို့အမျိုးနွယ်သည်လည်းကောင်း မှီခိုရပ်တည်ရာနေရာသည်လည်းကောင်းပျက်စီးရချေပြီ•လောက၌ ကျေးဇူးကိုသိရာ၏••စောင့်ထိမ်းအပ်သည်ကို စောင့်ထိမ်းရာ၏••ယခုမူ စွေ့ငှက်သည်
ကျေးဇူးမသိရာ••ဇရက်ပျိုမသည်ကား စောင်းထိမ်းအပ်သည့်အရာကို မစောင့်ထိမ်း မိမိနှင့် အမျိုးမတူ
အနွယ်မတူ ဇာတ်မတူသောသူအားယဥ်ပါးလက်ခံခြင်းပြုဘိ၏•••မပြုအပ်သည်ကိုပြုမိခြင်းကြောင့်
အမျိုးတို့ ဖယ်ကျဥ်ခြင်း မျိုးနွယ်ပျက်စီးခြင်း နေရာပျက်စီးခြင်း ဖြစ်တတ်လေ၏" ဟုဆုံးမလျက်
၎င်း တို့သည်လည်း လေဒဏ်မိုးဒဏ်မလုံခြုံတော့သော ကညင်ပင်ကိုစွှန့်ခွာလျက်အခြားသောလုံခြုံသည့်နေရာတစ်ခုသို့ ပြောင်းရွှေ့သွားကြလေတော့သတည်း။
ငွေစံသော်
11•2•2022
PM 2:20

No comments:

Post a Comment