Thursday, March 17, 2022

ဝေလည်းမွှေး ကြွေလည်းမွှေး

ဝေလည်းမွှေး ကြွေလည်းမွှေး

သူနာမည် သန့်ထင်ဝေ။ ငယ်စဉ်ကတည်းက ကြိုးစားခဲ့တဲ့သူတစ်ယောက်။ဆယ်တန်းကို ထူးထူးချွန်ချွန် အောင်မြင်ပြီး အပြင်ကဆေးတက္ကသိုလ်အမှတ်မီလို့ဆေးတက္ကသိုလ်တက်ပြီး ဆရာဝန်လုပ်ဖို့ဝိုင်းပြောကြပေမယ့် ဆရာဝန်လည်းလုပ်မယ်၊ စစ်သားတစ်ယောက်အဖြစ်လည်း တိုင်းပြည်ကို ကာကွယ်မယ်လို့ဆုံးဖြတ်ပြီး ပင်ပန်းလှတဲ့ တပ်မတော်ဆေးတက္ကသိုလ်ကိုရွေးခဲ့တယ်။
ဆရာဝန်တစ်ယောက်တတ်အပ်တဲ့ ပညာတွေကို သင်ယူရင်း ပင်ပန်းဆင်းရဲလှတဲ့ စစ်ပညာတွေပါသင်ယူလေ့ကျင့်ဖြတ်သန်းပြီးနောက် စစ်ဗိုလ်ဆရာဝန်ဖြစ်လာခဲ့တယ်။ သူနဲ့ဆယ်တန်းတုန်းက သူငယ်ချင်းတွေဂျူတီကုတ်ဖြူဖြူလေးဝတ်၊နားကြပ်ကလေးချိတ်ပြီး မြို့ကဆေးရုံတွေမှာပြည်သူလူထုကို စောင့်ရှောက်ပေးနေသလို သူကလည်း တာဝန်ကျရာ ဒေသတွေ၊ တောတောင်တွေကို ဆေးပစ္စည်းတွေပါတဲ့ ခြင်းတောင်း ထမ်းပိုးရင်း ကိုယ်ပိုင်အသုံး
အဆောင်အဝတ်အထည်တွေလျှော့ထည့်ရင်းဖြစ်သလိုနေ ဖြစ်သလို စားလို့ စစ်ကြောင်းနဲ့အတူ ချီတက်လိုက်ပါခဲ့တာ အကြိမ်ကြိမ်ပါ။
ရည်မှန်းချက် ခရီးကို ဆေးပစ္စည်း လက်နက်ခဲယမ်းအလေးအပင်ပစ္စည်းတွေနဲ့အတူတူချီတက်ကြပြီး အနားမယူနိုင်ဘဲ သူ့ရဲ့ရဲဘော်ရဲဘက်တွေ
နေမကောင်း ဒဏ်ရာ ဒဏ်ချက်တွေကို ဆေးကုစောင့်ကြည့်ပေးရင်း အိပ်ပျက်ညပေါင်းများစွာနဲ့ပေါ့။ မြို့ကသူငယ်ချင်းဆရာဝန်တွေ မဟာတန်းအတွက် စာတွေကျက်ပြီးပြင်ဆင်နေကြချိန်မှာသူကတော့ အခြားသာမန်ဆရာဝန်တွေ မရောက်တဲ့ဒေသတွေက ဆင်းရဲလှတဲ့ တိုင်းရင်းသားပြည်သူလူထုကိုအကြိမ်ကြိမ် ဆေးကုသပေးရင်းဘဝကိုပျော်မွေ့နေခဲ့မိတယ်။
တခါတစ်ရံကျတော့လည်း သူရဲ့ရင်တွင်းခံစားချက် ကဗျာတွေစာတွေကို လိုင်းမိတဲ့နေရာရောက်ရင် အွန်လိုင်းပေါ်တင်ရင်း စိတ်ဖြေတတ်တယ်။.
တနေ့တော့ သူပါဝင်တဲ့စစ်ကြောင်းနဲ့ ရန်သူတွေ တိုက်ပွဲဖြစ်ပြန်တယ်။
ခါတိုင်းဖြစ်တဲ့တိုက်ပွဲတွေထက်ပိုပြီးပြင်းထန်သလို ကျည်ဆန်တွေ လက်နက်ကြီးကျည်တွေဟာငရဲပွက်တဲ့အလား ပစ်ကြခတ်ကြတယ်။
ကိုယ်ဘက်က ရဲဘော်ရဲဘက်တွေလည်း ခါတိုင်းထက်ကို အထိအခိုက်များလာတယ်။ တချို့အရာရှိ စစ်သည်တွေ ကျဆုံးကုန်သလို တချို့လည်း ဒဏ်ရာဒဏ်ချက်တွေကြောင့် သွေးအလိမ်းလိမ်းနဲ့ ညည်းတွားနေကြသလို
တချို့လည်း ဒဏ်ရာကိုအံကြိတ်ခံရင်း ကျန်သမျှအားအင်နဲ့ မျက်စိတွေပြာဝေလာတဲ့အထိ သတိမလစ်မချင်းဆက်ပြီးခံတိုက်နေတုန်းဘဲ။
