Thursday, March 10, 2022

အာဇာနည်အစစ်

အာဇာနည်အစစ်

ဗရုတ်ဗယက်အဖြစ်ဆုံးကာလမှာ စစ်ကိုင်းတိုင်းထဲက ကာပေါင်းကျ ရွာမှာ လူသတ် အိမ်ဖျက် နဲ့ PDF တွေ သောင်းကျန်းတဲ့အတွက် အကြမ်းဖက်ခံ မိသားစု ၁၂ စုဟာ ခိုကိုးရာမဲ့စွာ ခြေမဲ့လက်မဲ့ အသက်ဘေးလွတ်ရေးအတွက် ထွက်ပြေးခဲ့ကြရပါတယ် ။
ဆွေမျိုးသားချင်း မိတ်ဆွေများမှာလည်း ကိုယ့်အပူနဲ့ကိုယ် ဖြစ်နေရတဲ့ကာလတွေမို့ ခဏတဖြုတ်ပဲ အဆင်ပြေကြပါတယ် ။ အဲဒါနဲ့ နောက်ဆုံး ကန့်ဘလူမြို့နယ်က ၅၅၀ ဆရာတော်ဘုရားရဲ့ ကျောင်းရိပ်မှာ ခိုလှုံခဲ့ကြရပါတယ် ။
ဒုက္ခသည်မိသားစုများအတွက် ဆရာတော်ဟာ ကျန်းမာရေး ၊ ပညာရေးက အစ မရှိတဲ့ကြားထဲကနေ အတတ်နိုင်ဆုံး စောင့်ရှောက်ပေးခဲ့ပါတယ် ။
ကာပေါင်းကျကျေးရွာမှ လူသတ်အကြမ်းဖက်ခဲ့သူများအား နှိမ်နင်းစေဖို့ ကျနော်တို့နဲ့ ဆက်သွယ်အကူညီတောင်းခံလာရင်း ရင်းနှီးခဲ့ရပါပြီ ။ ဒုက္ခသည်များနဲ့ ဖုန်းပြောစေပြီး စိတ်ဓာတ်ခွန်အား ဖြစ်စေမယ့် သတင်းစကားများနဲ့ အားပေးစကားပြောခဲ့ရတာလည်း အကြိမ်ကြိမ်မို့ မမြင်တွေ့ဖူးပေမယ့် အတော်လေး သံယောဇဥ် ဖြစ်ခဲ့ကြရပါတယ် ။
ကျနော့်ထက် အဲဒီ မိသားစုတွေကို ထျရောက်အောင် ကူညီပေးနိုင်သူကတော့ ကိုနောင်တော်လေး ပဲ ဖြစ်ပါတယ် ။ သူ့ရဲ့ သတင်းမီဒီယာ page ကနေ တနိုင်ငံလုံး သိအောင် ရုပ်သံဖိုင်နဲ့ တင်ဆက်ပေးခြင်း ၊ လူကြီးများထံ သတင်းပို့ပေးခြင်းအား အကြိမ်ရေများစွာ ပြုလုပ်ပေးခြင်းဖြင့် ကိုနောင်တော်လေးဟာ မီဒီယာတာဝန်ကျေပွန်ခဲ့တာကိုလည်း အသိအမှတ်ပြုကြရမှာ ဖြစ်ပါတယ် ။
အင်မတန် စိတ်ထက်တဲ့ ၅၅၀ ဆရာတော်ဟာ ဘာလုပ်သင့်ကြောင်း အမြဲဖုန်းဆက် တိုင်ပင်လေ့ရှိပါတယ် ။ တတ်နိုင်သလောက်တော့ ဆွေးနွေးအကြံဥာဏ်မျှဝေ​​ခြင်းများ ပြုလုပ်ခဲ့ရပါတယ် ။ ဆရာတော်ထံသို့ ခရိုင်အဆင့် ပုဂ္ဂိုလ်များကလည်း ကူညီလာကြပါပြီ ။ ဆန်ဆီ ရိက္ခာအစ နည်းသည် များသည် အသာထား ထောက်ပံ့ပေးခဲ့တာလည်း ကျေးဇူးများလှပါတယ် ။
