" CDM " မလုပ်ခဲ့သော နိုင်ငံ့ဝန်ထမ်းများနှင့် " Social Punishment " ခံနေရသူများအတွက် "
ဤဆောင်းပါးကို ရေးရခြင်းအကြောင်းမှာ " CDM " မလုပ်ခဲ့သော
နိုင်ငံ့ဝန်ထမ်းများနှင့် " Social Punishment " ခံနေရသူများအတွက်
သူတို့သည် အမှားနှင့်အမှန်ကိုခွဲခြားသိသော်လဲ ဘေးပတ်ဝန်းကျင်မှ
ပြောသော စကားများနှင့် Facebook ပို့စ်များကြောင့် သူတို့၏ စိတ်ထဲတွင်
ဇဝေဇဝါ ဖြစ်ကောင်းဖြစ်နေနိုင်သည်။ သိမ်ငယ်ညှိုးနွမ်းနေသော
ခံစားချက်များ မိမိအလုပ်ကြောင့်ဖြစ်စေ၊ မိမိ၏ မိဘများကြောင့်ဖြစ်စေ
ရှက်သောခံစားချက်များလဲ ဖြစ်ပေါ်နိုင်သည်။
"CDM”မှာ အနောက်နိုင်ငံမှလာသော သဘောတရားတစ်ရပ်ဖြစ်၍
အင်္ဂလိပ်စကားလုံးများဖြစ်သည့်အတွက် "CDM” မလုပ်လျှင် မိမိကပဲ
ခေတ်မဆန်သလို ခံစားကောင်း ခံစားနိုင်သည်။ CDM နှင့် Social
Punishment တို့အကြောင်းရေးသားရာတွင် ကျွန်မ၏ ကိုယ်ပိုင်
အတွေ့အကြုံများကိုပါ အကျိုးသင့် အကြောင်းသင့် သုံးသပ်ထားပါသည်။
သို့မှသာ လူငယ်များအတွက် အသုံးဝင်မည်ဟု ခန့်မှန်းပါသည်။
ဆရာမတစ်ယောက်အနေဖြင့် ကျွန်မ၏ ကိုယ်ပိုင်ရပ်တည်ချက်မှာ ရှင်းသည်။
ကျွန်မသည် မတူကွဲပြားမူကို အပြည့်အဝလက်ခံ၍ ဒီမိုကရေစီသဘောတရားကို
ယုံကြည် ကျင့်သုံးသူဖြစ်သည်။ ရင်းနှီးသော တပည့်များက သိကြပါသည်။
ကျွန်မသည် ငယ်ဘဝကပင် တပည့်များကို ဆက်ဆံရာတွင် ဆင်းရဲ ချမ်းသာမရွေး၊
လူမျိုးဘာသာမရွေး မျှတစွာဆက်ဆံခဲ့သည်။ ယခုကျွန်မကို ဝေဖန်ပြောဆိုနေသော
ရန်ကုန်တက္ကသိုလ်မှ လုပ်ဖော်ကိုင်ဖက်အချို့ကဲ့သို့ မည်သည့်တပည့်သည်
ချမ်းသာသည်၊ မည်သည့်တပည့်သည် ဆင်းရဲသည်၊ မည်သူသည် DG သမီးဖြစ်သည်၊ မည်သူသည် ဗိုလ်ချုပ်သားဖြစ်သည်ဟူ၍ ဂရုမစိုက်ခဲ့ပါ။ တပည့်များအနက် NLD ထောက်ခံအားပေးသူများရှိသလို တပ်မတော်နှင့်ပြည်ခိုင်ဖြိုးမှ တပည့်များလဲရှိသည်။
တပည့်များ၏ ကွဲပြားသော နိုင်ငံရေးအမြင်များကို နားထောင်၍ နားလည်ပေးခဲ့သည်။
ထို့ကြောင့်လဲ ဤဆောင်းပါးကို ရေးရဲသည်။
မြန်မာပြည်တွင် Facebook ကို မှီဝဲအသုံးပြုသူအများစုမှာ အပေါ်ယံလောက်သာ
စဉ်းစားကြသည်။ ထို့အပြင် မြန်မာအများစုမှာ အင်္ဂလိပ်စကား ညှပ်သုံးလျှင်
သို့မဟုတ် လူတစ်ဦးသည် အင်္ဂလိပ်စကား သွက်သွက်လက်လက်ပြောတတ်လျှင်
