Monday, December 13, 2021

တိုက်ခိုက်ဖို့မွေးဖွားလာသူ

တိုက်ခိုက်ဖို့မွေးဖွားလာသူ

အငြိမ်းစား ကပ္ပတိန် ဒီအက်စ်ရှာမာ ဟာ လက်ဖက်ရည်ချိုချိုကို တစေ့စေ့သောက်ရင်းက ငယ်စဉ်ဘဝက စွန့်စားခဲ့ရတာတွေ၊ စစ်တိုက်ရတာတွေ ကို ပြန်အမှတ်ရလို့ သူ့မျက်နှာပေါ်က အသားတွေ တွန့်သွားတဲ့အထိ ပြုံးလိုက်ပါတယ်။ 

၁၉၄၀ စုနှစ် အစပိုင်းက ပေါ့။ ဂျပန်စစ်တပ်နဲ့ အတူ ကမ္ဘာစစ်ဟာ မြန်မာနိုင်ငံထဲကို ဝင်ရောက်လာတော့မယ့် အချိန်ပါ။ ကမ္ဘာမှာ ဖြစ်နေတဲ့ ပဋိပက္ခတွေ ဖြစ်နေချိန်မှာ ဗြိတိသျှတွေကို ပြည်သူတွေ မလိုလားအောင် မြန်မာနိင်ငံ နဲ့ အိန္ဒိယတွေမှာ ရှိတဲ့ အမျိုးသားရေး ဝါဒီတွေဟာ ကိုလိုနီတွေရဲ့ နှိပ်စက်ကြမ်းတမ်းမှုတွေကို မီးမောင်းထိုးပြခဲ့ပါတယ်။ 

ဗြိတိသျှတွေကို ကူတိုက်ပေးဖို့ ရောက်လာခဲ့တဲ့၊ တိုက်ခိုက်ရေး အလွန်ကောင်းတယ် လို့ လူသိများ ကျော်ကြားခဲ့တဲ့ ဂေါ်ရခါး ရိုင်ဖယ် တပ်တွေမှာ ပါဝင်ခဲ့တဲ့ နီပေါလူမျိုး တွေဆီက ဆင်းသက်လာခဲ့တဲ့ ဦးဒီအက်စ်ရှာမာ ဟာ အဲဒီတုန်းက တော့ တက်ကြွတဲ့ လူငယ်တစ်ဦး ပေါ့။ အိန္ဒိယနိုင်ငံမှာ နိုင်ငံရေး ဖိနှိုပ်မှုတွေ ခံနေရတာကို ကြားရတာဟာ ကိုလိုနီတွေကို မုန်းတဲ့ စိတ်တွေ မီးစ တို့ပေးလိုက်သလိုပါပဲ။ 

ဒီလိုနဲ့ ဗြိတိသျှစစ်တပ်တွေ အများအပြားရှိတဲ့ သူ့ရဲ့ မွေးရပ်မြေ တောင်ပေါ်မြို့လေးဖြစ်တဲ့ မေမြို့မှာတောင် အမျိုးသားရေး အလေးပေးတဲ့ အိန္ဒိယ အမျိုးသားစစ်တပ်တွင်းကို ဝင်နိုင်ခဲ့ပါတယ်။ ဒီတပ်ဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဗမာလွတ်လပ်ရေး စစ်တပ် နဲ့ ပေါင်းပြီး နိုင်ငံထဲကို ဝင်လာတဲ့ ဂျပန်တွေနဲ့ အတူတူတိုက်ခဲ့ကြပါတယ်။ 

စစ်ကြောင့် ကျောင်းတွေ ပိတ်ချိန်မှာ ဂျပန်စစ်တပ်တွေနဲ့ ရခိုင်ပြည်နယ်ကို လိုက်သွားခဲ့ပါတယ်။ အဲဒီမှာတော့ မဟာမိတ် အဖွဲ့တွေနဲ့ အတူဖြစ်နေတဲ့ အိန္ဒိယ စစ်သားတွေကို ဘက်ပြောင်းလာအောင် လုပ်တဲ့ ဝါဒဖြန့်ချိရေး လုပ်ငန်းထဲမှာ ပါဝင်ခဲ့ပါတယ်။ 

