အထင်နဲ့အမြင်
ကျနော် တချိန်တုန်းက ထင်မြင်ခဲ့ဖူးတဲ့ အထင်ကြီးဖွယ် လူတယောက်အကြောင်း ဒီနေ့မှ သိခဲ့ရလို့ အလွန်အံ့သြခဲ့ရပါတယ် ။ ဒီတော့မှ သြော် ဒါကြောင့်လည်း သူတို့ခြင်း ပေါင်းဖက်မိတာကိုးလို့ အဖြေရှာမရခဲ့တဲ့ ပုစ္ဆာကို ဖြေရှင်းလို့ ရသွားပါတယ် ။
သတင်းစာတိုက်တွေကို ပြည်သူပိုင်သိမ်းပြီး ဦးနေဝင်းရဲ့ အိမ်စောင့်အစိုးရက ဆက်လက်ထုတ်ဝေရာမှာ မူလ သတင်းစာ ဆရာများကိုပဲ ပြန်လည်တာဝန်ပေးအပ်ခဲ့ပါတယ် ။
အထက်မြန်မာပြည် အတွက် သတင်းစာသီးသန့် မရှိတော့လို့ ဟံသာဝတီ သတင်းစာကို မန္တလေးမှာ ထုတ်ဝေဖို့ စီစဥ်ပါတယ် ။ အယ်ဒီတာ အဖြစ် ဦးဝင်းတင်ကို တာဝန်ပေးဖို့ ဆရာဇဝန က တောင်းဆိုတဲ့အတွက် ပေးလိုက်ပါတယ် ။
(ရန်ကုန်မှာ ရှိနေရင် သူ့နေရာ မျက်စောင်းထိုးနေတဲ့ ဦးဝင်းတင်ကို ရန်ကုန်မှာ မရှိရင် ပြီးရောဆိုပြီး လုပ်လိုက်တာလို့လဲ ယူဆနေတဲ့ သတင်းစာ ဆရာကြီးတွေ ရှိခဲ့ပါတယ်)
ဦးဝင်းတင်တယောက် မန္တလေးကို မသွားခင် သူ့ဆရာ နိုင်ငံရေးသမားဟောင်းကြီး တယောက်ဖြစ်တဲ့ ဦးထွန်းဖေကို သွားကန်တော့ပါတယ် ။ သူ့ဆရာဦးထွန်းဖေက နိုင်ငံရေးရာထူးက ပြုတ်ထားလေတော့ ငါ့တပည့်ကို ငွေကြေးအထောက်အပံံ့တော့ မပေးနိုင်ဘူး ၊ သို့သော် မင်းအတွက် အဖိုးတန်မယ့် စကားနှစ်ခွန်း လက်ဆောင်ပေးမယ် လို့ ပြောပြီး ဒီလိုမှာလိုက်ပါတယ် ။
၁ ။ မင်းက မိန်းမ မယူပဲ ဖာချတဲ့ကောင်ဆိုတော့ မန္တလေးကျောက်သပိတ်ကဖာ သွားမချနဲ့ ပင်နီဆလင်မတိုးတော့ဘူး....
၂ ။ မန္တလေးသားတွေက မြှောက်ပင့် ခိုင်းတတ်တယ် ၊ မြှောက်ပင့်ခိုင်းမရရင် မြေကြီးထဲချပြီး နင်းချေတတ်ကြတယ် ဒီအစွန်း နှစ်ပါး မင်းဂရုစိုက် နေတတ်အောင် နေပေတော့.....
ဆိုပြီး မှာလိုက်ပါတယ် ။ အဲဒီ အချိန်က ဦးဝင်းတင်ဟာ ဦးနေဝင်းပေးခဲ့တဲ့ တိုက်ခန်း နဲ့ တံခါးလေးပေါက် ကားတစီး ရထားပါပြီ ။ ထိုခေတ်က သတင်းစာ သမားအားလုံးနီးပါး ရကြတာပါ ။
ဒီလိုနဲ့ မန္တလေးရောက်တော့ သူ့ဆရာပြောသလိုပဲ ဦးဝင်းတင်ကမှ တကယ့်သတင်းသမားအစစ်ကွ ဘာညာ နဲ့ မန်းသားတွေက မြှောက်ပေးကြပါတယ် ။ ဒီတော့ ဦးဝင်းတင်လည်း မဆလ ကို ဝေဖန်စာတွေ ရေးတော့တာပါပဲ ။
အဲသလိုဖြစ်နေစဥ်ကာလမှာပဲ လွှတ်တော်မှာ သတင်းယူနေတဲ့ သတင်းစာဆရာတွေအတွက် သတ်မှတ်ထားတဲ့ နေရာကို ဦးနေဝင်းက ရောက်လာပြီး သတင်းမှန်များကို ရေးသားစေလိုကြောင်း ၊ ဖားယားပြီး မဟုတ်တဲ့သတင်းတွေ မရေးကြပါနဲ့ တိုင်းပြည်အခြေအနေကို အမှန်တိုင်းသိဖို့ လိုကြောင်း ပြောသွားပါတယ် ။