အခြားအရည်အချင်းများကို မကြည့်ဘဲ ထိုသူကို အထင်ကြီးတတ်ကြသည်။ ကျွန်မကိုယ်တိုင်မှာ အင်္ဂလိပ်စာနှင့် စကား ကျွမ်းကျင်ပါသည်။ နိုင်ငံတကာအလုပ်ခွင်၌ အနောက်တိုင်းသားများ၏ အင်္ဂလိပ်စာအရေးအသားကိုပင်လျှင် ပြင်ရေးပိုင်ခွင့်ရှိသော
အဆင့်တွင်လုပ်ရသည်။ "CDM” နှင့် “ Social Punishment “ လုပ်သည်ဟု ဂုဏ်ယူနေသူများသည် ဤအင်္ဂလိပ်အသုံးအနှုန်းများ၏ အဓိပ္ပါယ်ကို နားလည်ရန်လိုအပ်မည်ဟု မြင်ပါသည်။
CDM နှင့် Social Punishment လုပ်နေသူများအများစုမှာ နဂိုအင်္ဂလိပ်အသုံးအနှုန်း၏ မူရင်းအဓိပ္ပါယ်မှ တလွဲတချော် ဖြစ်နေသည်ကို တွေ့ရသည်။ CDM အသုံးအနှုန်းမှ “Civil Disobedience “ကို ဆန်းစစ်ပါက နိုင်ငံတကာမှလက်ခံသော အဓိပ္ပါယ်သတ်မှတ်ချက်မှာ #အမေရိကန် ဒဿနိကဗေဒပညာရှင် Rawls ၏သတ်မှတ်ချက်ဖြစ်သည် ( အညွှန်း -၁ )။
“ Civil Disobedience “ မှာ ( က ) နိုင်ငံရေးပေါ်အခြေခံသည်။ ( ခ ) လူသိရှင်ကြား လုပ်ပြကြသည်။ ( ဂ ) အကြမ်းဖက်မူမပါစေရ။ ( ဃ ) ဥပဒေ သို့မဟုတ် အစိုးရပေါ်လစီများကို ပြောင်းလဲစေရန် ဥပဒေတစ်ရပ်ကို တမင်သက်သက်ချိုးဖောက်ခြင်း ဟူသော အဓိပ္ပါယ်သက်ရောက်မူ ရှိသည်။
Civil Disobedience ကို အသုံးပြုခဲ့သော နာမည်ကြီး အာဖရိက-အမေရိကန် သိက္ခာတော်ရဆရာ ဒေါက်တာကင်းဂ် ( Reverend Dr.Martin Luther King Hunior , ၁၉၂၉-၁၉၆၈ ) ၏ ထွက်ဆိုချက်မှာ ဒေါက်တာကင်းဂ်သည် "တရားမျှတမူမရှိသော ဥပဒေတစ်ရပ်ဟု မြင်သောသူသည် ထိုဥပဒေကို တမင်သက်သက် ချိုးဖောက်သည်။ ထိဥပဒေချိုးဖောက်မူအတွက်လဲ လိုလိုချင်ချင်ထောင်ဒဏ်ချသည်" ဟုဆိုသည်။
ဒဿနိကဗေဒပညာရှင် ဆိုကရိတ်တီးစ် (Socrates , 470-399 BC ) သည်လည်း Civil Disobedience လုပ်ခဲ့သည်ဟု ဆိုကြသည်။ သူသည် " ဂရိစ်နိုင်ငံ၌ ယုံကြည်ကိုးကွယ်သော ဘုရားများကို မယုံကြည်ရေးတရားများ သင်ကြားဟောပြောသည့်အတွက် "သေဒဏ်ချခြင်း ခံရသည်။ ဆိုကရိတ်တီးစ်သည် သင်ကြားဟောပြောခြင်းများကို မရပ်ပဲ အဖမ်းခံခဲ့သည်။ အိမ်နီးချင်းနိုင်ငံသို့ ထွက်ပြေးနိုင်ပါလျက်နှင့် ထွက်မပြေးဘဲ ထိုခေတ်က သေဒဏ်ဖြစ်သည့် Hemlock အဆိပ်ရည်ကို မဆိုင်းမတွ သောက်သေခဲ့သည်။ မြန်မာပြည်မှ ဝန်ထမ်းများ CDM လုပ်ခြင်းသည် သူတစ်ပါးအပေါ် အကျပ်ကိုင်မူ ( Coercion ) ပါနေသည်။ CDM အစစ်ဆိုသည်မှာ ဆိုကရိတ်တီးစ်ကဲ့သို့ မိမိ၏ယုံကြည်ချက်အပေါ် အခိုင်အမာရပ်တည်သော ကိုယ်ပိုင်ဆုံးဖြတ်ချက်သာဖြစ်သင့်သည်။
