Wednesday, March 2, 2022

ပွဲစား

ပွဲစား

ICJ မှာ မြန်မာနဲ့ ဂမ်ဘီယာတို့ ပွဲကောင်းလျှက်ရှိကြပါတယ်။ မြန်မာအနေနဲ့ ပွဲအစမှာကတည်းက ဂမ်ဘီယာဟာ အိုအိုင်စီရဲ့ အမှုပွဲစားမျှသာဖြစ်ပြီး အိုင်စီဂျေကလည်း ဘောင်ကျော်တာတွေလုပ်နေကြောင်း ထောက်ပြပြီး အမှုကို လက်ခံကြားနာရန် မသင့်ကြောင်းပယ်ချတာနဲ့ စဖွင့်လိုက်တယ်။ ဆရာမကြီး ဒေါက်တာရင်ရင်နွယ်ရဲ့ ပို့စ်အရတော့ မြန်မာ ပညာရှင်တွေဟာ ပြီးခဲ့တဲ့ NLD လက်ထက်ကတည်းက အိုင်စီဂျေအမှု အသွားအလာတွေကို စနစ်တကျ လေ့လာသုံးသပ်ထားကြတာဖြစ်ပြီး ဒီတစ်ချီမှာ ကောင်းမွန်စွာပြင်ဆင်ထားခဲ့ပြီးပြီမို့ ယုံကြည်မှု အပြည့်ရှိကြောင်း သိရပါတယ်။
တစ်ချိန်တည်းမှာပဲ ဂမ်ဘီယာကတော့ သူဟာ ဘယ်သူ့ကိုယ်စား တရားစွဲပေးတာမဟုတ်ကြောင်း ဗြောင် ငြင်းဆိုထားပြီး အိုင်စီဂျေကနေ ဒီအမှုကို ဆက်ပြီးလက်ခံထားသင့်ကြောင်း လျှောက်လဲသွားပါတယ်။ ပြုံးဖြစ်တယ်။
နယ်နိမိတ်ချင်းဆက်နေတဲ့ ဘင်္ဂလားဒေ့ရှ်နဲ့ အာဆီယံထဲက ဘာသာတူနိုင်ငံတွေကိုကျော်ပြီး ဟိုး အာဖရိက က ငမျောက်ငချောက်နိုင်ငံက ကျွန်တော်တို့အရေးကို စိတ်ပူပေးလေတော့ အားနာဖို့တောင် ကောင်းနေပြီဖြစ်ပါတယ်။ မြင်သာပါတယ်။ မြန်မာနဲ့ မဖြစ်မနေ ဆက်ဆံရမယ့် အာဆီယံနိုင်ငံတွေရော၊ ဒေါ်စုကြည်သက်တမ်းတစ်လျှောက် အမျိုးစုံကြိုးခုန်နေတဲ့ ဘင်္ဂလားက ဟာဆီနာပါမလှုပ်ဘဲ အာဖရိကရဲ့ သူဖုန်းစားသာသာနိုင်ငံက ထစွဲကတည်းက တစ်ခုခုလွဲနေပြီဆိုတာ။
ကျွန်တော်တို့ဘက်မှာလည်း သက်သေတွေရှိတယ်။ အာဆာရဲ့ အထောက်အထားတွေရှိတယ်။ နှစ်ဖက်သွားဓားနဲ့တူလို့ သတိကြီးကြီးထားခဲ့ရတဲ့ Amnesty International ရဲ့ အစီရင်ခံစာရှိတယ်။ ဒေါ်စုကြည် ဟ ပေးခဲ့သမျှကို ပြန်ချေပစရာတွေရှိတယ်။ ဟိုကောင်တွေလွန်သွားတာက ဇာတ်နာပြတဲ့ တစ်ချိန်တည်းမှာပဲ အကြမ်းဖက်ပါ ထ ဖွဲ့ခဲ့မိတာပဲ။ လက်လွန်သွားတယ်ဆိုရမယ်။ (၂၀၂၀) အတွင်း မဟာဘင်္ဂလားနိုင်ငံထောင်ဖို့ ရည်မှန်းချက် ကြီးရာက အတွက်လွဲပုံရပါတယ်။
နစက လက်ထက်မှာ သိပ်တော်တဲ့ နိုင်ငံခြားရေးပိုင်း ရှိတာမို့ ကျွန်တော် စိတ်ချယုံကြည်ထားပါတယ်။