စစ်သားကနေ ကျောင်းဆရာဘဝ ရောက်သွားတဲ့ ၉၁ နှစ်ရှိ ဦးဒီအက်စ်ရှာမာ အတွက်ကတော့ နောက်ထပ် နောက်ထပ် စစ်ပွဲတွေ အများကြီးတွေ့ကြုံခဲ့ရ ပါသေးတယ်။ တော်လှန်ချင်တဲ့ မီးကလေးက ငယ်ငယ်တုန်းကလို မရှိတော့ပေမယ့် လုံးလုံးလျားလျား ပျောက်ကွယ် မသွားသေးပါဘူး။ 

“ကျွန်တော်က စိတ်ခိုင်တယ်။ အခက်အခဲတွေကို ကြောက်ရွံ့တာ မရှိဘူး။ ကျွန်တော်က စွန့်စားချင်တယ်။ အဲဒါကြောင့် မို့လို့ ကျွန်တော် အခုထက်ထိ အသက်ရှည်တာ ပေါ့” လို့ တစ်နေ့မှာ ၂ ခွက်ပဲ သောက်ခွင့်ရတဲ့ လက်ဖက်ရည်ကို တစ်ငုံ သောက်ရင်းက အင်္ဂလိပ်လို ပီသစွာ ပြောပါတယ်။ 

“အသက် ၉၁ နှစ် ရှိပြီလို့ ပြောရင် ဘယ်သူမှ မယုံကြဘူး။ ကျွန်တော့်ရဲ့ လျှို့ဝှက်ချက်ကတော့ ပုံမှန် လေ့ကျင့်ခန်း လုပ်တာပါပဲ။ ကျွန်တော့် တစ်သက်လုံး လေ့ကျင့်ခန်း လုပ်လာတာ။ ငယ်ငယ်ကတည်းက ဘွိုင်းစကောက်ထဲမှာ ပါတယ်။ တောင်တက်၊ ဘောလုံးကန်၊ ဘက်စကက်ဘော နဲ့ ဟောကီဆော့တယ်။ ဘယ်သွားသွား လမ်းလျှောက်၊ ဒါမှ မဟုတ် စက်ဘီးနဲ့ သွားတယ်” 

“ကားတော့ တစ်ခါမှာ မမောင်းဖူးဘူး၊ ကြောက်လို့” လို့ အားနည်းချက်ကို ရှားပါးစွာ ဝန်ခံလေရဲ့။

“စစ်တပ်ထဲမှာ နှစ်တွေ အများကြီးနေခဲ့တာ။ ဒါပေမယ့် ကားမောင်းဖို့တော့ ကြောက်တယ်”

ဦးဒီအက်စ်ရှာမာ ရဲ့ အဖိုးဟာ ဗြိတိသျှကိုလိုနီတွေနဲ့ မြန်မာနိုင်ငံကို အတူပါလာတဲ့ လူတွေထဲက တစ်ဦးဖြစ်ပါတယ်။ ၁၈၈၀ နှစ်တွေ အလယ်လောက်မှာ ရောက်လာပြီး ၁၀ ဂေါ်ရခါး ရိုင်ဖယ် တပ်ကို ဝင်ခဲ့ပါတယ်။ ပြီးတော့ ပြင်ဦးလွင်လို့ အခုခေါ်တဲ့ အေးမြတဲ့ တောင်ပေါ်မြို့လေးမှာ အခြေချခဲ့ပါတယ်။ နီပေါလူမျိုးက ဆင်းသက်လာတဲ့ သူတွေ ဒီဒေသမှာ အများအပြား ရှိပြီး သူတို့ကို ခေါ်ရင် ဂေါ်ရခါးဆိုတဲ့ အမည်နာမကို ဆက်လက်သုံးစွဲနေသေးပေမယ့် အခုခေတ် ဂေါ်ရခါးလူမျိုးတွေဟာ သေနတ်တွေကို ချလို့ တောင်ယာ၊ ဒါမှ မဟုတ် စီးပွားရေးတွေကို လုပ်နေကြပါပြီ။ 

“ကျွန်တော့်အဖေက ဒီမှာမွေးလာတာ။ ကျွန်တော့်အမေက မြန်မာပြည်က။ မြစ်ကြီးနားဘက် က ဂေါ်ရခါး။ အဖေက တပ်ထဲမှာ နေခဲ့ဖူးတယ်။ ဒါပေမယ့် ခဏလေးပဲ။ ပြီးတော့ သူက အစိုးရ ဝန်ထမ်းလုပ်တယ်။ သူကြီးပေါ့” 