နိုင်ငံ့ဝန်ထမ်းတစ်ဦးသည် အစိုးရကိုဆန့်ကျင်လိုသောကြောင့် CDM လုပ်ရန် ဆုံးဖြတ်ပါက ဒီမိုကရေစီသဘောတရားများအရ ထိုဝန်ထမ်းမှာ လွတ်လပ်စွာ ဆုံးဖြတ်ပိုင်ခွင့်ရှိသည်။ တစ်ချိန်တည်းတွင် ထိုဝန်ထမ်းသည် ဖြစ်လာမည့်ပြစ်ဒဏ်နှင့်အကျိုးဆက်အားလုံးကိုလဲ ဒေါက်တာကင်းဂ်နှင့် ဆိုကရိတ်တီးစ်ကဲ့သို့ ရဲရဲဝံ့ဝံ့ရင်ဆိုင်ရန် ဆုံးဖြတ်ပြီးသားဖြစ်သင့်သည်။ ဤကဲ့သို့ မဟုတ်ပဲ CDM မလုပ်သော အခြားဝန်ထမ်းများ၊ အထူးသဖြင့် မိမိ၏ လက်အောက်ငယ်ဝန်ထမ်းများအား အတင်းအကျပ် CDM လုပ်ရန် ဖိအားပေးနေသော CDM ပါမောက္ခများ၊ CDM ကျောင်းဆရာများ၊ CDM ဆရာဝန်များသည် သူတို့ကိုယ်တိုင် ဒီမိုကရေစီသဘောတရားများကို ချိုးဖောက်နေသည်ဟု ဆိုရပေမည်။
မြန်မာနိုင်ငံတွင် CDM အားပေးနေသူများသည် ကလေးများနှင့်လူငယ်များ၏ ပညာရေးအခွင့်အရေးများကို ချိုးဖောက်လာနေကြောင်း တွေ့ရသည်။
" ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂညီလာခံ သဘောတူစာချုပ် " ( Convention on the Right of the Child) တွင် ကလေးတိုင်းကျောင်းတက်ရန် အခွင့်အရေးပေးရမည်ဟု တိုက်တွန်းထားသည့် ( အညွှန်း-၃ )။ CDM လုပ်သော ပါမောက္ခအချို့သည် နိုင်ငံတော်က ပေးထားသောအိမ်နှင့် ပေးမည့်ပင်စင်တို့ကို အဆုံးရှုံးမခံနိုင်သောကြောင့် အလုပ်ပြန်ဝင်ပြီး အလုပ်ခွင်ထဲမှပင် ကျောင်းသားများကို ကျောင်းမတက်ရန် တိုက်တွန်းနေသည်ဟု ကြားသိရသည်။ ထိုကဲ့သို့သော ဆရာ ဆရာမများမှာ မိမိတို့၏ သားသမီးများကို လက်ရှိစနစ်နှင့်ပင် ဆုံးခန်းတိုင်အောင် ပညာသင်အခွင့်အရေးရှိသော်လဲ အခြားလူငယ်များ၏ အခွင့်အရေးကို ပိတ်ပင်ရန် ကြိုးစားနေကြသည်မှာ ရှက်ဖွယ်ကောင်းသည်။
နိုင်ငံခြားတွင်နေသော မြန်မာများသည်လဲ " စစ်ကျွန်ပညာရေးကို အားမပေး " ဟူ၍ ကလေးများကို ကျောင်းမတက်စေရန် ဆော်သြကြသည်။ ထိုမြန်မာများသည် မိမိတို့၏ ကလေးများကို နိုင်ငံခြားတွင် ကျောင်းထားပြီး မြန်မာပြည်တွင် စာသင်ကျောင်းများနှင့် တက္ကသိုလ်များပျက်အောင် တိုက်တွန်းနေသည်။ အစိုးရကျောင်းများကို အသုံးမပြုလျှင် ကလေးများကို မည်ကဲ့သို့ ပညာတတ်အောင်သင်မည်ကို အဖြေမပေးနိုင်။ အခြေအနေမှန် ( reality ) ကို မေ့နေသူများဖြစ်ကြသည်။ မိမိတို့ကြိုက်နှစ်သက်သော အစိုးရ မတက်မချင်း နိုင်ငံ၏စနစ်များအားလုံးကို ပျက်သုန်းရန် တွန်းအားပေးနေသောသူများ ဖြစ်သည်။