ဒီတော့ဦးဝင်းတင်တယောက် ပိုမြှောက်သွားရပါတယ် ။ ဦးဝင်းတင်ဟာ အဲဒီ အချိန်ထိ မဆလပါတီ မဝင်ရသေးလို့ ပါတီလူကြီးအချို့က သူ့ကို လက်ဖက်ရည်ဝိုင်းဖိတ်ပြီး ပြောကြပါတယ် ။ အစိုးရဌာနကြီးတခုကို ကိုင်နေရတဲ့ လူတယောက်အနေနဲ့ ပါတီဝင်ဖြစ်စေလိုကြောင်း ပြောကြတော့ ချက်ခြင်းပဲ ဝင်ပါ့မယ်လို့ ပြောလိုက်ပါတယ် ။
အသင့်ပြင်ထားတဲ့ မဆလ ပါတီဝင် လျှောက်ထားလွှာကို လက်မှတ်ရေးထိုး ဖောင်ဖြည့်စေပါတယ် ။ ချက်ခြင်း ပါတီမိတ်ဆွေ နဲ့ အရံပါတီဝင် ဖြစ်သွားပြီး စကားစမြီ ပြောပြီး နောက် ၂ နာရီ အကြာမှာ ဦးဝင်းတင်ဟာ မဆလ တင်းပြည့်ပါတီဝင် ဖြစ်သွားပါတော့တယ် ။
အခြားသတင်းစာ ဆရာတွေဖြစ်တဲ့ ဦးမြတ်သူတို့တုန်းက တင်းပြည့်ပါတီဝင် ဖြစ်ဖို့ အချိန် ၂ နှစ်ကြာခဲ့ရပါတယ် ။ ဒီလိုနဲ့ မဆလပါတီဝင် ဖြစ်ပြီးနောက် ဦးဝင်းတင်ဟာ မန္တလေးမှာ အပတ်စဥ် စနေနေ့တိုင်း စနေစာတမ်းဖတ်ပွဲ ပြုလုပ်လေ့ ရှိပါတယ် ။
တနေ့တော့ ဆရာသိန်းဖေမြင့်ရဲ့ ပါတီတွင်းဝေဖန်မှု စာတမ်းကို မဆလ ပါတီမှာ တင်သွင်းခဲ့ပါတယ် ။ မဆလ ပါတီရဲ့ စည်းကမ်းချက်ထဲမှာ ပါတီကို ပါတီဝင်များက ကြိုက်သလို ဝေဖန်ခွင့်ရှိပါတယ် ။ သို့သော် အဆိုပါ ဝေဖန်ချက်အား ပြင်ပသို့ မပေါက်ကြားစေရ ဆိုတဲ့ တင်းကြပ်သော စည်းကမ်းရှိပါတယ် ။
သိန်းဖေမြင့် သေသွားတော့ ဦးဝင်းတင်ဟာ စာရေးဆရာသိန်းဖေမြင့် ၊ သတင်းစာဆရာ သိန်းဖေမြင့် ၊ နိုင်ငံရေးသမား သိန်းဖေမြင့် ဆိုတဲ့ စနေစာတမ်းဖတ်ပွဲ ပြုလုပ်ပါတယ် ။ ပြဿနာက သခင်ကျော်စိန် ဖတ်တဲ့ နိုင်ငံရေးသမား သိန်းဖေမြင့်ဆိုတဲ့ စာတမ်းပဲ ဖြစ်ပါတယ် ။
အဲဒီစာတမ်းက ဦးသိန်းဖေမြင့် ဝေဖန်ခဲ့တဲ့ ပါတီတွင်းဝေဖန်မှု စာတမ်းကြီးဖြစ်နေပါတယ် ။ လှို့ဝှက်ထားရမယ့် စာတမ်းမို့ ဦးသိန်းဖေမြင့်က သူ့စာအုပ်သေတ္တာရဲ့ အောက်ဆုံးမှာ သိမ်းထားပေမယ့် သူသေသွားတော့ နားမလည်တဲ့ ဦးသိန်းဖေမြင့် ဇနီးဆီကနေ မွှေနှောက်ယူခဲ့တာကိုး ။
အဲဒီ စာတမ်းကြီးကို ဖတ်ပြတော့ ထောက်လှမ်းရေးက အသံဖိုင်တွေ နဲ့ လွှတ်တော်ထိ တင်ပြလိုက်တယ် ။ ဒါနဲ့ ပါတီစည်းကမ်းဖောက်ဖျက်တယ် ဆိုပြီး သခင်ကျော်စိန် နဲ့ ဦးဝင်းတင်ကို ပါတီက ထုတ်ပယ်လိုက်တယ် ။
