Sunday, December 5, 2021

မြန်မာပြည် ဂေါ်ရခါးမှတ်စု

မြန်မာပြည် ဂေါ်ရခါးမှတ်စု

ဤကာလများအတွင်း KIA တပ်ဖွဲ့တွင် ဂေါ်ရခါးတပ်တရင်း အင်အားများပြားလာသည်ကို၎င်း၊ တမူးဒေသ၌ GDF ဂေါ်ရခါးတပ်ရင်းတရင်း ထွက်ပေါ်လာသည်ကို ကြားသိရသဖြင့် ဤမှတ်စုကို ရေးသားဖြစ်ပါသည်။
ဂေါ်ရခါးလူမျိုး၏ မူလဘူတသည် နီပေါနိုင်ငံဖြစ်သည်။ ဂေါ်ရခါးဆိုသောအမည်သည် ယင်းတို့မူလအစနေထိုင်ခဲ့ရာ ဂိုရက်ပူမြို့ကို အစွဲပြု၍ ခေါ်ဝေါ်ခြင်းဖြစ်သည်ဟုဆိုသည်။ ဂေါရခါးအများစုသည် ဟိန္ဒူဘာသာဝင်နှင့် ဗုဒ္ဓဘာသာဝင်များဖြစ်ကြသည်။ နီပေါနိုင်ငံသည် စစ်သားကောင်းအဖြစ် အထူးနာမည်ကျော်ကြားသော ဂေါ်ရခါးလူမျိုးများ နေထိုင်ရာ တိုင်းပြည်ဖြစ်သည်။ ရှေးယခင်ကပင် အင်္ဂလိပ်စစ်တပ်တွင် ဂေါ်ရခါးတပ်ဖွဲ့များ ဖွဲ့စည်းထည့်သွင်းခဲ့ကြသည်။ ယနေ့တိုင်လည်း အင်္ဂလိပ်စစ်တပ်၊‌ ဟောင်ကောင်နှင့် စင်္ကာပူတို့တွင် ဂေါရခါးတပ်ဖွဲ့များ ဖွဲ့စည်းထားရှိသည်။
ဂေါရခါးများသည် မြန်မာပြည်သို့ အင်္ဂလိပ်စစ်တပ်နှင့်အတူ ဝင်ရောက်လာခဲ့သည်။
အများစုက စစ်သားများအဖြစ်ဝင်‌ရောက်လာခဲ့ကြသည်။၊ အချို့က သတ္တုတွင်းအလုပ် သမားများနှင့်စီမံကိန်းဝန်ထမ်းများအဖြစ် ဝင်ရောက်လာခဲ့ကြသည်။ ၁၈၈၆ ခုနှစ်
နောက်ပိုင်းဝင်ရောက်လာသူများပြားသည်။ ၁၉၄၈ လွတ်လပ်ရေးရပြီးနောက်ပိုင်းတွင်လည်း မြန်မာပြည်တွင်ဆက်လက်နေထိုင်ခဲ့ကြသည်။ ကန္ဒီစာချုပ်အရ ပြန်လည်ဖွဲ့စည်းသည့် ‌ဗမာ့တပ်မတော်တွင်ပါဝင်သည့် ခလရ ၄ သည် ဂေါ်ရခါးတပ်ရင်းဖြစ်သည်။ တပ် ရင်းအမှတ်အသားသည် ခူကူရီး‌ ခေါ် ဂေါ်ရခါး ဓါးကောက်ဖြစ်သည်။ အောင်ဆန်းသူရိယဘွဲ့ ရရှိသော ဆာ့ခ်ဗဟာဒူးရွိုင်း (ကြည်း ၀၁၉၁၄) သည် ဂေါ်ရခါး စစ်သည်တော် တစ်ဦး ဖြစ် သည်။ သို့သော် ယနေ့ကာလတွင်တော့ ခလရ ၄ သည်လည်း ဂေါ်ရခါးတပ်မဟုတ်တော့သကဲ့သို့ တပ်ထဲတွင်လည်း ဂေါ်ရခါးစစ်သည် အနည်းအကျဉ်းသာရှိတော့သည်ဟုသိရသည်။
လက်ရှိမြန်မာနိုင်ငံတွင်ရှိနေသော ဂေါ်ရခါးများမှာ မြန်မာပြည်၌ ဖွါးမြင်ကြသူများဖြစ်သဖြင့် မြန်မာပြည်ဖွါး ဂေါ်ရခါးဟု ခေါ်ဆိုကြသည်။ မြန်မာနိုင်ငံဖွားဂေါ်ရခါး လူဦးရေနှစ်သိန်းခန့်ရှိသည်ဟု ဂေါ်ရခါး အဖွဲ့အစည်းများကခန့်မှန်းကြသည်။ ပြည်ပတွင်သွားရောက်အခြေခြအလုပ်လုပ်နေသော ဂေါ်ရခါးလူဦးရေမှာလည်း ၈ သောင်းခန့်အထိရှိနိုင်ပြီး လက်ရှိ မြန်မာပြည်အတွင်း၌ ဂေါ်ရခါးလူဦးရေ တသိန်းကျော်ခန့်ရှိနိုင်သည်။
