ဗိုလ်မှူး သူရ သီဟသူရ အောင်မြတ် (လေ ၁၀၄၈)
အောင်ဆန်းသူရိယဘွဲ့အောက်က သီဟသူရဘွဲ့ပါ။ ကေသရာဇာခြင်္သေ့မင်းကဲ့သို့ ရဲရင့်သောသူကိုပေးတယ်။ အဲဒီဘွဲ့ကိုရတဲ့သူကတော့ နဲနဲပိုများလာပါပြီ။ ဒီဆုကလည်း သက်ရှိထင်ရှား ဆုတက်ယူနိုင်တဲ့သူ အတော်လေးနည်းတယ်။
အတော်များများ အထင်ရှိကြတာက ဒီလို အမြင့်ဆုံး စွမ်းရည်သတ္တိဘွဲ့တွေကို
တပ်မတော်(ကြည်း)က,သာ အစဉ်ထာဝရ သိမ်းပိုက် ရယူနေတယ်လို့။ ဒီလိုလည်းမဟုတ်ပါဘူး။ တစ်ကယ်ဆိုရင် လွန်ခဲ့တဲ့ ၁၄ နှစ်ကျော်ကာလက ရဟတ်ယာဉ်ပျက်ကျသေဆုံးခဲ့ရတဲ့ ဗိုလ်ချုပ် သူရသီဟသူရ စစ်မောင် လို စွမ်းရည်သတ္တိဘွဲ့ နှစ်ဘွဲ့ရရှိခဲ့ဖူးတဲ့ ရဲရင့်တဲ့စစ်သားတစ်ယောက် တောင်မှ တပ်မတော်(လေ)ရဲ့ သမိုင်းကြောင်းမှာ ပေါ်ထွန်းခဲ့ဖူးပါတယ်။
သူ က တော့...လေ ၁၀၄၈ ဗိုလ်မှူး သူရ သီဟသူရ အောင်မြတ်ပါပဲ။ ရှေးဦးစွာ သူရဘွဲ့ ရရှိခဲ့တဲ့ ပွဲလေးကို ပြန်ကြည့်ရအောင်။
၁၉၅၀ ခုနှစ် ပြည်တွင်းသောင်းကျန်းမှု စတင်အရှိန်ယူနေဆဲကာလမှာ မင်္ဂလာဒုံလေယာဉ်မောင်းသင်တန်းကျောင်းက ဗိုလ်အောင်မြတ်ဟာ သူရဲ့ အောက်စဖို့ အတန်းအစား တိုက်လေယာဉ်လေးနဲ့အတူ Gunner လို့ခေါ်တဲ့ စက်သေနတ်သမား ဒုတပ်ကြပ် ကန်စတင်တင်းအော်လီဗာ ကို ခေါ်ဆောင်ပြီး အရှေ့တောင်တိုင်းစစ်ဌာနချုပ် နယ်မြေမှာ လေကြောင်းပစ်ကူပေးတာဝန်ကို ထမ်းဆောင်နေရတယ်။
မော်လမြိုင်လေယာဉ်ကွင်းမှာ ယာယီအခြေပြုပြီး ဆင်းလိုက် တက်လိုက် ရန်သူတွေပေါ်ကို နိမ့် ဆင်းထိုးသုတ် တိုက်ခိုက်ပျံသန်းပြီး မြေပြင်တပ်ကို ထိရောက်တဲ့ပစ်ကူတွေပေးနေပါတယ်။
( ၃၀ - ၄ - ၁၉၄၉ ) ရက်နေ့ တစ်နံနက်ခင်းမှာတော့ စစ်ရုံးချုပ်က အရေးပေါ်ညွှန်ကြားချက် လာတာကြောင့် ဗိုလ်အောင်မြတ်ဟာ သူ့ရဲ့ရွှေလင်းယုန်လေးကို ကဗျာကသီစက်နှိုးပြီး ဘီလူးကျွန်း တစ်နေရာဆီဦးတည် ပျံတက်ခဲ့ပါတယ်။ Gunner ကန်စတင်တင်းအော်လီဗာ လည်း ပါလာတာပေါ့။
