နီးရာဓားကြောက်ရတယ်။ အားမတန်ရင် မာန်လျော့ရတယ် ဆိုတာအမှန်ပဲ။
အခု ယူကရိန်း ကိစ္စကိုကြည့်ပါ။
ဒါ့အပြင် ကမ္ဘာမှာ စစ်အင်အား အကြီးမားဆုံး နေတိုး စာချုပ် အဖွဲ့ကို ဝင်ရောက်နိုင်ဖို့ လျောက်ထားခဲ့တဲ့ နိုင်ငံလည်း ဖြစ်ပြန်တယ်။
အခု ရုရှား က တကယ်စတိုက်တော့ ယူကရိန်းက ကိုယ်ဖြစ်ကိုယ်ခံပဲ။ အမေရိကန်ကလဲ ရုရှားကို ထိထိရောက်ရောက် ပြန်တိုက်နိုင်မယ့် စစ်ရေးအကူအညီ ဘာမှ မပေးဘဲ ပါးစပ်သေနတ်ပစ်နေသလို နေတိုးကလည်း ရူးချင်ယောင် ဆောင်နေတဲ့။
ရှရုားကို စကားတောင်မာမာပြောပြီး ပြန်ခြောက်လှန့်တာမျိုးမရှိဘူး။
ကျိန်းသေတာကတော ယူကရိန်း အစိုးရနဲ့ ပြည်သူတွေ ရွေးချယ်မှု မှားသွားခဲ့တယ်၊ မိမိ တိုင်းပြည်ရဲ့ ပထဝီ နိုင်ငံရေး ပကတိ အခြေအနေနဲ့ လုံးဝဆီလျော်မှု မရှိတဲ့ အနာဂတ် မျှော်မှန်းချက် တစ်ခုကို ချမှတ် မိခဲ့ကြတယ် ဆိုတာပါပဲ။
ယူကရိန်း နိုင်ငံဟာ ဆိုဗီယက် ပြည်ထောင်စုဝင် နိုင်ငံတစ်ခု ဖြစ်ခဲ့ပြီး ရုရှားနိုင်ငံရဲ့ ပထဝီနိုင်ငံရေး အရနဲ့ စစ်ရေးအရ မဟာဗျူဟာမြောက် အရေးကြီးတဲ့ နိုင်ငံဖြစ်တယ်။
အဲ့တာကို ယူကရိန်းလဲ သိခဲ့တယ်။ ဒါ့အပြင် ရုရှားနဲ့ တကယ်စစ်ဖြစ်ရင် ယူကရိန်းက သူ့ချည်းပဲ ဘယ်လိုမှ နိုင်အောင် မတိုက်နိုင်ဘူး ဆိုတာလဲ သိခဲ့တာပဲ။
သူက အမေရိကန်နဲ့ နေတိုးကို အားကိုးပြီး ရှရှားကို ထီမထင်သလို လုပ်ခဲ့တာတွေ ရှိတယ်။ ယူကရိန်းနိုင်ငံမှာ နိုင်ငံရေး စနစ် စတင်ပြောင်းခဲ့တာ စီအိုင်အေ စနက်နဲ့ မကင်းဘူး ဆိုတဲ့ သတင်းတွေလဲ ဟိုးတုန်းက ဖတ်ဖူးပါတယ်။
အရင် သမ္မတ အဟောင်းက ရုရှားကို လိုလားသူဖြစ်တယ်။ နောက်ပိုင်း နိုင်ငံရေး မတည်မငြိမ်ဖြစ်ပြီး ရုရှားကို ထွက်ပြေးသွားရတာလဲ ဖတ်ဖူးတယ်။ အဲ့ဒိတုန်းက ရုရှားက ဘာမှ သိပ်မလုပ်နိုင်ဘဲ ထိုင်ကြည့်နေရတယ်။ သူက အာဖဂန် နစ္စတန် စစ်ပွဲမှာ ရှုံးထားတာကြောင့်လဲ ဖြစ်မယ်။
အခုတစ်ခု ထူးဆန်းတာက အမေရိကန်ဟာ အာဖဂန် နစ္စတန် စစ်ပွဲမှာ ရှုံးပြီးတဲ့ နောက်မှာ ရုရှားက ယူကရိန်းကို ကျူးကျော်ဖို့ ပြတ်ပြတ်သားသား ဆုံးဖြတ်ချက် ချလိုက်တာပဲ ဖြစ်တယ်။
အမေရိကန် ပြည်သူတွေက သူများနိုင်ငံရဲ့ စစ်ပွဲတွေမှာ ဝင်ပါပြီး အသက်တွေ ငွေတွေ အဆုံးရှုံးခံဖို့ စိန်မဝင်စားကြတော့တာကို ပူတင်က သိလို့ လုပ်ချလိုက်တာလဲ ဖြစ်နိုင်တယ်။