မေးစရာက ပွဲစားလုပ်တဲ့ ဂမ်ဘီယာနဲ့ပဲပြီးရောလား။ ပွဲစားတွေက နေရာတကာမှာရှိတယ်။ အာနန်ကော်မရှင်ခေါ်ပြီး ရခိုင်အရေးကို နိုင်ငံတကာဇာတ်ခုံပေါ် ဆွဲတင်တဲ့ NLD ကိုရော ဘာမှ စာရင်းမရှင်းတော့ဘူးလား။ အဲဒါကမှ ပိုကြီးတဲ့ နိုင်ငံရေးပွဲစားဖြစ်မယ်မထင်ဘူးလား။
အာဆာက ရဲကင်းတွေကို ဝင်တိုက်တယ်။ အချုပ်အခြာအာဏာကို ထိပါးတဲ့ကိစ္စဖြစ်ပေမဲ့ ဘာလို့ ဒီလိုဖြစ်မှန်းမသိဘူး - လို့ မှတ်ချက်ပေးခဲ့တဲ့ ဒေါ်စုကြည်ကို မေ့သွားမှာ ကျွန်တော်မလိုလားဘူး။ ပြည်ပဖိအားရဲ့ရင်းမြစ်ဖြစ်ရုံမက ဒေါ်စုကြည်အစိုးရ မဖြစ်မနေ လိုက်နာပါမယ် လို့ အာမခံခဲ့တဲ့ အာနန်ကော်မရှင်အစီရင်ခံစာကို အစပြန်ဆွဲဖို့ မမေ့ပါနဲ့။ သူသာ အာဏာဆက်ရနေရင် (၁၉၈၂) နိုင်ငံသားဥပဒေတွေပြင်ဖို့ထိ အကြံကြီးခဲ့တာပါ။
ကျွန်တော်မြင်သလောက် နစက ဟာ NLD ကို ညှာလွန်းနေတယ်။ လျှော့တွက်လွန်းတယ်။ အဲဒါကိုက သူတို့ကို အားနည်းသလိုဖြစ်စေတာပါ။ ပြည်ပ ဖိအားကို အခုလို Knock out လုပ်တာကို သိပ်ကြိုက်ပါတယ်။ ထို့အတူ ပြည်တွင်းလည်း မညှာပါနဲ့။ အရေးမပါတာတွေလည်း မလုပ်နဲ့။
ဥပမာ ပြီးခဲ့တဲ့ Silent Strike ကို လွှတ်ထားပြီး နောက်မှ အမာခံတွေကို လိုက်ဖမ်းပါ - လို့ ကျွန်တော် ရေးခဲ့တယ်။ စေတနာနဲ့ ရေးခဲ့တာပါ။ သိပ်သိသာရင် ရလဒ်မကောင်းတဲ့အခါ အလှောင်ခံရမှာစိုးလို့။ ထင်ထားသ‌လိုပဲ။ ရလဒ်က မှန်းသလောက်မရဘူး။ လှောင်ခံရတယ်။
Strike အပြီးလည်း အကြမ်းဖက်အားပေးတွေကို ဆက် ချိတ်ပိတ်နေတယ်။ ပြန်လည်စုရုံး နှစ်ခြောက်လုံး ဆိုတာကြီးကို လွှတ်ထားလိုက်တော့ သူ့ဘာသာသူ ပြိုဆင်းသွားတာ တွေ့တယ်မဟုတ်လား။ အဲဒီလို ဖြစ်စေချင်ခဲ့တာ။ တခါတလေ အစိုးရဖြစ်ပြီး မပါးနပ်လွန်းလို့ ရေးနေရတာ။
အခုလည်း ICJ မှာ သေသပ်တဲ့ တိုက်ကွက်ဖော်ရုံနဲ့ မပြီးသေးဘူး။ ဒေါ်စုကြည်ရဲ့အမှုတွေ၊ ပြီးခဲ့တဲ့အစိုးရလက်ထက်က ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာတွေကိုပါ ဆက် ဖော်နေဖို့လိုတယ်။ လာဘ်စားရုံလောက်နဲ့ အာဏာထိန်းလို့မှ မရဘဲ။ ICJ မိန့်ခွန်းသာမက (၁၉၈၂) နိုင်ငံသားဥပဒေတွေကို ဘယ်လို ထိပါးခဲ့တာတွေထိ အကုန်ဖော်ဖို့လိုပါတယ်။ NLD အားနည်းသွားရင် နိုင်ငံရေးထဲက ဖယ်ထုတ်ဖို့ ပို လွယ်သွားမှာပါ။