#ဆရာဝန်တို့၏ ကိုယ်ကျင့်သိက္ခာနှင့် ကျင့်ဝတ်တို့ကို ဖောက်ဖျက်
ဆရာဝန်များ CDM ပြုလုပ်ခြင်းသည် နိုင်ငံတကာမှလက်ခံထားသော ဆရာဝန်တို့၏ ကိုယ်ကျင့်သိက္ခာနှင့်ကျင့်ဝတ်တို့ကို ဖောက်ဖျက်ခြင်းဖြစ်ကြောင်း ထင်ရှားသည်။ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ ( ICRC ) ( အညွှန်း-၄ ) သည် ထိုကျင့်ဝတ်ကို ရှင်းလင်းစွာဖော်ပြထားသည်။ စစ်မြေပြင်ဪပင်လျင် ဆရာဝန်များသည် ဘက်မလိုက်ဘဲ ရန်သူစစ်သည်များအပါအဝင် ဒဏ်ရာရလူနာများနှင့် ရောဂါဝေဒနာရှင်အားလုံးကို ကုသအသက်ကယ်ရန် တာဝန်ရှိသည်။ နိုင်ငံတိုင်းနီးပါးတွင် ဤကျင့်ဝတ်ကို ဖောက်ဖျက်သောဆရာဝန်များကို ရှုတ်ချကြသည်။ ဖေဖော်ဝါရီလ အကြမ်းဖက်မူများစသောအခါ နိုင်ငံတကာအဖွဲ့အစည်းတစ်ခုမှ အကြီးအတန်းအရာရှိတစ်ဦးသည် ကျွန်မအတွက် စိတ်ပူ၍ နိုင်ငံခြားမှဖုန်းဆက်လာသည်။ ထိုအမျိုးသမီးက မြန်မာဆရာဝန်များ CDM လုပ်ခြင်းကို ကျွန်မအထက်တွင်ဖော်ပြထားသော အကြောင်းများကြောင့် ရှုတ်ချခဲ့သည်။
မြန်မာပြည်မှ Social Punishment သည် လူမူစည်းကမ်းများကို ဖောက်ဖျက်နေ၍ အခြားသူများ၏ လူ့အခွင့်အရေးများကိုပါ ချိုးဖောက်နေကြောင်းတွေ့ရသည်။ အမေရိကန်စိတ်ပညာရှင်အသင်း၏ အဓိပ္ပါယ်ဖွင့်ဆိုချက်အရ Social Punishment ဆိုသည်မှာ " လူတစ်ဦး၏အပြုအမူကို မကြိုက်သဖြင့် ထိုသူနှင့်မဆက်ဆံခြင်း၊ ထိုသူကိုရှုတ်ချခြင်း အစရှိသည့် အကျပ်ကိုင်အပြစ်ပေးခြင်း " ဖြစ်သည်။ ကျွန်မတစ်ဦးတည်းသာလျှင် ဆုံးဖြတ်ရမည့် ကျွန်မ၏ အလုပ်ကိစ္စကို ဘူမိဗေဒတပည့်များက မနှစ်သက်ရုံသာမက ရှုပ်ချကြသည်။ သူတို့ကို ငယ်စဉ်က ပညာသင်ကြားပေးခဲ့သော ဆရာမကို ပက်စက်စွာ ဆိုရှယ်မီဒီယာပေါ်မှာ သူ့ထက်ငါလုယက်ပြီး အပြိုင်ရိုင်းစိုင်းကြသည်။
ကျွန်မ၏ ကျေးဇူးမကင်းသော တပည့်များပါဝင်နေသလို တပ်မတော်နှင့် ကျေးဇူးမကင်းသူများ၊ တပ်မတော်နှင့်ပတ်သက်နေသူများလည်း ပါဝင်ကြသည်။ အံ့သြဖွယ်ရာမှာ ကျွန်မလောက် ပညာမပြည့်စုံ၊ နိုင်ငံ့အဆင့် အတွေ့အကြုံမရှိသော တပည့်များနှင့် မိတ်ဆွေများသည် ကျွန်မ၏ဘဝနှင့်ပတ်သက်ဍ သူတို့သာမှန်ကန်သည်ဟု ယူဆကြသည်။