မဆလ ပါတီရဲ့ အခွင့်ထူးခံကနေ စွန့်လွှတ်လိုက်ရတဲ့ ဦးဝင်းတင်ဟာ အသနားခံစာ ပြန်တင်ပါတယ် ။ သို့သော် လွှတ်တော်မှာ မဲခွဲဆုံးဖြတ်စေပြီး အပြီးတိုင် ထုတ်ပယ်ခဲ့ပါတယ် ။
ဦးဝင်းတင် မဆလ ပေးခဲ့တဲ့ တိုက်ခန်းလေးမှာ သူ့အမ မုဆိုးမနဲ့ အတူနေရင်း မဆလက ပေးထားတဲ့ ကားလေးကိုလည်း ရောင်းစားလိုက်ရပါတယ် ။ ကျန်းမာရေးမကောင်းလို့ ရန်ကုန်ဆေးရုံကြီးမှာ ဆေးကုရပြန်ပါတယ် ။
ဦးနေဝင်းသမီး ဒေါက်တာ ကြေးမုံဝင်း ဂျူတီဝင်လာချိန်မှာ ဦးဝင်းတင်ကြီး ဆေးရုံတက်နေကြောင်း ဝန်ထမ်းတွေက ပြောပြလို့ သွားတွေ့ပြီး အားပေးစကား ပြောခဲ့ပါတယ် ။
ဒေါက်တာကြေးမုံဝင်းက ဦးဝင်းတင်ကို ကောင်းကောင်းသိနေတာလည်း အကြောင်းရှိပါတယ် ။ ဦးနေဝင်း မိသားစု မန္တလေးလာပြီး အပမ်းဖြေတိုင်း အငြိမ့် ၊ ရုပ်သေး ၊ ကျောက်ဆည်ဆင် အစရှိသဖြင့် သူတို့တောင်းဆိုတဲ့ အဖွဲ့တွေက ဖြေဖျော်ရလေ့ ရှိပါတယ် ။
အဲလို ပွဲလမ်းသဘင် ရှိတိုင်း ဦးနေဝင်းက ဦးဝင်းတင်ကို ခေါ်ခိုင်းပြီး မိသားစုနဲ့ မိတ်ဆက်ပေးပြီး ပွဲ အတူကြည့်စေခဲ့ပါတယ် ။ အဲဒါကြောင့် ဦးဝင်းတင်က သူသည် ဦးနေဝင်းနဲ့ ၁၁ ကြိမ်လောက် တွေ့ဖူးကြောင်း ဘာညာ နဲ့ ပြောဆိုခဲ့ခြင်း ဖြစ်ပါတယ် ။
ဒေါက်တာကြေးမုံဝင်းက ဦးဝင်းတင် ချို့တဲ့စွာ ဆေးရုံတက်နေရတာ မြင်သွားပြီး ဦးနေဝင်းကို ကူညီဖို့ ပြောတဲ့အတွက် ဦးနေဝင်းက တံခါးလေးပေါက် ကားတစီး ထပ်မံပေးခဲ့ပြန်ပါတယ် ။ (သတင်းသမားတွေထဲမှာ ဦးဝင်းတင်ပဲ ကား နှစ်စီးရခဲ့ဟန် တူပါတယ်)
အဲဒီကားလည်း ရောင်းစားတာပါပဲ ။ နောက်မကြာဖူး ၈၈ အရေးအခင်းလည်း ဖြစ်ရော ဦးဝင်းတင်တို့ ရဲရဲတောက် သွားပါတော့တယ် ။
ကျနော်တို့က ဦးဝင်းတင်ကို အခွင့်အရေးလုံးဝ မယူသူ နိုင်ငံရေးသမားကြီး ၊ မိန်းမမရှိ စည်းစိမ်မရှိ တိုင်းပြည်အတွက် နိုင်ငံရေးလုပ်နေတဲ့ လူရိုးလူကောင်းကြီးလို့ပဲ သိမှတ်ခဲ့ရတာဗျ ။
မဆလ ပါတီဝင် ဖြစ်ခဲ့တာ မသိခဲ့ပါဘူး ။
မဆလကပေးတဲ့ တိုက်ခန်း (သေတဲ့အထိနေသွားတာပါ) ၊ မဆလက ပေးတဲ့ ကားနှစ်စီးရပြီး ရောင်းစားခဲ့တာ မသိခဲ့ပါဘူး ။
မဆလပါတီမှ ထုတ်ပယ်ခံရတော့ မထုတ်ပယ်ဖို့ အသနားခံစာတင်တာလည်း မသိခဲ့ရပါဘူး ။
(နိုင်ငံရေးမာနကြီးတယ်ဆိုတာ ဒီအချက်နဲ့ ပျက်ပြယ်ခဲ့ရပါတယ်)
ကဲဒီလို သမိုင်းမှန်တွေက ငြင်းမရတဲ့ သက်သေတွေနဲ့မို့ တချိန်တုန်းက အထင်နဲ့အမြင် မှန်ခဲ့သလား မှားခဲ့သလား ဆိုတာ ဝေဖန်သုံးသပ်ကြည့်ပါစို့ဗျာ ။
ကိုရွှေမျိုးဝင်း
No comments:
Post a Comment