မြန်မာပြည်ရှိဂေါ်ရခါးလူမျိုးများ၏လူမှုရေးကိစ္စများအားအကူအညီပေးရန် “မြန်မာနိုင်ငံလုံးဆိုင်ရာ ဂေါ်ရခါး/ဟိန္ဒူဓမ္မအဖွဲ့ချုပ်” (ဂေါ်ရခါး စကားဖြင့် ကန်ဒရော ဟုခေါ်သည်) ဖွဲ့စည်း ထားရှိပြီး ၂ နှစ်တစ်ကြိမ်ညီလာခံခေါ်ယူပြီး ဂေါ်ရခါးလူမျိုးရေး၊ မှတ်ပုံတင်ရရှိရေးနှင့် စာပေ၊ဘာသာစကားနှင့်ယဥ်ကျေးမှုထိန်းသိမ်းရေးလုပ်ငန်းများဆွေးနွေးလုပ်ဆောင်ကြသည်။
အဖွဲ့ချုပ်အောက်တွင် အဖွဲ့ခွဲများ (ဂေါ်ရခါးစကားဖြင့် ဆာခါးဟုခေါ်သည်) ကိုမြို့နယ်အခြေခံဖွဲ့စည်း ထားပြီး လက်ရှိတွင် အဖွဲ့ခွဲပေါင်း ၃၅ ခုရှိသည်။ အဖွဲ့ခွဲများအောက်ရှိရပ်/ကျေးအဆင့်အဖွဲ့များမှာ တနိုင်ငံ လုံးတွင် ၂၀၀ ကျော်ရှိသည်။
ညီလာခံသို့ အဖွဲ့ခွဲအဖွဲ့ကိုယ်စားလှယ်များတတ်ရောက်ကြပြီး မြန်မာနိုင်ငံရှိ မြို့နယ်အဖွဲ့ ခွဲ (ဂေါ်ရခါး အခေါ် ဆာခါး) ၃၅ ခုမှ ကိုယ်စားလှယ်များကတတ်ရောက်ကြသည်။ လူဦးရေ နှင့် ရပ်ကျေးများသော မြစ်ကြီးနားကဲ့သို့မြို့နယ်အဖွဲ့ခွဲက ကိုယ်စားလှယ်အများဆုံးရလေ့ရှိ သည်။ တစ်မြို့လျှင် အနည်းဆုံး (၅) ဦးခန့်တတ်ရောက်လေ့ရှိပြီးအမျိုးသမီးအဖွဲ့များ လည်းပါ၀င်သည်။ ညီလာခံသို့လူငယ်များ၊ လေ့လာသူများနှင့် စာပေပညာရှင်များ၊ ဂေါ်ရခါး ကိုယ်စားလှယ်များ စုစုပေါင်း (၇၀၀) ခန့်တက်ရောက်ကြသည်။
ရပ်ကျေးအဖွဲ့ခွဲများက အိမ်ထောင်ရေးအချင်းများမှုများ၊ အမွေဆိုင်ကိစ္စများနှင့် ဘာ သာရေးကိစ္စများကို ဓလေ့ထုံးတမ်းနှင့်အညီ ဖြေရှင်းညှိနှိုင်းပေးသည်။ ရပ်ကျေးအဆင့် တွင်မပြီးပျက်ပါက မြို့နယ်၊ မြို့နယ်မှ “မြန်မာနိုင်ငံလုံးဆိုင်ရာ ဂေါ်ရခါး/ဟိန္ဒူ ဓမ္မအဖွဲ့ချုပ်” အထိ ထပ်ဆင့်တိုင်ကြားနိုင်သည်။
