ယူကရိန်းမှသည်
နောက်ခံ
နောက်ခံ အကြောင်းအရာမှာ သမိုင်းကြောင်းနဲ့ချီပြီးပြောရရင်တော့ ဆုံးနိုင်မှာမဟုတ်လို့ လိုရင်းပဲတင်ပြပါမယ်။ ပထဝီနိုင်ငံရေးအရ ယူကရိန်းဟာ ရုရှားရဲ့ လည်မျိုနဲ့တူပါတယ်။ စစ်ရေးအရ ဥရောပဘက်က ရုရှားကို တိုက်ချင်ရင် နပိုလီယံ ဟစ်တလာတို့ခေတ်ကစပြီး ယူကရိန်းဘက်က ဝင်ခဲ့ကြတာပါ။ စီးပွားရေးအရလည်း ရုရှားအတွက် အဓိကကျတဲ့ ရေနံနဲ့ သဘာဝဓါတ်ငွေ့ပိုက်လိုင်းတွေ အများစုရဲ့ ဥရောပထွက်ပေါက်ပါ။ မဟာဗျူဟာ ရေကြောင်းထွက်ပေါက်အရ ရုရှားရဲ့ တစ်ခုတည်းသော ရေမခဲတဲ့ ဆိပ်ကမ်းတွေရှိတဲ့ ပင်လယ်နက်ထွက်ပေါက်ကို ယူကရိန်းက ထိပ်ကနေ စီးထားတာဖြစ်ပါတယ်။ ဒါကြောင့် ယူကရိန်းက ရုရှားရဲ့ လည်မျိုဝ လို မရှိမဖြစ် အရေးပါနေတာပါ။
ဒီလိုနေရာကို ရုရှားရဲ့ အဓိက ရန်ဘက်ဖြစ်တဲ့ အနောက်အုပ်စုနေတိုးဘက်က အုပ်စီးနိုင်ဖို့ ကြိုးစားနေတာကြာပါပြီ။ ဆိုဗီယက်ပြိုကွဲပြီး ယူကရိန်းနိုင်ငံစတင်ဖြစ်တည်လာတဲ့ ၁၉၉၁ခုနှစ်ကစပြီး အရောင်တော်လှန်ရေးတွေနဲ့ စခဲ့တာပါ။ သမ္မတအိုဘားမားလက်ထက် ၂၀၁၄ မှာ ယူကရိန်းက ရုရှားနဲ့အဆင်ပြေတဲ့ သမ္မတကို လူထုအုံကြွမှုနဲ့ သမ္မတအိမ်တော်ကို ဝင်စီးပြီးဖြုတ်ချခဲ့ပါတယ်။ ရုရှားဘက်ကလည်း ပင်လယ်နက်ထိပ်မှာ အရေးပါတဲ့ ကရိုင်းမီးယားကျွန်းဆွယ်ကို ယူကရိန်းဆီက နှစ်ရှည်ငှားရမ်းထားရာကနေ အပြီးသိမ်းသွင်းလိုက်ပါတယ်။ (တကယ်တော့ ကရိုင်းမီးယားက အရင်ကတည်းက ရုရှားနယ်မြေပါ။ ကရူးရှက်က ဆိုဗီယက်ခေတ်မှာ ယူကရိန်း ပြည်နယ်ကို လက်ဆောင်ပေးလိုက်တာပါ။) ဒနိုက်ပါမြစ်အရှေ့ဘက်ခြမ်းက ရုရှားနွယ်ဖွားတွေကလည်း ယူကရိန်းလက်အောက်ကနေ ခွဲထွက်ဖို့ လှုပ်ရှားပုန်ကန်ခဲ့ကြပါတယ်။