ရန်သူတွေရဲ့ ထုနဲ့ခံစစ်ဆင်မှုကို ထိုးဖောက်ဖို့ အပြင်းအထန်တိုက်ပွဲဝင်နေတဲ့ မြေပြင်တပ်ဖွဲ့ကို ထိရောက်တဲ့ကာပစ်ပေးပြီး မော်လမြိုင်ဘက် ပြန်အလှည့်မှာ ရွှေလင်းယုန်ရဲ့ အမြီးပိုင်းက ရာဒါ လို့ခေါ်တဲ့ ဘယ်ညာတိမ်းတဲ့ ပဲ့ရဲ့ ချက်ကောင်းနေရာကို ရန်သူ့ ပွိုင့်ဖိုက်ကျည်တစ်တောင့် ထိမှန်လိုက်ပါတယ်။
လေယာဉ် သိမ့်ကနဲ လှုပ်ခါ ယိမ်းထိုးသွားပြီး အထိန်းရခက်သွားပါတယ်။
ဒီအတိုင်းဆိုရင် လေယာဉ်ကို မော်လမြိုင်အထိပျံသန်းဖို့ ဘယ်နည်းနဲ့မှ မဖြစ်နိုင်တော့ပါဘူး။
ဗိုလ်အောင်မြတ်ဟာ ကွန်ထရိုးလ်စတစ်ခ်လို့ခေါ်တဲ့ လေယာဉ်မောင်းနှင်တံကို လက်နှစ်ဖက်နဲ့ အားစိုက်ထိန်းချုပ်ရင်း လေယာဉ်ကို ကမ်းစပ်သောင်ပြင်တစ်ခုဆီ ရအောင် ဦးတည်ပြီး ဝမ်းဗိုက်နဲ့လျှောဆင်းနိုင်အောင် ကြိုးစားပါတယ်။ ဘိုးသိုးဘတ်သတ် ယိုင်တိယိုင်ထိုးနဲ့ ဆင်းလာရတယ်ဆိုပေမယ့် သူ့ကြိုးစားမှု အချီးအနှီးမဖြစ်ပါဘူး။
ဒါပေမယ့် … မှန်းချက်နဲ့ နှမ်းထွက် မကိုက်ဖြစ်သွားပါတယ်။
အဲဒါကတော့ အောက်စဖို့လေယာဉ်ဟာ သဲသောင်ပြင်ပေါ်တော့ ဆင်းမိပါရဲ့။ဘီးနဲ့မြေပြင် ထိကာမှ ပင်လယ်ထဲ ကိုက် ၁၀၀ လောက် ဆွဲချသွားလို့ပါဘဲ။
ဗိုလ်အောင်မြတ်ဟာ မောင်းခန်းထဲကနေ အမြန်ထွက်နိုင်ခဲ့ပါတယ်။ အသက်ကယ်ဝတ်စုံလည်းပါရှိတာမို့ ပူစရာမရှိပါဘူး။ သို့ပေမယ့် သူ့ရဲဘော်ရဲဘက် ဒုတပ်ကြပ် ကန်စတင်တင်းအော်လီဗာခမြာ အနည်းငယ် ထိခိုက်ဒဏ်ရာရသွားတာကြောင့် ထိုင်ခုံကနေ ထွက်မရဖြစ်နေပါတယ်။
လေယာဉ်ကလည်း အင်ဂျင်ပိုင်းကနေစပြီး ခပ်မြန်မြန်ပဲ ရေထဲမြုပ်နေပါပြီ။
ဗိုလ်အောင်မြတ်ဟာ သူ့အသက်အတွက် ကိုယ်လွတ်ရုန်းနိုင်တဲ့အခွင့်အရေးရှိပါသော်လည်း သူ့သွေးသောက်ကို ရေထဲမှာ မထားခဲ့ပါဘူး။
ရေတွေ တစ်စတစ်စ မြုပ်နေသည့်တိုင်အောင် ကြိုးစားပြီး ရအောင် ကယ်ထုတ်ပါတယ်။