“မြန်မာနိုင်ငံလုံးဆိုင်ရာ ဂေါ်ရခါး/ဟိန္ဒူ ဓမ္မအဖွဲ့ချုပ်” အနေနှင့် နှစ်စဥ် ဂေါ်ရခါး လူငယ်ညီလာခံကိုကြီးမှူးကျင်းပပေးပြီး လူငယ်များ၏အသံကိုနားထောင်ကြသည်။ စာပေပညာရှင်များဖိတ်၍ စာပေဟောပြောခြင်း၊ လူငယ်များ၊ကခုန်၊ သီဆိုဖျော်ဖြေခြင်း တို့ ပြုလုပ်ကြသည်။ကျောင်းသားများဦးဆောင်ဖွဲ့စည်းခဲ့သော ဂေါ်ရခါးလူမှူကူညီရေးအသင်းနှင့် ရန်ကုန် အခြေစိုက် ဂေါ်ရခါးလူငယ်အဖွဲ့ တို့လည်းရှိပြီး ပညာရေး၊ ကျန်းမာရေးဆိုင် ရာ အကူအညီများအဓိကထားပေးအပ်သည်။ ပြင်ပငွေကြေးလက်ခံဖူးခြင်းမရှိပဲ ဂေါ်ရ ခါး လုပ်ငန်းရှင်များနှင့် ဂေါ်ရခါးလူမျိုးများ၏အလှုူငွေများဖြင့်လည်ပတ်သည်။ ဂေါ်ရခါးရေးရာကိစ္စများတွင် အဖွဲ့ချုပ်ပြီးလျှင် အကြီးဆုံးမှာ စစ်မှုထမ်းဟောင်းကျောင်းသားမိဘများနှင့်တက္ကသိုလ်ကျောင်း သား လူငယ်များ ဦးဆောင်တည်ထောင်ခဲ့သော ဂေါ်ရခါးလူမှုကူညီရေးအသင်းဖြစ်သည်
ကောက်ယူထားသောစာရင်းအတိအကျမရှိသော်လည်း မြန်မာနိုင်ငံတွင်ဂေါ်ရခါးများ အများဆုံးနေထိုင်ကြသည်မှာ (၁) ကချင်ပြည်နယ်မြစ်ကြီးနားဒေသ၊ (၂) မိုးကုတ်မြို့ (၃) ပြင်ဦးလွင်နှင့် (၄) တောင်ကြီးမြို့တို့ဖြစ်သည်။ နောင်ချို၊ ကျောက်မဲ၊ သီပေါ်၊ လားရိူး၊ တမူး အနီးတ၀ိုက်တွင်လည်းဂေါ်ရခါးများ နေထိုင်ကြသည်။
ဘာသာရေး
မြန်မာပြည်ဖွားဂေါ်ရခါးအများစုမှာ ဗုဒ္ဓဘာသာများဖြစ်ကြသော်လည်းအစဥ်အလာ
ဟိန္ဒူ ဘာသာနှင့်ပူးတွဲကိုးကွယ်ကြသူများသည်။ ဂေါ်ရခါးလူမျိုး ဆရာတော်များဦးဆောင်သည့် မဟာယနကျောင်းမှာ မြစ်ကြီးနားတွင် တစ်ကျောင်းနှင့်ပြင်ဦးလွင်တွင်တစ်ကျောင်းရှိသည်။ ထေရ၀ါရကျောင်းများမှာ ပြင်ဦးလွင် တွင်နှစ်ကျောင်းရှိပြီး ဆောက်လက်စကျောင်းတိုက်များ သာသနာပြုအဖွဲ့များလည်းရှိသည်။
စီးပွားရေး
ပြည်တွင်းရှိဂေါ်ရခါးအများစုမှာကျေးလက်တောရွာများတွင် မွေးမြူရေးနှင့်စိုက်ပျိုးရေး လုပ်ငန်းများလုပ်ကိုင်ကြသည်။ မိုးကုတ်နှင့်ရန်ကုန်နေဂေါ်ရခါးလူမျိုးများမှာ ကျောက်မျက် ရောင်း၀ယ်ရေးလုပ်ငန်းများလုပ်ဆောင်ကြသည်။ ဂေါ်ရခါးလုပ်ငန်းရှင်များတွင်ချမ်းသာ ကြွယ်၀သူများစွာရှိပြီးသိုသိပ်စွာနေထိုင်တတ်ကြသည်။
နိုင်ငံရေး
ဂေါ်ရခါးခေါင်းဆောင်များသည် နိုင်ငံရေးကိုစိတ်ပါ၀င်စားမှုအားနည်းသည် ဟုလူငယ်များကယူဆကြပြီး လူကြီးလူငယ်ကြား မျိုးဆက်ကွာဟမှု ကြီးသည်ဟုဆိုကြသည်။