ဒီနောက်ပိုင်းမှာ အနောက်လိုလားတဲ့သမ္မတ ပိုရိုရှင်ကိုတက်လာပါတယ်။ သူက ခြစားလွန်းလို့ လူထုက အော့နှလုံးနာလာတော့ ကြိုမွေးထားတဲ့ နောက်တစ်ယောက်ကို ဆွဲတင်လိုက်တာ အခုသမ္မတ ရုပ်ရှင်သရုပ်ဆောင်ဟောင်း ဇဲလန်းစကီးပါပဲ။ ဇလန်းစကီးရဲ့ စပွန်ဆာက ယူကရိန်း မီဒီယာခရိုနီသူဌေး ကိုလို မော့စကီး ဖြစ်ပြီး သူအစုစပ်ပိုင်ဆိုင်တဲ့ ဘူရစ္စမာ ရေနံကုမ္ပဏီက အမေရိကန်ဒီမိုကရက်တွေနဲ့ နက်ရှိုင်းတဲ့ ဆက်နွယ်မှုရှိပါတယ်။အထူးသဖြင့် အဲဒီတုန်းက ဒုသမ္မတ ဘိုင်ဒင် ဆိုရင် သားဖြစ်သူ ဟန်တာဘိုင်ဒင် ကို အဲဒီကုမ္ပဏီရဲ့ အကြံပေးအဖြစ် ခန့်ထားခဲ့တာဖြစ်ပါတယ်။
ကိုလိုမော့စကီးက ဇဲလန်းစကီးကို ပြည်သူ့ဝန်ထမ်းဆိုတဲ့ နိုင်ငံရေးဟာသရုပ်ရှင်ကားနဲ့ ယူကရိန်းက ခြစားအကျင့်ပျက်နိုင်ငံရေးသမားတွေကို သရော်ထားတဲ့ဇာတ်လမ်းနဲ့ စင်တင်ပေးခဲ့တယ်။ ၂၀၁၉ သမ္မတရွေးကောက်ပွဲမှာလည်း မဲဆွယ်စာရိတ်ကို နောက်ကနေ တာဝန်ယူထောက်ပံ့ပေးခဲ့တယ်။ မီဒီယာနည်းနဲ့ ပြိုင်ဖက် လက်ရှိသမ္မတ ပိုရိုရှင်ကို ကို ကြိုတင်သိက္ခါချခဲ့ပြီး အပြတ် အသတ် နိုင်ခဲ့တယ်။ (သို့သော် သူလည်း ဒီပုတ်ထဲက ဒီပဲ ပါပဲ။ သူ့ရဲ့ ကုမ္ပဏီ ငွေစာရင်းတွေ နိုင်ငံခြားမှာ ဝှက်ထားတာ ပမ်ဒိုရာ ပေပါ ဖော်ကောင် ဝက်ဆိုက်က ဖွင့်ချထားတာရှိပါတယ်။)
တိုတိုပြောရင် ဇဲလန်းစကီးလက်ထက်မှာ ယူကရိန်းကို နေတိုးထဲ ဝင်ဖို့ ကြိုးစားလာတယ်။ သူ့လည်မျိုကို နေတိုးက ဓါးနဲ့လာထောက်မှာ မခံနိုင်တဲ့ ရုရှားက ယူကရိန်းကို လက်မခံဖို့ နေတိုးကို တောင်းဆိုတာ လက်မခံတော့ အခုလို ဖြစ်လာတော့တာပါပဲ။
လက်ရှိအနေအထား
မတ်လ ၃ရက်နေ့အထိ လက်ရှိအနေအထားကတော့ မီးစတစ်ဘက် ရေမှုတ်တစ်ဘက် လို့ပြောရမှာပါ။ တစ်ဘက်က ဘဲလာရုစ်နယ်စပ်မှာ နှစ်နိုင်ငံဆွေးနွေးပွဲတွေ လုပ်နေသလို၊ တစ်ဘက်မှာလည်း စစ်တိုက်နေကြပါတယ်။
ဆွေးနွေးပွဲက သိပ် အရွေ့မရှိလှပါဘူး။ မြေပြင်မှာတော့ ရုရှားတွေက ယူကရိန်းအရှေ့ခြမ်းကို ကဏန်းလက်မ လို ညှပ်ပူးညှပ်ပိတ် ဝန်းပတ် သိမ်းယူလာပြီး ပင်လယ်ကမ်းခြေဘက်က ဆိပ်ကမ်းမြို့တစ်မြို့ကတော့ ရုရှားလက်အောက် လုံးဝ ရောက်သွားပါတယ်။ စစ်ရေးအရ အရှိန်မြှင့် တိုက်လာတာလည်း တွေ့ရပါတယ်။ ယူကရိန်းမြို့တော် ကိဗ်ကတော့ ပတ်ဝိုင်းခံထားရတဲ့သဘောရှိပြီး၊ပြင်းထန်တဲ့ လက်နက်ကြီးတွေ စတင်သုံးလာတာ တွေ့ပါတယ်။