“ဒီမှာ လှတယ်။ ဘတ်တလာ လို့ခေါ်တဲ့ ဘုရင်ခံ ရှိတုန်းက ဖော်ခဲ့လို့ ရေကန်ကြီးကို ဘတ်တလာကန်လို့ ခေါ်ခဲ့ကြတယ်။ ရုက္ခဗေဒ ဥယာဉ်ကြီးက တူရကီက အကျဉ်းသားတွေ ဆောက်ခဲ့တာ” 

“ကျောင်းမှာက အတန်းတွေကို သင်တာက အိန္ဒိယ၊ ဘင်ဂါလီ၊ ဆစ်ခ်လူမျိုးတွေ စသည်ဖြင့် ပေါ့။ ကျောင်းအုပ်တွေက များသော အားဖြင့် အင်ဂလိုအိန္ဒိယန်းတွေ။ ကျောင်းမှာ အင်္ဂလိပ် လိုပဲ ပြောရတယ်။ ဘာသာတိုင်းကလည်း အင်္ဂလိပ်လိုပဲ သင်တယ်” 

“အင်္ဂလိပ်တွေကို ကျွန်တော် မုန်းမုန်းလာတယ်။ အိန္ဒိယမှာ လူတွေအများကြီးပဲ သူတို့တွေ ညှဉ်းပန်း နှိပ်စက်ခဲ့တယ်။ (နိုင်ငံရေး) အစုအဝေးတွေမှာ ဆိုရင် လူတွေ အများကြီး သတ်ပစ်ခဲ့တယ်။ ကျွန်တော် အများကြီးပဲ ကြားတယ်။ နိုင်ငံရေး ခေါင်းဆောင်တွေကို ဖမ်းတယ်၊ ပြီးတော့ ထောင်ထဲကို ပို့ပစ်တယ်။ အင်္ဂလိပ်တွေကို…၊ ဗြိတိသျှတွေကို ဆန့်ကျင်သူ ဖြစ်လာခဲ့တယ်” 

“ပြည်ပရောက် အိန္ဒိယ ခေါင်းဆောင်တွေ တည်ထောင်တဲ့ အိန္ဒိယအမျိုးသားစစ်တပ် ကို ကျွန်တော် ဝင်ခဲ့တယ်” 

“အခုအချိန်မှာ သွားဖို့ တွေးတောင်မတွေးနိုင်တော့တဲ့ နေရာတွေကို တွေ့ခဲ့တယ်။ ရခိုင်ပြည်နယ်ကို သွားခဲ့တယ်။ ခရီးက အရှည်ကြီးပဲ။ စစ်တွေကိုသွား၊ ပြီးမှ ခြေထောက်နဲ့…၊ တစ်ခါ လှေနဲ့…၊ တစ်ခါ မောင်းတော၊ ဘူးသီးတောင်ကို သွားရတယ်။ မောင်းတော နေရာမှာ နေပြီး ဝါဒဖြန့်ချိရေးတွေ လုပ်ရတယ်” 

“ခက်ခဲတဲ့ အချိန်ပေါ့။ ဒါပေမယ့် ကျွန်တော် ပျော်တယ်။ စွန့်စားရတာကို ကြိုက်တယ်လေ။ ကောင်းတဲ့ အကြောင်းအတွက် လုပ်ခဲ့ရတာလို့ ခံစားရတယ်”

၁၉၄၅ ခုနှစ်မှာတော့ ဗိုလ်ချုပ်အောင်ဆန်းဟာ အင်္ဂလိပ်တွေနဲ့ တစ်ခါပြန်ပေါင်းပြီး ဂျပန်တွေကို တိုက်ထုတ်ခဲ့တယ်။ ဗြိတိသျှ လက်အောက်ကနေ လွတ်လပ်ရေးဆီ လှမ်းလာတဲ့ စစ်ပြီးတဲ့ ခေတ်တွေမှာတော့ သာမာန်ဘဝကို ပြန်ပြီး စရတဲ့ အချိန်ပေါ့။ 