သူနဲ့ဆေးအဖွဲ့လည်း ဒဏ်ရာရတဲ့စစ်သည်တွေကို တက်ဆွဲလိုက် အရေးပေါ်ကုသပေးရင်းနဲ့ လူနာတွေရဲ့သွေးတွေသူတို့ရဲ့ချွေးတွေ ယမ်းခိုးညှော်နဲ့တွေနဲ့လက်မလည်အောင် လုပ်နေရတယ်။
“ဗိုလ်ကြီး ရှေ့မှာ ဒဏ်ရာရတဲ့သူတွေတက်ဆွဲတာ ရန်သူတွေက တအားဖိပစ်နေလို့ ဆွဲမရဘူးဖြစ်နေတယ်"
သေနတ်သံ ဗုံးသံတွေကြားမှာ အော်ပြောတဲ့ အသံကိုခပ်တိုးတိုးကြားရရင်း
“ရတယ်. ကျနော်ပါတက်ဆွဲမယ်၊ ကာပစ်ပစ်ပေးထား"
လို့ပြောအပြီး သူပါပြေးတက်ဆွဲတယ်။ လူနာကို ရအောက်တက်ဆွဲအပြီး
ပြန်ရောက်လာတဲ့သူ ဒီတစ်ခါ ပိုပြီးနှေးကွေးလာသလိုဘဲ၊ ပိုပြီးမောလာသလိုလို။
“ဟာ..ဗိုလ်ကြီးလည်း ထိလာပြီဘဲ"
ဘာတွေပြောမှန်း မသိနိုင်တော့တဲ့ စကားလုံးတချို့တီးတိုးရေရွတ်မှာကြားရင်း သူ့တို့တိုက်ပွဲဝင်နေကြတဲ့ ရဲဘော်ရဲဘက်တွေကိုမြင်နေရတယ်။ ဒဏ်ရာရတဲ့စစ်သည်တွေကို လိုက်ပြီးအားပေးနေမိတယ်။ ဟိုမှာ...ဒဏ်ရာနဲ့လဲနေတဲ့စစ်သည်တစ်ယောက်။ အားပေးဖို့သူအသွား ဘုရားရေ.. အဲဒါ ငါကိုယ်တိုင်ပါလား။ ပက်လက်လဲနေတဲ့ အသက်မဲ့ ခန္တာကိုယ်နဲ့သွေးတွေအိုင်နေပြီးအေးစက်ခဲပျစ်လာနေပါလား။
နောက်တော့…. နောက်တော့။ သူအပါအဝင် အရာရှိ စစ်သည်အချို့ကို မြေကျင်းတွေနှုတ်ခမ်းမှတင် နိုင်ငံတော်အလံလွှမ်းထားပြီး အမိန့်စာတွေပြန် သေနတ်တွေဖောက် အလေးပြုနေကြတာကိုသူတို့တွေ့နေရတယ်။
ရဲဘော်တို့ သင်တို့ဟာ…........
........................
ဒါ့ကြောင့် သင်သွားလိုရာသွားနိုင်ပါပြီလို့ ပြောတဲ့အသံလည်း ကြားမိလိုက်တယ်။ အဝေးက သူချစ်တဲ့မိဘ ချစ်သူတို့ရဲ့ ရှိုက်ငိုသံတွေလည်း သူမြင်ရကြားနေရတယ်။ မငိုပါနဲ့အမေနဲ့ချစ်သူ ကျနော်ဒီမှာရှိနေပါတယ်၊ ဂုဏ်ယူလိုက်စမ်းပါ လို့သူအော်ပြောပေမယ့် ဟိုကမကြားကြဘူး။
ဆရာတော်တွေနဲ့ ဆွမ်းသွပ်အမျှဝေနေတာလည်း တွေ့ရပြန်တယ်။
သာဓုခေါ်ရင်း သူရဲ့အဖြူရောင်ဝိဥာဉ်အငွေ့တန်းလေး အလင်းရောင်ရှိရာ အမြင့်တနေရာသို့ရွေ့လျားမျောပါသွားလေရဲ့။ ဟိုး အပေါ်မှာက သူ့ကိုပြုံးကြည့်ရင်း
ဗိုလ်ကြီးမွန်ထော်သက်ညွန်က(၁၉၄၉ခုနှစ်တွင်ကျဆုံးခဲ့သည့် ဆေးမှူးဗိုလ်ကြီး) သူ့ကို လက်ကမ်း လှမ်းခေါ်နေတယ်။
ခုတော့ သူရဲ့အကောင့်လေးက ကဗျာတွေ စာတွေ ထပ်မမြင်ရတော့။ သူ့အကောင့်လေး မီးမစိမ်းတော့ပါ။ ဝေလဲမွှေး ကြွေလဲမွှေး ခဲ့ပါပြီ။
(လေးမြတ်စွာ အလေးပြုပါတယ်ဗိုလ်ကြီး)
Credit:အဘလေး

No comments:

Post a Comment