နှစ်ဘက် ဦးတည်ချက်များ
ရုရှားသမ္မတ ပူတင်အတွက်ကတော့ ဒီစစ်ပွဲဟာ ယူကရိန်းကို အပြီးသိမ်းဖို့လို့ မမြင်ပါဘူး။ သူ့မှာ ကန့်သတ်ရည်မှန်းချက်ရှိပုံရပါတယ်။ ဒါကြောင့် စစ်ပွဲလို့မသုံးဘူး။ အကြွင်းမဲ့စစ် အဖြစ် စစ်ကြေငြာချက်မလုပ်ဘူး။ အထူးစစ်ဆင်ရေးလို့ပဲသုံးတာတွေ့ပါတယ်။
သူ့ရည်မှန်းချက်တွေကတော့ နိုင်ငံရေးအရဆိုရင် ယူကရိန်းမှာ အနောက်ဩဇာခံအစိုးရကိုဖြုတ်ချပြီး ရုရှားနဲ့ အလွမ်းသင့်မယ့်သူကို တင်ပေးရေး ဖြစ်မှာပါ။ စစ်ရေးအရဆိုရင်တော့ ရုရှာနွယ်ဖွားတွေ အများစုနေထိုင်ကြတဲ့ ဒနိုက်ပါမြစ် အရှေ့ခြမ်း ရုရှားနဲ့ကပ်လျက်နယ်မြေတွေကို သိမ်းယူပြီး ခွဲထွက်နယ်မြေထူထောင်ပေးရေး ဖြစ်ပါလိမ့်မယ်။ (နောက်တစ်ဆင့်ကျမှ အဲဒီနယ်မြေတွေကို ရုရှားနိုင်ငံထဲ ပေါင်းစည်းလိုက်နိုင်ပါတယ်။)
ဒီရည်မှန်းချက်တွေကို ဖော်ဆောင်ဖို့ စစ်ရေးအင်အားနဲ့ စေ့စပ်ညှိနှိုင်းမှု နှစ်ခုပေါင်းပြီး အင်အားကို ကျွမ်းကျင်လိမ္မာစွာ smart power အသုံးချပြီး လုပ်ကိုင်နေပုံရပါတယ်။
ဒီ မှန်းဆချက်ကို အထောက်အကူပြုနေတာကတော့ အခုအချိန်အထိ မြို့တော် ကိဗ် ကို ဝိုင်းရုံပဲ ဝိုင်းထားတာရယ်။ မြို့သိမ်းနယ်သိမ်း တိုက်ပွဲတွေကို ဒနိုက်ပါမြစ် အရှေ့ခြမ်းမှာပဲ အာရုံစိုက် လုပ်နေတာရယ်ကို တွေ့ရမှာပါ။
ယူကရိန်းသမ္မတ ဇဲလန်းစကီးရဲ့ ရည်မှန်းချက်ကတော့ ရှင်းပါတယ်။ ရုရှားကို နျူကလီယာပိုင်တဲ့ စစ်အင်အားကြီးကို သမားရိုးကျနည်းနဲ့ ဘယ်လိုမှ မနိုင်နိုင်ဘူး။ ဘယ်နိုင်ငံ စစ်အုပ်စုကမှလည်း ဝင်ကူတိုက်ပေးမှာ မဟုတ်ဘူး။ ဒါကြောင့် ပြည်သူ့စစ်မဟာဗျူဟာနဲ့ မြို့ပြပျောက်ကြားပုံစံ သွားရမယ်။ အနောက်အုပ်စုရဲ့ ရုပ်ဝတ္ထုနဲ့ နိုင်ငံရေး၊ စီးပွားရေး၊ မီဒီယာအားကို