တိုက်ပွဲတွေ အပြီးမှာ ဦးဒီအက်စ်ရှာမာဟာ သူ့ရဲ့ တိုက်ပွဲဝင်ချင်တဲ့ စိတ်ကို ခေတ္တခဏ ငြိမ်းသွားစေခဲ့ပါတယ်။ မေမြို့ကို ပြန်လာပြီး သူ့အဖေ ဖြစ်စေချင်သလို အထက်တန်းကျောင်းကို ပြီးအောင်တက်တယ်။ စစ်ဖြစ်လို့ ကျောင်းတွေက ပိတ်ထားရာ ကနေ အခုတော့ အစိုးရက လူငယ်တွေကို တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ ဖြေခွင့်ပေးတယ်။ စာမေးပွဲအောင်လို့ နားပြီး အချိန်ကြာလာတော့ မိသားစုအတွက် မြို့ပေါ်က အင်ဂျင်နီယာ တယ်လီကွန်းရုံးမှာ အလုပ်ဝင်ခဲ့ပါတယ်။ လုပ်သက် ၅ နှစ် အတွင်းမှာ သူ့ရဲ့ အမျိုးသမီး နီပေါလူမျိုးနွယ်ကပဲ ဆင်းသက်လာတဲ့ ဒေါ်ဂျေဒီရှာမာ နဲ့ တွေ့ခဲ့တာပါ။ 

“ကျွန်တော် သူ့ကို သိလာတယ်။ သူကလည်း ကျွန်တော့်ကို အကဲခတ်တယ် လို့ ထင်တယ်။ ကျွန်တော်က ရိုးရှင်းတဲ့ လူပါ။ တချိန်တည်းမှာပဲ အင်ဂျင်နီယာ ရုံးမှာလည်း အလုပ်ရှိပြီး မိဘတွေကို ထောက်ပံ့နေတာ” 

သူ့အသက် ၂၃ နှစ်မှာ အိမ်ထောင်ကျပေမယ့် စွန့်စားချင်တဲ့ စိတ်က တခါပြန်ထွက်ပေါ်လာပြီး မကြာခင်ကမှ လွတ်လပ်လာ တဲ့ မြန်မာနိုင်ငံတော် ရဲ့ စစ်တပ်ထဲကို ဝင်ဖြစ်ပြန်ပါတယ်။ 

“သူငယ်ချင်းတွေက ကျွန်တော် စစ်တပ်ထဲမှာ အခွင့်အလမ်းတွေ ရှိနိုင်တယ် ဆိုတာနဲ့ ၁၉၅၃ မှာ ဝင်ဖြစ်တယ်။ စစ်ဗိုလ် သင်တန်းကျောင်း တက်တယ်။ ၁၀ လ သင်တန်းလည်း တက်ပြီးရော ကျွန်တော် စပြီးတာဝန်ထမ်းဆောင်ရရော။ ၁၉၄၉ လွပ်လပ်ရေး ရပြီး မကြာမီ အချိန်ဆိုတော့ သူပုန်တွေ အများကြီးထတဲ့ အချိန်ပေါ့။ ဘဝက အတော်ကို မလွယ်တာ။ တချိန်လုံး မနားပဲ သွားနေရတာ” 

သူ့ရဲ့ ယူနစ်မှာ ချင်း၊ ကချင် အပါအဝင် တိုင်းရင်းသား အမျိုးစုံ ပါပါတယ်။ အလုပ်ကြောင့် နိုင်ငံတဝှမ်း သွားခဲ့တာမှာ မုံရွာ၊ မေမြို့၊ ပြည်၊ ပဲခူး၊ ရခိုင်၊ စစ်ကိုင်း၊ ကချင် အစုံပါပဲ။ 

“ကျွန်တော့ အသက်တလျှောက်မှာ ငါးခါ၊ ခြောက်ခါလောက် သေရွာက လွတ်မြောက်ခဲ့တယ်” 

“တစ်ခါက ကျွန်တော်က တပ်မှုးအနေနဲ့ (headquarters) တပ်ရင်းမှာ ရှိနေတယ်။ ကေအိုင်အေ (ကချင်လွတ်လပ်ရေး တပ်) နဲ့ တိုက်ပွဲ ဖြစ်ချိန် ပေါ့။ ကျွန်တော်က ကျောက်တုံးကြီး တစ်တုံးဘေးမှာ ရပ်ပြီး နေ့လည်စာ စားနေတာ။ ငါးပိကြော်လိုတယ် ဆိုပြီး မီးဖိုချောင်မှာ သွားယူတာ။ ကျွန်တော် ထွက်သွားသွားပြီးချင်းပဲ ကျွန်တော်ရပ်နေတဲ့ နေရာ တည့်တည့်ကို သေနတ်ကျည်ဆံ လာမှန်တယ်။ အနီးအနားက လက်ဖြောင့် သမားတစ်ယောက်ဆီက လာတာ” 