ဒါဖြင့်ရင် နေတိုး စစ်အဖွဲ့ကြီးကရော ဘာလုပ်နေသလဲ။ အမှန်တော့ နေတိုး အဖွဲ့မှာလဲ အမေရိကန် ကြီးစိုးနေတာပါပဲ။ အမေရိကန်က မလှုပ်တော့ ကျန်တဲ့နိုင်ငံတွေက အေးဆေးပေါ့။ ဆင်ခြေပေးရတာကလွယ်တယ်လေ တတိယ ကမ္ဘာစစ် မဖြစ်အောင် ရှောင်တယ်ပေါ့။
ယူကရိန်းကို ကမ္ဘာကြီး အတွက် စတေးလိုက်တယ်ပေါ့။ ယူကရိန်း အစိုးရနဲ့ ပြည်သူတွေက ဘယ်လို ခံစားကြမလဲ။ သနား စရာ၊ စာနာစရာ မကောင်းဘူးလား။ နိုင်ငံရေး ဆိုတာ အဲ့တာပါပဲ။ ကိုယ်နစ်နာမှာကို ရှောင်ချင်ရင် သူများကို ထိုးကျွေးတာပဲ။ အများသူငါ လက်ခံနိုင်မယ့် ဆင်ခြေတွေတော့ ဖန်တီးရတာပေါ့။
အခု ယူကရိန်းမှာ ဖြစ်နေတာတွေဟာ ကျွန်တော်တို့ မြန်မာနိုင်ငံ ပြည်သူတွေအတွက် အထူးသတိထား လေ့လာစရာ သင်္ခန်းစာယူစရာဖြစ်တယ်လို့ ကျွန်တော် သဘောပေါက် နားလည်ပါတယ်။
မြန်မာပြည်သူ အများစုရဲ့ နိုင်ငံရေး အယူအဆက အမေရိကန်နဲ့ အနောက်နိုင်ငံတွေ ဘက်ကို ယိုင်တယ်။ အဲ့ဒိနိုင်ငံတွေက အကူအညီတွေ အရမ်းလိုချင်တယ် အဲ့ဒိနိုင်ငံတွေနဲ့ ဖြစ်နိုင်ရင် မဟာမိတ်ဖွဲ့ချင်တယ်။
အခြားတစ်ဖက်မှာလဲ မြန်မာနိုင်ငံဟာ ကမ္ဘာမှာ စစ်ရေးနဲ့ စီးပွားရေးအင်အား ဒုတိယ အကြီးမားဆုံးဖြစ်ပြီး လူဦးရေ အများပြားဆုံး ယောကျာ်းသားတွေ အများပြားဆုံး တရုတ်နိုင်ငံနဲ့ ကားလမ်းပေါက်နေတဲ့ နိုင်ငံဖြစ်ပါတယ်။ နိုင်ငံရေးအရ ဆိုရင် တရုတ်နိုင်ငံဟာ အမေရိကန်နဲ့ရော ဥရောပ သမ္မဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေနဲ့ပါ ပြတားတစ်လမ်း သံတစ်လမ်းဖြစ်နေပါတယ်။ သူ့နိုင်ငံ အမျိုးသား လုံခြုံရေးအတွက် တရုတ်နိုင်ငံက အဲ့ဒိနိုင်ငံတွေကို သတိကြီးကြီးထားပြီး ဆက်ဆံနေပါတယ်။
ဒါ့အပြင် တရုတ် သမတ္တ ရှီကျင့်ဖျင် လက်ထက်မှာ တရုတ်နိုင်ငံရဲ့ နိုင်ငံခြားရေး ပေါ်လစီဟာ သူများနိုင်ငံက လာကြောတာမျိုးကို လုံးဝလက်မခံတဲ့၊ စွာတဲ့ဘက်ကို ရောက်လာပါတယ်။
တစ်ခါ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံကို သူ့နိုင်ငံ အမျိုးသားလုံခြုံရေး အတွက် ပထဝီနိုင်ငံရေး ရှုထောင့်ကကြည့်ရင် မဟာဗျူဟာမြောက် အရေးကြီးတဲ့ နိုင်ငံလဲ ဖြစ်ပါတယ်။
ကျွန်တော့ မျက်စိထဲမှာတော့ ယူကရိန်း ရဲ့လက်ရှိ အခြေအနေဟာ မြန်မာ့နိုင်ငံရေးနဲ့ အာရှဒေသတွင်း နိုင်ငံရေးကို စိတ်ဝင်စားကြတဲ့ မြန်မာနိုင်ငံသားတွေ အတွက် အလွန် စိတ်ဝင်စားစရာကောင်းတဲ့ ဖြစ်ရပ်လေ့လာချက် case study တစ်ခုဖြစ်တယ်လို့ ရှုမြင်ပါတယ်။
ဒေါက်တာကျော်ကိုကိုဝင်း
No comments:
Post a Comment