ရနိုင်သမျှယူမယ်။ မိန်းမနဲ့ကလေးတွေကို ဒုက္ခသည်အဖြစ် အနောက်နိုင်ငံတွေမှာရှောင်ခိုင်းထားပြီး ရေရှည်စစ် protracted war၊ အမှည့်ခြွေစစ် war of attrition ဆင်နွှဲမယ်။ ရုရှားနဲ့ဝေးပြီး အနောက်မဟာမိတ်တွေနဲ့နီးတဲ့ Lviv မြို့ကို အခြေခံပြီး ခံစစ်ဆင်မယ်။ နိုင်ငံခြားတပ်ဖွဲ့တွေကို ဗော်လံတီယာ အပျော်တမ်းတပ်ဆိုပြီး ကိုရီးယားစစ်ပွဲကာလတုန်းက တရုတ်တွေဝင်သလို၊ ကုလသမဂ္ဂ တပ် အမည်ခံပြီး အမေရိကန်တွေ ဝင်သလို ဖိတ်ခေါ်ပြီး တိုက်မယ်။ ရေရှည်စစ် ဆင်နွှဲ နိုင်အောင် အချိန်ဆွဲနိုင်ဖို့နဲ့ နိုင်ငံရေး စင်မြင့်အဖြစ် နာမည်ကောင်းရယူဖို့ စေ့စပ်ဆွေးနွေးပွဲကို အသုံးချမယ်။
ဒီလိုနဲ့ နှစ်ဘက်စလုံးက ကိုယ့် အကျိုးစီးပွားအတွက် ကိုယ်စီအကြံတွေနဲ့ အကွက်ဆင်နေကြတာကို မြင်နေရပါတယ်။
ရှုထောင့်ပေါင်းစုံမှ သုံးသပ်ချက်
ဒီစစ်ပွဲက စစ်ရေးအမြင်နဲ့ကြည့်ရင် အလွန်စိတ်ဝင်စားဖို့ကောင်းပါတယ်။ စစ်သဘောတရား milirary doctrine တွေအရ စစ်စတင်တာနဲ့ ပစ်အားနဲ့စစ်ကစားမှုကို သာလွန်အင်အားသုံးပြီး ရန်သူကို ခြောက်ခြားတုန်လှုပ်အောင် shock and awe လုပ်ရမယ်။ ရန်သူရဲ့ တိုက်ပွဲဝင်စိတ်ဓါတ် will to fight ကို ရိုက်ချိုးပြီး အခြေအနေဖန်တီးနိုင်ခွင့် initiative ကို မိမိဘက်မှာ အမြဲရှိစေရမယ်။
ဒါကြောင့် အမေရိကန်ဆိုရင် ပင်လယ်ကွေ့ စစ်ပွဲကာလတုန်းက သူ့ရဲ့ လေကြည်း စစ်ဆင်မှု Air Land Warfare သဘောတရားမှာ ပွဲစတာနဲ့ ရန်သူ့ ရှေ့တန်းတပ်ဖွဲ့ကို အခုနောက်ပိုင်း ရုရှားစသုံးလာတဲ့ ပေါင်၅၀၀၀ သာမိုဘားရစ် ဗုံးတွေသုံးပြီး တိုက်စိတ်ကို ရိုက်ချိုးပစ်ခဲ့တယ်။ တစ်ချိန်တည်းမှာ နောက်တန်းဌာနချုပ်ရဲ့ ကွပ်ကဲထိန်းချုပ်ဆက်သွယ် ထောက်လှမ်းမှု C4ISR စနစ်ကို လေကြောင်းကနေ တိုက်ခိုက်ဖျက်ဆီးလိုက်တယ်။ ထောက်ပံ့ရေးစနစ်ကို ကြားဖြတ်ချေမှုန်းတယ်။ နည်းပညာမယှဉ်နိုင်တဲ့ အီရတ်တပ်ဖွဲ့တွေ အချိန်တိုအတွင်း တပ်ပျက်သွားခဲ့တာပါ။ ၁၉၉၉ ကိုဆိုဗိုစစ်ပွဲတုန်းကလည်း မဟာဗျူဟာမြောက်ဗုံးကြဲမှုဆိုပြီး စစ်မြေပြင်မဟုတ်တဲ့ ဆားဗီးယားမြို့တော် ဘဲဂရိတ်ရဲ့ ရေမီးထောက်ပံ့ရေးလမ်းကြောင်းတွေအားလုံးကို ဗုံးကြဲ ပစ်တာ တရုတ်သံရုံးတောင်မှ အဆစ်ပါသွားပါသေးတယ်။
အခု ကိုပူတင် ကတော့ သဘောကောင်းလှစွာနဲ့ အဲတာမျိုးတွေ ဘာမှ မလုပ်သေးဘူး။ ယူကရိန်းမှာ စစ်ဖြစ်တယ်သာဆိုတာ မီးလည်းမပျက်၊ရေလည်းမပျက်၊ မီးရထားတွေလည်း ပြေးဆွဲမြဲ။ ထောက်ပို့လမ်းကြောင်း လမ်းတံတားတွေလည်း အဖျက်မခံရသေး။ တယ်လီဖုန်း အင်တာနက်တွေလည်း မပြတ်သေး၊ ရုပ်မြင်သံကြားတာဝါတိုင်တောင် မနေ့တစ်နေ့ကမှ ပစ်ချိုးခံရတာတွေ့ပါတယ်။
ဒါတင်ပဲလားဆိုတော့ ခြေလျင် တင့် ပူးပေါင်းစစ်ဆင်ရေးထုံးစံ အရ ခြေလျင်က တင့်ကို ရန်သူ့တင့်ဖျက်ရန်က ကာကွယ်ပေးရမယ်။ အဲတာလည်း မတွေ့ဘူး။ ရုရှားတင့်တွေက ဥရောပက ထောက်ပံ့တဲ့ ပဲ့ထိန်းဒုံးစာတွေ ခဏခဏမိနေတာတွေ့ရတယ်။ ရုရှားတင့်တပ်ဖွဲ့တွေက ယူကရိန်းပြည်သူတွေ လက်ဗလာနဲ့ ရှေ့ကနေ တားပြီးဆဲနေတာတောင် ရပ်ပေးထားတာတွေ့နေရပါတယ်။ ခြေလျင်စစ်သားတစ်ယောက်ဆိုလည်း ယူကရိန်း ကလေးမလေးက လက်သီးနဲ့ရွယ်ပြီး နောက်ကလိုက်အော်ဟစ်ရန်လုပ်နေတာတောင် ဘာမှပြန်မလုပ်ဘူး။ ဒီလိုပုံစံမျိုး ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဖြစ်ခဲ့တဲ့ ဗီယက်နမ်၊ အာဖဂန်၊အီရတ်၊ လစ်ဗျား၊ ဆီးရီးယား၊ ယီမင်၊ စတဲ့ ဘယ်စစ်ပွဲ မှာမှ မတွေ့ဖူးခဲ့ပါဘူး။ အဲဒီမှာတော့ မသင်္ကာရင် အရင်ပစ် နောက်မှမေး Shoot first, ask later မူကို ကျင့်သုံးခဲ့ကြတာပါပဲ။
အဲတော့ အခုစစ်ပွဲမှာ ရုရှားဘက်က ယဉ်ကျေးတဲ့စစ်ပွဲ civilized war ပုံစံမျိုးကို (အခုအထိ) ကျင့်သုံးနေတယ်လို့ မြင်နေရပါတယ်။ အဲတာကိုက ဆန်းတယ်လို့ပြောရမှာပါ။ တကယ်တော့ စစ်တိုက်တယ်ဆိုတာ ရက်စက်ကြမ်းကြုတ်တဲ့ အလုပ်တစ်ခုပါ။ စစ်ဦးဘီလူးလို့ ဆိုကြပါတယ်။ ယဉ်ကျေးတဲ့စစ်ပွဲ ဆိုတာက ဘုန်းကြီးနဲ့ဘီး ဆိုတာလို နည်းနည်း ခွကျတဲ့ ဆန့်ကျင်တွဲဖက် oxymoron အသုံးမျိုးပါပဲ။ အခုဟာက အလယ်ခေတ် စစ်သူရဲကောင်း knight တွေ စစ်တိုက်သလို အရပ်သားတွေ မထိခိုက်စေဘဲ စစ်သည်ချင်း စီးချင်းထိုးကြတဲ့ ပုံစံမျိုး လုပ်လာတာတွေ့ရတာဖြစ်ပါတယ်။
ဒါကလည်း ရုရှားတွေဘက်က အကြောင်းရှိပါတယ်။ သူတို့ကို ကျူးကျော်သူဆိုပြီး အနောက်အုပ်စုနဲ့ ကမ္ဘာ့မီဒီယာတွေမှာ ပုံဖော်ခံထားရတယ်။ နိုင်တကာဥပဒေအရလည်း အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်ခုကို မိမိကိုယ်ကိုယ်ခုခံခွင့်ကလွဲလို့ စစ်ပြုခွင့်ပေးမထားဘူး။ အခုခေတ်ကလည်း လူတိုင်းက ဖုန်းကိုယ်စီနဲ့ မီဒီယာသမားဖြစ်နေကြတော့ အစစ အရာရာ သတိထားနေကြရတာပါ။ ၁၉၄၉ခုနှစ် စစ်ဆင်နွှဲမှုဆိုင်ရာ ဂျီနီဗာကွန်ဗင်းရှင်းအရ စစ်ဆင်နွှဲရာမှာ အရပ်သားတွေကို ကာကွယ်ပေးထားတော့ အထိန်းမတတ်ရင် စစ်ရာဇဝတ်မှုက စောင့်နေမှာပါ။
ဘက်စုံစစ်ပွဲအသွင်
ယူကရိန်းတွေဘက်ကျတော့လည်း ဒါက မီဒီယာစစ်ပွဲ၊ ဥပဒေစစ်ပွဲနဲ့ သံတမန်ရေး၊နိုင်ငံရေး၊ စီးပွားရေး စစ်ဆင်မှုတွေ ပေါင်းစပ်ထားတဲ့ ဘက်စုံစစ်ပွဲ ဆင်နွှဲနေတာဖြစ်ပါတယ်။ တကယ်တော့ ယူကရိန်းဆိုတာက ကြားခံနယ်ရုပ်မျှသာပါပဲ။ နောက်ကွယ်က ကြိုးကိုင်လှုပ်ရှားနေတာကတော့ အနောက်အုပ်စုပါ။ ဒီအနောက်အုပ်စုကတော့ ဦးမော့ခေါင်းထောင်လာတဲ့ ရုရှားကို အထူးသဖြင့် ခေါင်းမာပြီး သဘောထားပြင်းထန်တဲ့ သမ္မတပူတင်ကို ဖြစ်နိုင်သမျှ နည်းလမ်းပေါင်းစုံနဲ့ ဒီတစ်ကြိမ်မှာ ဝိုင်းပြီး ဆွမ်းကြီးလောင်းရင်း အပြီသိပ်ချင်တဲ့ သဘောပါပဲ။
ဒီနေရာမှာလည်း ဒီတစ်ခါက အတော်ထူးခြားပါတယ်။ ရုရှားကို သင်းကွဲ အထီးကျန်ဖြစ်စေဖို့ ဘက်စုံ ထောင့်စုံက ဝိုင်းတိုက်နေကြတာတွေ့ရပါတယ်။ စီးပွားရေးနဲ့ ဘဏ္ဍာရေးပိတ်ဆို့မှုပေါင်းစုံ၊ သံခင်းတမန်ခင်းအရ ရုရှားကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ထုတ်ပယ်ဖို့၊ ကုလ အထွေထွေညီလာခံမှာ ပြစ်တင်ရှုတ်ချ၊ လူ့အခွင့်အရေးကောင်စီမှာ အရေးယူဖိုလုပ်၊ ICC တရားရုံးမှာ စစ်ရာဇဝတ်မှုနဲ့ တရားစွဲ၊ အားကစားအဖွဲ့ပေါင်းစုံက သပိတ်မှောက် ထုတ်ပယ်၊ ရုရှားလေကြောင်းလိုင်းတွေကို ဖြတ်ကျော်ပျံသန်းခွင့်ပိတ်။ သူတို့ကို အကြီးအကျယ်ထိခိုက်မယ့် စွမ်းအင်ရေနံ ဝယ်ယူရေးကိစ္စမျိုးကလွဲလို့ ရုရှားကို ကမ္ဘာ့အသိုက်အဝန်းကနေ ဝိုင်းဝန်းတိုက်ခိုက် ဖယ်ထုတ်ချင်ကြတဲ့သဘောမျိုးတွေ့လာရပါတယ်။ နောက်ဆုံး သစ်ပင်သက်တမ်းရှည်ပြိုင်ပွဲမှာတောင်မှ ရုရှားက သက်တမ်းနှစ်၁၈၀ကျော် သစ်ပင်အိုကြီးကို ပြိုင်ပွဲက ထုတ်ပယ်လိုက်တယ်လို့ဆိုပါတယ်။ရုရှားကို ကမ္ဘာ့ မကောင်းဆိုးဝါး ကျူးကျော်သူ၊အပြစ်မဲ့အရပ်သားတွေကို မညှာမတာ သိမ်းကြုံး သတ်ဖြတ်နေသူ ဆိုတဲ့ ပုံရိပ်ဖော်ပြီး Demonization ဘီလူးသရဲ လို့ တစ်ကမ္ဘာလုံးကမြင်လာအောင် မီဒီယာနည်းလမ်းပေါင်းစုံနဲ့ လုပ်နေကြတာတွေ့ပါတယ်။
သုံးသပ်ချက်နှင့် ရှေ့အလားအလာ
ဒီစစ်ပွဲက ရုရှားနဲ့ ယူကရိန်းတို့အကြားက စစ်ပွဲ သက်သက် မျှ မဟုတ်ပါဘူး။ သဘောတရားရေးအရဆိုရင် ကမ္ဘာလုံးဆိုင်ရာ လစ်ဘရယ်ဝါဒနဲ့ လက်တွေ့ သရုပ်မှန် အမျိုးသားရေး အထိုင်တို့ ထိပ်တိုက်တွေ့ကြတဲ့ပွဲပါ။
နိုင်ံငံတကာ ဆက်ဆံရေး နဲ့ ပထဝီနိုင်ငံရေးအမြင်အရ ကြည့်ရင်တော့ နှုတ်ခမ်းသားနယ်မြေအင်အားစုကြီး (အမေရိကန်+ ဥရောပ) နဲ့ အင်အားတောင့်တင်းလာတဲ့ နှလုံးသားနယ်မြေ အင်အားစု (ရုရှား+တရုတ်) တို့ အတိအလင်း အားပြိုင်ကြတဲ့ ပွဲပါ။
ဘက်စုံစစ်ပွဲအမြင်နဲ့ကြည့်ရင် စစ်ရေးအရ အားသာတဲ့ ရုရှားရဲ့ အင်အားအမာ နဲ့ စစ်မတိုက်ချင်တဲ့ အနောက်အုပ်စုရဲ့ အင်အားအပျော့တို့ရဲ့ တိုက်ပွဲပါ။