ဆက်ပြောရရင် ပြည်ပြေးတွေကလည်း အစိုးရသာ ဖွဲ့ထားတာ၊ မြေပြင်က လက်နက်ကိုင်ထားတဲ့ တောသားတွေပေါ် ဩဇာညောင်းဖို့ မလွယ်တော့ဘူး။ ဆာဆာတို့ ဇော်ဝေစိုးတို့ဆိုတာ ကိုယ်လွတ်ရုန်းတဲ့ ပြည်ပြေးတွေထက်မပိုဘူး။ ပြည်ပြေးတွေက ဩဇာကျဆင်းရင် လက်နက်ကိုင်ထားတဲ့ တစ်ဗိုလ်တစ်မင်းတွေ ပေါလာလိမ့်မယ်။ အဲဒါတွေဆီက လက်နက်ပြန်ဖြုတ်နိုင်တာကလည်း စစ်တပ်အပြင်မရှိပါဘူး။ အဲဒီလူတွေကြားမှာ NLD ဟာ ဘာ မက်လောက်စရာမှမရှိတဲ့ဘဝ ရောက်လာပါလိမ့်မယ်။ အစိုးရသာ သိပ်မညံ့ရင် ပြည်ပက ပွဲစားသာမက ပြည်တွင်းက အာဏာပွဲစားတွေကိုပါ ဖယ်ထုတ်နိုင်လိမ့်မယ်။
NLD နဲ့ ဒေါ်စုကြည် ဩဇာကျဆင်းရင် တစ်ပါတီတည်းက အာဏာလက်ဝါးကြီးအုပ်ဖို့ ကြိုးစားနိုင်တဲ့လူတွေလည်း မရှိတော့လို့ အချိုးကျစနစ်ဖြစ်ဖြစ်၊ ဘာဖြစ်ဖြစ် ဖော်ဆောင်ဖို့ ပိုလွယ်ပါလိမ့်မယ်။
ဒီတော့ ...
- ICJ မှာတော့ ပြည်ပပွဲစားနဲ့ ဝန်ကြီးတို့ ပွဲကြီးပွဲကောင်း နွှဲနေပါပြီ။ တကယ် ဂုဏ်ယူပါတယ်။
- အဲဒီပွဲစားနဲ့ လက်ဝါးချင်းရိုက်ခဲ့တဲ့ ဒေါ်စုကြည် အုပ်စုကို လုံးဝမမေ့နဲ့။ နိုင်ငံတစ်နိုင်ငံရဲ့ ဥပဒေတွေထိ ဝင်စွက်ဖက်ပြီး ဥပဒေတွေ ပြင်စေချင်ခဲ့တဲ့ အာနန်ကို မမေ့နဲ့။
- ကျွန်တော်မှတ်မိသလောက် ဒီလူမျိုးလိမ်အရေးကို ဒေါ်စုကြည် လျှောက်လဲပေးခဲ့တုန်းက အချက်အလက် အမှားတွေ သိပ်များပါတယ်။ ရခိုင်ပြည်နယ်က ဘာအဖွဲ့အစည်း/ ညာ အဖွဲ့အစည်း စသဖြင့် အမည်တပ်ပေးခဲ့တာကလည်း သာမန်လား၊ ရည်ရွယ်ချက်ရှိရှိ လုပ်တာလား သိသာဖို့လိုတယ်။
- တိုင်းရင်းသားတွေရဲ့ ထိခိုက်နစ်နာမှုတွေကို သူ ဘာလို့ပါးစပ်ပိတ်နေခဲ့လဲ၊ မေးဖို့လိုတယ်။
အခု မြန်မာက ပညာရှင်တွေ အသေအချာ ပြင်ဆင်ပြီးတော့ ဂမ်ဘီယာနဲ့ တစ်ကျော့ပြန် ရင်ဆိုင်ပါပြီ။
ဟာဆီနာဘက်က ... ဘာကြားသေးလဲ။
အိုအိုင်စီရဲ့ပွဲစား ဂမ်ဘီယာထက် ပြည်တွင်းထဲက အာဏာပွဲစားတွေကို ကျွန်တော်ပို အော့နှလုံးနာတယ်.... ဒါပါပဲ။
သန့်နေစိုး (24. Feb. 2022)

No comments:

Post a Comment