" ဆရာမက ဒီလောက်ပြောနေတဲ့ကြားထဲက ဆက်လုပ်နေတာကိုး " ဟူ၍ မိုက်ရိုင်းစွာ ဆဲဆိုနေသူများ၏ စကားကိုပဲ နားထောင်ရမလို ဖြစ်နေသည်။ အထက်ပါတို့ကို ဖော်ပြခြင်းမှာ ကျွန်မ စိတ်ထိခိုက်သောကြောင့်မဟုတ်။ Social Punishment ခံနေရသော လူငယ်များကို အားပေးလိုသောကြောင့်ဖြစ်သည်။ ကျွန်မအတွက် Social Punishment ၏ ကောင်းသော အကျိုးဆက်မှာ မည်သူက စေတနာစစ်မှန်သည်ကို သိလာရသည်။ ကျွန်မသည် ကံကံ၏အကျိုးပေးကို ယုံကြည်သူဖြစ်သည့်အတွက် ကျန်တပည့်များနှင့်အကောင်းမမြင်နိုင်သူများကို ဥပေက္ခာပြုထားနိုင်သည်။
စိတ်ဓာတ်ခိုင်မာသူများသည် Social Punishment ကို ဂရုမစိုက်။ ထိုကဲ့သို့စိတ်ဓာတ်ခိုင်မာရန်လည်း လူငယ်များက ကြိုးစားသင့်ပါသည်။ မိမိဘဝအတွက်မိမိ၏ဆုံးဖြတ်ချက်ကသာလျှင် အဓိကဖြစ်သည်။ Facebook နှင့် အပေါင်းအသင်းများကို အားမကိုးဟု ခံယူသင့်ပါသည်။ အပေါင်းအသင်းကို အားကိုးသော လူငယ်များသည် ထိုအပေါင်းအသင်းများနှင့် မတွေ့လျှင် စိတ်ဓာတ်ကျဆင်းခြင်းရောဂါ ( Depression ) ပိုမိုဖြစ်လွယ်သည်ဟု ကိုဗစ်လော့ခ်ဒေါင်းကာလတွင် တွေ့ခဲ့ရသည် ( အညွှန်း-၅ )။
Social Punishment သက်သက်ဟူသည် ပြစ်မူမဟုတ်သော်လည်း Social Punishment မှတစ်ဆင့်တက်လာ၍ အလုပ်မသွားရဲအောင် အကြီးအကဲက မိမိကို အနှောင့်အယှက်ပေး အနိုင်ကျင့်နေပါက ( Harassment and Bullying) တရားဥပဒေအရ အရေးယူနိုင်ရန် တိုင်ကြားသင့်သည်။
အညွှန်းများ
( ၁ ) Rawls,J. (1971). A Theory of Justice. Cambridge, MA: Harvard University Press.
( ၂ ) King, Jr. M.L. (1963) Latter from a Birmingham Jail
( ၃ ) United Nations (1989). Convention on the Right of the Child.
( ၄ ) International Committee of the Red Cross, International Humanitarian Law Database. Geneva Convention Protocol Additional to the Geneva Conventions of 12 August 1949, and relating to the Protection of Victims of International Armed Conflicts ( Protocol I), of 8 June 1977.
( ၅ ) Abbott,A. ( 2021) Covid’s mental-health toll:how scientists are tracking a surge in depression. Nature, Vol 590.11 February 2021.
No comments:
Post a Comment