နိုင်ငံတော်အတွက်များစွာအလုပ်လုပ်ခဲ့သော်လည်း၄င်းတို့၏သားသမီး၊ မြေးများလက်ထက်တွင်နိုင်ငံတော်မှ မှတ်ပုံတင်မပေးခြင်း၊ ပေးရန်အချိန်ဆွဲခြင်း၊ ငွေကြေး ပိုမို/အလွန်အကျွံတောင်းခံခြင်းတို့ကြောင့် အလုပ်အကိုင်အခွင့် အလမ်းနှင့် ပြည်ပထွက်ခွာရာတွင် နှစ်နာမှုနှင့် အခက် အခဲများစွာရှိကြသည်။ ယင်းကိစ္စ ကြောင့် နိုင်ငံတော်အပေါ် စိတ်နာကြသူများရှိသည်။
ထို့သို့သောအခြေအနေအောက်တွင် တပ်တွင်း၌ ဂေါ်ရခါးနည်းပါးသွားသော်လည်း
ဂေါရခါးလူဦးရေ အများဆုံးနေထိုင်သည်ဟု ဆိုရမည့် ကချင်ပြည်နယ်ရှိ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တခုဖြစ်သော KIA တွင် ‌ဂေါ်ရခါးတပ်ဖွဲ့တခုအား ၁၉၈၅ ခုနှစ်မှစတင်ဖွဲ့စည်းခဲ့သည်ကို တွေ့ရသည်။ စတင်ဖွဲ့စည်းစဉ်က လူအင်အား နည်းပါသော်လည်း ၂၀၂၁
ခုနှစ် လှုပ်ရှားမှုတွင် ‌မြန်မာပြည်အနှံ့မှ ဂေါ်ရခါးလူငယ်များ ရောက်ရှိလာပြီး ဂေါ်ရခါးတပ်ဖွဲ့မှာ အင်အား ရာအချို့ထိ တိုးပွါးလာခဲ့သည်ဟုသိရသည်။ လက်ရှိ KIA ရင်း ၄၂ သည် ဂေါ်ရခါးတပ်ရင်းဖြစ်သည်။ ထို့ပြင် တမူးဒေသတွင်လည်း ပြီးခဲ့သော လပိုင်းမှစ၍ ဂေါ်ရခါးကာကွယ်ရေးတပ်ဖွဲ့ ( GDF ) တခုပေါ်လာသည်ကို တွေ့ရသည်။ တမူး PDF ရင်း ၄ သည် GDF ဂေါ်ရခါးတပ်ရင်းဖြစ်သည်ဟုဆိုသည်။ သို့ဖြစ်ရာ လက်ရှိတွင် မြန်မာပြည်
စစ်ပွဲအတွင် ခုခံပုန်ကန်သူများဖက်မှ ဂေါ်ရခါးတပ်ရင်း ၂ ရင်းအား တွေ့ရှိရပါသည်။ ဤ
သည်မှာ မြန်မာပြည်၏ ထူးခြားချက်တခုဖြစ်သည်။
ဂေါ်ရခါးတပ်ဖွဲ့သို့ သို့ရောက်ရှိခဲ့သော ဂေါ်ရခါးလူငယ်တစ်ဦးက “မြို့ပေါ်မှာနေနေရင် မှတ်ပုံတင် လည်းမရှိတော့ အနာဂတ်မရှိသလိုပဲ၊ ဒီမှာပဲတော်လှန်ရေးလုပ်ရင်းနဲ့ ရရာပညာသင်ယူပြီး အလုပ်တစ်ခုခုလုပ်တော့မယ်” ဟုဆိုသည်။
သို့ဖြစ်ရာ မြန်မာပြည်ဖွါး ဂေါ်ရခါးအရေးသည် ဌာနေဒေသခံ တိုင်းရင်းသားများ မဟုတ်သော်လည်း မြန်မာပြည်သို့ ပြောင်းရွှေ့အခြေချနေထိုင်သူ နိုင်ငံသားများအ‌ရေး၏ အစိတ်အပိုင်းဖြစ်သည်ကိုတွေ့ရသည်။ အနာဂါတ်တွင် မှန်ကန်စွာ ဖြေရှင်းရမည့်ပြသနာတရပ်ဖြစ်ပေသည်ဟု ထုံးတို့ထားလိုက်ရပေသည်။
data credit Kyaw Saw Han
photo credit wiki
Credit: Mg Mg Soe

No comments:

Post a Comment