နောက်ဆုံးတော့ ဘုရားသခင်ရဲ့အလိုတော်အတိုင်း အော်စတင်ဟာ အသက်ရှင်ခွင့်ရခဲ့ပါပြီ။ သူတို့နှစ်ယောက်လုံး ကမ်းစပ်ပေါ်အရောက်မှာ ကယ်ဆယ်ရေးအဖွဲ့တွေလည်း အချိန်ကိုက် ရောက်ရှိလာကြပါတယ်။ ရေထဲက အဖြစ်အပျက်ကို သူတို့နှစ်ဦးမှအပ အခြားမည်သူမှ မသိရှိခဲ့နိုင်ပါဘူး။
ဒါပေမယ့် စွမ်းဆောင်ရည်ဆုရွေးချယ်ရေးအဖွဲ့က ဗိုလ်အောင်မြတ်ဟာ သူရဘွဲ့နဲ့ မလွဲဧကန် ထိုက်တန်သူ ဖြစ်တဲ့အကြောင်း တစ်ညီတစ်ညွတ်တည်း ထောက်ခံလိုက်ကြပါတော့တယ်။
စစ်သားကောင်းတို့မည်သည် စစ်မြေပြင်မှာပဲ ဘဝကို အဆုံးသတ်ကြရတယ် လို့ ဆိုရိုးစကား ရှိ ပါတယ်။ ဗိုလ်သူရအောင်မြတ်ဟာ အဲဒီစကားအတိုင်း ဖြစ်သွားခဲ့သူပါ။
သူဟာ ၁၉၆၀ ပြည့်နှစ်အထိ တပ်မတော်(လေ)ရဲ့ များပြားလှတဲ့ တာဝန်တွေကို ဦးလည်မသုန် ထမ်းဆောင်ခဲ့ပါတယ်။ အဲဒီအထဲမှာ မှတ်ကျောက်တင်အခံရဆုံးကတော့ ဘဘစစ်ဆင်ရေး လို့ ခေါ်တဲ့ တရုတ်- မြန်မာ နယ်နိမိတ်သတ်မှတ်ရေး လုပ်ငန်းစဉ်ကြီးမှာ နယ်စပ်ဒေသတွေကို ရာသီဥတု ဆိုးရွား ပြင်းထန်နေတဲ့ကြားထဲက "ဘတ်တော" လို့ ခေါ်တဲ့ USA ထုတ် ပုံမကျ ပန်းမကျ ရဟတ်ယာဉ်ကြီးကို မောင်းနှင်ပြီး လူတွေ ရိက္ခာတွေ ပစ္စည်းတွေ အခေါက်ခေါက် အခါခါ ပို့ဆောင် ပေးခဲ့တာပါပဲ။
ဒီလို တော်တဲ့ ထူးချွန်ထက်မြက်တဲ့ တာဝန်သိတတ်တဲ့ နိုင်ငံသားကောင်းရတနာ တစ်ယောက် ဟာ ၁၅ - ၁၀ - ၁၉၆၁ ရက်နေ့မှာတော့ သူချစ်တဲ့ ရွှေဝါရောင်လွှမ်းသော အမိမြန်မာပြည်ကြီးကို ကောင်ကင်ယံကနေ ဆက်လက်ပြီးအကာအကွယ်ပေးမယ်ဆိုတဲ့ တာဝန်မကျေနိုင်တော့ပါဘူး။
ဗိုလ်မှူးသူရအောင်မြတ်ဟာ အဲဒီနေ့က မင်္ဂလာဒုံ ၅၀၂ အုပ်ကနေ ရှမ်းတဲ ၅၀၃ အုပ်ကို ဘဲလ် - ၄၇ ဂျီတူး ရဟတ်ယာဉ် ၆ စီး အဖွဲ့ကို ခေါင်းဆောင်ပြီး ပြောင်းရွှေ့ဖို့တာဝန်ကျပါတယ်။ ဒီနေ့က သူမောင်းနှင်တဲ့ ရဟတ်ယာဉ်ရဲ့ တပ်တော်ဝင်နံပတ်က ၆၈၁ ပါ။ ၆၈၁ ဟာ USA Made ဖြစ်ပေမယ့် စိတ်မချခဲ့ရပါဘူး။ စိတ်မချဆို ရဟတ်ယာဉ် မောင်းနှင်ထိန်းချုပ်တံနဲ့ ဆက်စပ်နေတဲ့ အစိတ်အပိုင်းလေးတစ်ခုရဲ့ ချို့ယွင်းချက်ဟာ ဗိုလ်မှူးသူရအောင်မြတ်ကို အမြင့်ပေ ၁၀၀၀၀ ကျော်ကနေ မြေပြင်ပေါ်အထိ အရှိန်ပြင်းစွာ ဆွဲချခံရတဲ့အထိ ဖြစ်သွားလို့ ပါပဲ။