ရှေ့ဆက်ပြီး ဘာဖြစ်ကြမလဲ သုံးသပ်ရရင်တော့ ယူကရိန်း အရေးမှာ ပူတင်က ယူကရိန်း အရှေ့ခြမ်းကိုတော့ ဖြစ်တဲ့နည်းနဲ့ အရယူမယ်လို့ မှန်းဆရပါတယ်။ ကိဗ်မြို့တော်ရဲ့ ကံကြမ္မာနဲ့ နိုင်ငံရေးဖြေရှင်းချက်ကတော့ စစ်ရေးချိန်ခွင်လျှာအပြောင်းအလဲနဲ့ ဆွေးနွေးပွဲရလဒ်အပေါ် မူတည်ပါလိမ့်မယ်။ နောက်ဆုံးအထိ ဘယ်ဘက်ကတောင့်ခံနိုင်မလဲဆိုတဲ့အချက်က စကားပြောပါလိမ့်မယ်။
စီးပွားရေးစစ်ပွဲမှာတော့ ရုရှားနဲ့အနောက်အုပ်စု နှစ်ဘက်စလုံးနာပါလိမ့်မယ်။ ရုရှားဘက်က ခံသာမှာကတော့ စစ်ကြောင့်ရေနံဈေးတက်ရင် တစ်ရက်ကို ရေနံစည်၅သန်းလောက် တင်ပို့နေတဲ့ ရုရှားအတွက် ရေနံဝင်ငွေတိုးလာတာကနေ ခုသာခံသာရှိနိုင်ပါတယ်။ ရေနံဝယ်သုံးရတဲ့ အနောက်အုပ်စုဝင်တွေ၊တရုတ်နိုင်ငံနဲ့ ကျန်ကမ္ဘာ့နိုင်ငံတွေကတော့ လောင်စာဈေးတက်မှုနဲ့အတူ စီးပွားရေး အကြပ်အတည်း တွေ့ကြရနိုင်ပါတယ်။ အဲဒီကမှ နိုင်ငံရေး မတည်ငြိမ်မှုတွေလည်း ဖြစ်လာနိုင်ပါတယ်။
နိုင်ငံတကာနိုင်ငံရေးမှာတော့ ကမ္ဘာပြားခဲ့တဲ့ ဂလိုဘယ်လိုက်ဇေးရှင်းခေတ်ကနေ နှစ်ဘက် အုပ်လိုက်ကြီး လက်တွဲဖြုတ် နှစ်ခြမ်းကွဲသွားကြမယ့် decoupling ဘက်ကို လုံးလုံးလျားလျား ဦးတည်သွားနိုင်ပါတယ်။
ကမ္ဘာကြီးနှစ်ခြမ်းအကွဲမှာ ကုလသမဂ္ဂနဲ့ ကမ္ဘာလုံးဆိုင်ရာ ငွေကြေးစနစ်၊ လူလုပ် အသိဉာဏ် သတင်းနည်းပညာ၊ ကုန်သွယ်မှု၊ အားကစား၊စတဲ့ ကမ္ဘာ့ အစီအစဉ် ပုံစံကြီးတစ်ခုလုံးလည်း တစ်နွယ်ငင်တစ်စင်ပါ အကုန်လိုက်ပြီး ကွဲသွားနိုင်ပါတယ်။
နိဂုံးချုပ်ရရင်တော့ ဒီစစ်ပွဲဟာ ကံမကောင်း အကြောင်းမလှရင် အရင်ကတည်းက ကွဲချင်ချင်ဖြစ်နေတဲ့ ကမ္ဘာ့ အနေအထား ကို ဖြိုချပစ်နိုင်တဲ့ အလှည့်အပြောင်းတစ်ခုဖြစ်သွားနိုင်ပြီး အနာဂတ်မှာ ပဋိပက္ခတွေအပြည့်နဲ့ မတည်ငြိမ်တဲ့ကမ္ဘာကြီးကို တွေ့မြင်ရဖွယ်ရှိပါတယ်။ ကြားထဲက မြေစာပင်နိုင်ငံလေးတွေကတော့ တောင်လဲရာမြက်ပြတ်ရမယ့်ဘေးက မိမိတို့နိုင်ငံပါမသွားရလေအောင် မနည်းရပ်တည်ကြိုးပမ်းရမယ့် မုန်တိုင်းထန်ကာလတွေအတွက်ပြင်ဆင်ကြရတော့မှာဖြစ်ကြောင်း သုံးသပ်ရပါတယ်။
ဦးကိုကိုလှိုင်
No comments:
Post a Comment