“တတ်နိုင်သလောက်တော့ ဒေသခံတွေကို ကျွန်တော်ကူတယ်။ ကျွန်တော်တို့နဲ့ တိုက်နေတာက သူပုန်တွေ။ ဒေသခံတွေက အိမ်တွေကနေ ထွက်ပြေးပြီး တောထဲမှာ သွားပုန်းကြရတာ” 

“စစ်ပွဲရှိရင် ပြည်သူတွေပဲ ဒုက္ခရောက်ကြတာ။ အခု ဆီးရီးယားမှာ ဖြစ်နေတာပဲ ကြည့်ပါဦး။ ခေါင်းဆောင်တွေ၊ ဘုရင်တွေ လုပ်နေသူတွေက မိုက်မဲတာ။ သူတို့ အချင်းချင်းကြားမှာ တိုက်နေတာ ကြားထဲက ပြည်သူတွေက သေကြရတယ်။ သူတို့ ပြည်သူတွေကို သူတို့ချစ်ရင် တိုက်ပွဲကို ရပ်ရမှာ” 

တချိန်လုံး မနားပဲသွားနေရတာ ကြာလာပြီး နောက်ဆုံးတော့ အရမ်းပင်ပန်းလာတာနဲ့ သူ့အမျိုးသမီးရဲ့ မိသားစုရှိရင် ပိုပြီးသင့်မြတ်တဲ့ အလုပ်ကို ရှာပါ ဆိုတဲ့ တောင်းပန်ချက်ကို နားထောင်ပြီး ၁၉၆၇ မှာ စစ်တပ်ကနေ အငြိမ်းစားယူ လိုက်တယ်။ 

“ကျွန်တော် ပင်ပန်းလာတယ်။ ကျွန်တော့ အမျိုးသမီးကလည်း ကျွန်တော့ လုံခြုံမှု အတွက် ထွက်စေချင်တယ်။ တချိန်လုံး ခရီးသွားနေရတာ ကိုး။ စစ်တပ်ထဲက သက်တမ်း ၂၀ အတွင်းမှာ ကျွန်တော် အလုပ်ကို ကောင်းကောင်း လုပ်နိုင်ခဲ့တယ်။ ကျွန်တော့်အနေနဲ့ ဆက်နေချင်ပေမယ့် အမျိုးသမီးက စိတ်ပူတယ်။ ကျွန်တော့်ကို မိသားစုဘဝနဲ့ သွားစေချင်တယ်။ အတူတူ နေချင်တာပေါ့။ အမြဲ အပြင်ရောက်နေတာကိုး” 

“ကျွန်တော် အင်္ဂလိပ်စာ ကျုရှင်စပြီး ပေးလာတယ်။ တရုတ်မိသားစုတွေနဲ့ သူတို့ရဲ့ ကလေးတွေကို သင်ပေးတာပေါ့။ သူတို့ ဘာသာစကားကို သင်လို့ ရပေမယ့် မသင်ချင်ခဲ့ဘူး။ သူတို့ရဲ့ အိမ်တွင်းရေးတွေကို မကြားချင်လို့။ အခုတော့ နောင်တရ တယ်။ တရုတ်စာတတ်ရင် အခုဆို အလုပ် ကောင်းကောင်းရမယ်” 

ဦးဒီအက်စ်ရှာမာ ဟာ အခုအချိန်အထိ သူ အလွန်နှစ်သက်တဲ့ ပြင်ဦးလွင်က လက်ဖက်ရည်ဆိုင်မှာ သြဇာအာဏာ ကြီးမားတုန်း ပါပဲ။ ဒီလက်ဖက်ရည်ဆိုင်ကိုလည်း တနေ့ ၂ ခေါက် မလွဲမသွေလာတယ်။ 

“အေးအေးဆေးဆေးပဲ ဘဝမှာနေတယ်။ တခြားနိုင်ငံတွေနဲ့ စာရင် ဒီမှာက အေးချမ်းတယ်”   

(အောက်တိုဘာ ၂၀၁၆ တွင် တွေ့ဆုံမေးမြန်းခဲ့ခြင်း)

https://kite-tales.org/mm/article/122

The Kite Tales ဝဘ်ဆိုက်မှ ကူးယူဖော်ပြပါသည်။

No comments:

Post a Comment