ဒါကြောင့်လည်း သီဟသူရဘွဲ့ကို နိုင်ငံတော်က ထပ်မံချီးမြှင့်ခဲ့သလို
နိုင်ငံတော်ရဲ့စွန့်လွှတ်စွန့်စားသူရဲကောင်းစစ်သည်များရဲ့မော်ကွန်းမှတ်တမ်းမှာလည်း အခုလို ရေးထိုးနိုင်ခဲ့ပါပြီ။
၁။ ကိုယ်ပိုင်အမှတ် - လေ/ ၁၀၄၈
၂။ အဆင့်/အမည် - ဗိုလ်မှူးသူရအောင်မြတ်
၃။ အမြင့်ဆုံးရရှိသည့်ဘွဲ့/ ရရှိသည့်နှစ် - သီဟသူရ(၁၉၆၁)
၄။ ဘွဲ့ရရှိစဉ်တာ၀န်ထမ်းဆောင်နေသည့်တပ်ရင်း - တပ်မတော်(လေ)
၅။ ဘွဲ့အပ်နှင်းခံရသော အမိန့်အာဏာ - ၁၂/အထူး/၆၁
၆။ ဘွဲ့ရရှိပုံဖြစ်စဉ်အကျဉ်း ။ ဗိုလ်မှူးသူရအောင်မြတ်သည် ပြည်တွင်းသောင်းကျန်းသူများကို တပ်မတော်မှပြင်းထန်စွာနှိမ်နင်းတိုက်ခိုက်ရာတွင် ရာသီဥတုဆိုးရွားနေသည့်ကြားမှ တပ်မတော်(ကြည်း)အား ထိရောက်စွာအနီးကပ်ပစ်ကူပေးစဉ် လေယာဉ်ထိမှန်ပြီး ရေထဲသို့ထိုးဆင်းခဲ့ရာ ပါလာသူသေနတ်သမားဒုတပ်ကြပ်ကွန်စ တင်တင်းအော်လီဗာရီကိုလေယာဉ်ရေနစ်နေသည့်ကြားမှ မိမိအသက်ကိုပဓာနမထားဘဲ ရဲဘော်ရဲဘက်စိတ်ဖြင့် အပြည့်အ၀သက်စွန့်ကြိုးပမ်း ဆယ်ထုတ်ကယ်ယူခဲ့သည်။
ထို့အပြင် တရုတ်-မြန်မာနယ်နိမိတ်သတ်မှတ်ရေး(ဘဘစစ်ဆင်ရေး)လုပ်ငန်းများတွင် လိုအပ်သောလူ၊ပစ္စည်း၊ ဆေးဝါး၊ ရိက္ခာ စသည်တို့ကို ရာသီဥတုမရွေး ရဟတ်ယာဉ်ဖြင့် ကြိမ်ဖန်များစွာ စွမ်းစွမ်းတမံ ရဲရဲဝံ့ဝံ့စွန့်စွန့်စားစား သယ်ယူပို့ဆောင်ပေးခဲ့သောကြောင့် နယ်နိမိတ်သတ်မှတ်ရေး လုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သည်။
ဤသို့ထူးခြားပြောင်မြောက်သော စွမ်းဆောင်ချက်များကြောင့် ဗိုလ်မှူးသူရအောင်မြတ်အား နိုင်ငံတော်မှ သီဟသူရဘွဲ့တံဆိပ်ကို ထပ်မံချီးမြှင့်ခြင်းဖြစ်သည်။
မင်းမော်
No comments:
Post a Comment