Sunday, December 26, 2021

အမျိုးသမီး လေသူရဲ ၆ ဦး တပ်မတော် စတင် မွေးထုတ်

အမျိုးသမီး လေသူရဲ ၆ ဦး တပ်မတော် စတင် မွေးထုတ်

တပ်မတော်မှ မွေးထုတ်လိုက်သည့် ပထမဆုံး အမျိုးသမီး လေသူရဲ ၆ ဦးသည် လေသူရဲအရာရှိများအဖြစ် သင်ကြား လေ့ကျင့် ပေးနိုင်ခဲ့ပြီ ဖြစ်သဖြင့် အမျိုးသားများနှင့် တန်းတူ ပျံသန်းရေးတာဝန်များကို စတင် ထမ်းဆောင်နေပြီ ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောသည်။

ဒီဇင်ဘာလ ၂၆ ရက်က ရန်ကုန်မြို့ရှိ တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း (မှော်ဘီ) တွင် ကျင်းပပြုလုပ်သည့် ဘွဲ့ရ အမျိုးသမီး ဗိုလ်လောင်း သင်တန်း အပတ်စဉ် ၅ သင်တန်းဆင်းပွဲ၌ အထက်ပါ အတိုင်း ပြောဆိုခြင်း ဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က “မိမိတို့တပ်မတော်တွင် အမျိုးသမီးစစ်မှုထမ်းများ၏ အခန်းကဏ္ဍကိုပါ မြှင့်တင်ရန် အတွက် ဘွဲ့ရအမျိုးသမီးအရာရှိများကို ပြန်လည်မွေးထုတ်တာဝန်ပေးအပ် လျက်ရှိရာ ယခုအခါ အမျိုးသမီး အရာရှိများထဲမှ ၆ ဦးကို တပ်မတော် (လေ) အတွက် ပထမဆုံးအမျိုးသမီး လေသူရဲ အရာရှိများ အဖြစ် သင်ကြားလေ့ကျင့်ပေးနိုင်ခဲ့ပြီးဖြစ်သဖြင့် အမျိုးသားများနှင့်တန်းတူ ပျံသန်းရေးတာဝန်များကို စတင်ထမ်းဆောင်နေပြီ” ဟု ဆိုသည်။

အမျိုးသမီး ဗိုလ်လောင်း သင်တန်းကို လာရောက် လျှောက်ထားသူ အလွန် များပြားပြီး အရည်အချင်းပေါ် မူတည်၍ ရွေးချယ်လေ့ ရှိရာ မဟာဘွဲ့ ရသူများကို ဦးစားပေးလျက် ရှိကြောင်း၊ အနည်းဆုံး ဘွဲ့တခု ရရှိသူများကိုသာ ရွေးချယ် လေ့ ရှိကြောင်း၊ ယင်း အမျိုးသမီးများ သင်တန်းဆင်းပါက တိုက်ခိုက်ရေး တာဝန် မပေးသေးဘဲ လက်ရုံး တပ်များနှင့် ရုံးပိုင်း ဆိုင်ရာများတွင် တာဝန်ချထားကြောင်း တပ်မတော် အသိုင်းအဝိုင်းက ပြောဆိုသည်။

သန်လျင်မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုးက မြန်မာနိုင်ငံ၏ သမိုင်းတွင် နယ်ချဲ့တော်လှန် ရေး အပါအဝင် အရေးပါသည့် နေရာများတွင် အမျိုးသမီးများ ပါဝင်နိုင်ခဲ့ပြီး တပ်မတော်တွင် အမျိုးသမီး ပါဝင်မှု အလွန်နည်းခဲ့ကြောင်း၊ တပ်မတော် ထိပ်ပိုင်း နေရာများ၌ မပါဝင်သလောက် ဖြစ်သွားခဲ့ကြောင်း ပြောသည်။

ဒေါ်အေးမြမြမျိုး က “မြန်မာ အမျိုးသမီးတွေဟာ စီးပွားရေးမှာ ဖြစ်ဖြစ်၊ နိုင်ငံရေးမှာပဲ ဖြစ်ဖြစ်၊ တကယ်ကို လုပ်နိုင်ခဲ့ပြီးသား။ စနစ်တခု အောက်မှာ အကြောင်း ကြောင်းကြောင့်သာ ကျန်ခဲ့လိ့မ်မယ်။ အခု တပ်မတော်လို အဖွဲ့အစည်းကတောင် အမျိုးသမီး ပါဝင်မှုနဲ့ အမျိုးသမီးတွေ ရင်ဘောင်တန်းဖို့ အတွက်ကို စဉ်းစားလာတယ် ဆိုရင် ကျမတို့ လူ့အဖွဲ့အစည်းမှာ အများ ကြီး ကြိုဆိုရမှာပါ” ဟု ဆိုသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း အမျိုးသမီးများ၏ အခန်းကဏ္ဍ ကျယ် ပြန့်လာသည်နှင့် အမျှ နိုင်ငံရေးနှင့် အစိုးရ ထိပ်ပိုင်း နေရာများတွင် တာဝန် ထမ်းဆောင်နေကြသူများနှင့် ထူးချွန် ထက်မြက်သည့် အမျိုးသမီး ပညာရှင်များ ရှိနေကြပြီ ဖြစ်ကြောင်း အဆိုပါ ကျောင်းဆင်းပွဲ၌ ပြောသည်။

ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာနှင့် ပတ်သက်သည့် ဆွေးနွေးပွဲများတွင် အမျိုးသမီးများ၏ အခန်းကဏ္ဍကို မြှင့် တင်ရန် ဆွေးနွေးမှုများ ရှိနေပြီး မိမိတို့၏ နိုင်ငံ အနေဖြင့်လည်း အလေးထား ဆောင်ရွက်လျက် ရှိကြောင်း၊ ကမ္ဘာ့နိုင် ငံ အသီးသီးရှိ တပ်မတော်များတွင် အမျိုးသမီး တပ်ဖွဲ့ဝင်များ၏ အခန်းကဏ္ဍသည်လည်း များစွာ တိုးတက်လာခဲ့ပြီး အဆင်မြင့် တာဝန်များကို ထမ်းဆောင်လျက် ရှိသည်ကို တွေ့ရှိရကြောင်း ဗိုလ်ချုပ်မှူးကြီးက ဆက်လက် ပြောကြား သည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း (မှော်ဘီ)၊ ဘွဲ့ရ အမျိုးသမီး ဗိုလ် လောင်း သင်တန်းမှ အကောင်းဆုံး ဗိုလ်လောင်းဆု ရရှိသူ ဗိုလ်လောင်း အမှတ် ၉ ဗိုလ်လောင်း ခင်မိုးမြင့်ကို ဆုတံ ဆိပ် ပေးအပ်ခဲ့ပြီး အခြားဆုရ ဗိုလ်လောင်းများ၏ မိသားစုများနှင့်လည်း တွေ့ဆုံခဲ့ကြောင်း သိရသည်။

ထက်နိုင်ဇော်

(2018 မှ သတင်း)

No comments:

Post a Comment