ဆရာတော်ဟာ ကန့်ဘလူနယ်မှာ တပါးတည်းသော ပေါ်ပေါ်ထင်ထင် တပ်မတော်ထောက်ခံသူဖြစ်ပါတယ် ။ ဘယ်ပွဲပဲ ဖြစ်ပါစေ ဆရာတော် အမြဲကြွပြီး ချီးမြှင့်ပေးလေ့ရှိပါတယ် ။
ဆရာတော်ရဲ့ ၅၅၀ ကျောင်းတည်ရှိရာ ရွာကြီးကလည်း မူစလင် အိမ်ခြေ ၈၀၀ ကျော် နဲ့ ဗမာအိမ်ခြေ ၅၂ အိမ် ပဲ ရှိတဲ့ ရွာဖြစ်ပါတယ် ။ ဆရာတော်က လူမျိုးခြား ဘာသာခြားများကိုလည်း မိမိရပ်ရွာ တည်ငြိမ်လုံခြုံစေရေးအတွက် ကောင်းစွာစည်းရုံး ထားနိုင်စွမ်းရှိပါတယ် ။
အဲဒါကြောင့်လည်း ကာပေါင်းကျ ဒုက္ခသည်များ နဲ့ ရွာခံမြန်မာတွေဟာ ဘေးအန္တရာယ်မရှိပဲ နေနိုင်ခဲ့ကြခြင်း ဖြစ်ပါတယ် ။ PDF တွေရဲ့ ခြိမ်းခြောက်မှုတွေကတော့ နေ့စဥ်နဲ့အမျှ ကြုံတွေ့နေရတာပါပဲ ။ ကျောင်းကို လာပြီး သတ်မယ် ဖြတ်မယ် မီးရှို့မယ် ဆိုပေမယ့် ဆရာတော်ရဲ့ လုံခြုံရေး အစီအမံအောက်မှာ ဘာမှ လုပ်မရခဲ့ကြပါဘူး ။
ကိုဗစ် တတိယလှိုင်းမှာ တကျောင်းလုံး ကူးစက်ခံခဲ့ကြရပါတယ် ။ ဆေးဝါးမရှိ ၊ အောက်စီဂျင်မရှိနဲ့ ဒုက္ခများခဲ့ကြပေမယ့် ၁၀၈ တောင် ဆရာတော်ဘုရားကြီးနဲ့ ဆေးဖော်စပ်တဲ့ နည်းလမ်းနဲ့ အချိန်မှီကုသ ပျောက်ကင်းခဲ့ကြရတာလည်း ကံကောင်းမှု တရပ်လို့ ဆိုရပါမယ် ။
ဆရာတော်ဟာ စိတ်ဓာတ်ကြံ့ခိုင်သူ ပီပီ ခံစစ်မှ တိုက်စစ်သို့ ကူးပြောင်းဖို့ အားထုတ်ပါတော့တယ် ။ တိုင်းမှူးကြီးထံ တွေ့ခွင့်ရအောင် တောင်းဆိုပြီး ပြည်သူ့စစ် စတင်ဖွဲ့စည်းပါတော့တယ် ။
စည်းကမ်းတကျ ဖွဲ့စည်းခဲ့ပေမယ့် သောက်စားထားတဲ့ လူငယ်အချို့ကို စည်းကမ်းဖောက်လို့ ဆရာတော်ကိုယ်တိုင် ဆုံးမခဲ့ရတာလည်း ရှိပါသတဲ့ ။
ရရှိလာတဲ့ လက်နက် ၄၀ ကို ယုံကြည်စိတ်ချရသော သူများအား လက်နက်ကိုင်ဆောင်စေကာ ပြည်သူ့စစ်ဖွဲ့စည်းပြီး ကန့်ဘလူတဝှိက်ကို တည်ငြိမ်အောင် ကျိုးစားခဲ့ရပါတယ် ။
ကန့်ဘလူ ၊ တန့်ဆည် ၊ ခင်ဦး ၊ မြို့သုံးမြို့မှာ မြို့ပေါ်တွေကို ပြည်သူ့စစ် ဖွဲ့နိုင်ခဲ့ပါပြီ ။ ဆရာတော်ရဲ့ စည်းရုံးမှုကြောင့် အင်အားကောင်း တည်ငြိမ်လာတဲ့ အတွက် စကထမှူး ဒုတိယဗိုလ်ချုပ်ကြီးတေဇကျော် ကိုယ်တိုင် တွေ့ဆုံပြီး အားပေးစကား ပြောကြားကာ လိုအပ်သော လက်နက် ခဲယမ်းများ ပံ့ပိုးပေးတဲ့ အတွက် အင်မတန်အောင်မြင်ခဲ့ပါတယ် ။
ယခုဆိုရင် ကျေးရွာ ၄၀ ကျော် မှာ ပြည်သူ့စစ် ၂၀၀၀ ကျော် စုစည်းပြီးပါပြီ ။ PDF အကြမ်းဖက် ၊ သတင်းပေး ၊ ရိက္ခာထောက် အစစ်အမှန်ဆိုရင် တခါတည်း အရေးယူပစ်ပါတယ် ။
ထွက်ပြေးရင် အိမ်ဖျက် ကျွဲ နွား အကုန်သိမ်းပြီး တန်ပြန်ပစ်ပါတယ် ။ ယခုဆိုရင် အဆိုပါ ဒေသမှာ ပြည်သူ့စစ်တို့ အာဏာတည်နေပါပြီ ။ ဒလံဆိုပြီး သူတပါးကို အကြောင်းမဲ့ သတ်ဖြတ်သူများ ဝဋ်လည်နေပါပြီ ။
ယခုဆိုရင် စစ်ကိုင်းတိုင်း မည်သည့်မြို့နယ် ၊ မည်သည့်ရွာမှာ ပြည်သူ့စစ်ဖွဲ့စည်းမယ် ဆိုရင် အမာခံစိတ်ချရသူ ၂၀ မှ စတင်စည်းရုံးပေးလျှင် လက်နက်တပ်ဆင် သင်တန်းပေးနေပါပြီ ။
ယခုဆိုရင် ဆရာတော်ရဲ့ ကျောင်းမှာ ခိုလှုံနေသူ ၆၃၅ ဦး ရှိနေပြီး မိသားစု အသတ်ခံထားရသူ ၁၇ စု ပါဝင်ပါတယ် ။
ဆန်အိတ် သုံးသောင်းကျော် စုဆောင်းပြီး PDF ကို ထောက်ပံ့နေတဲ့ သတင်းနဲ့ ဖမ်းဆီးရမိခဲ့တာ ဆရာတော်ရဲ့ အစွမ်းပါပဲ ။
လူဦးရေ ၆၃၅ ဦးရဲ့ ကျန်းမာရေး ၊ ပညာရေး အစ စားရေးသောက်ရေးအထိ ထောက်ပံ့ကူညီနိုင်အောင် ဆရာတော်အား အာဏာပိုင်များကလည်း အဆက်မပျက် လှူဒါန်းပေးလျှက်ရှိပါတယ် ။
ဆရာတော်ရဲ့ ယာဥ်တန်းကို ပဒေသာဗုံးနဲ့ PDF တို့ လုပ်ကြံခဲ့ကြပေမယ့် အန္တရာယ် မရှိခဲ့ပါဘူး ။ ယခုဆိုရင် ဆရာတော်သည် စစ်ကိုင်းတိုင်း ကာကွယ်ရေး အတွက် အားကိုးရသော ဆရာတော်တပါးအဖြစ် ကစထမှူးနှင့်ပင် တိုက်ရိုက်ချိတ်ဆက် ဆောင်ရွက်နိုင်နေပြီ ဖြစ်ကြောင်း ဝမ်းသာအာရ ဖုန်းဆက် မိန့်ကြားတော်မူပါတယ် ။
ယခု အကြောင်းကိုလည်း ဆရာတော်ထံမှ ခွင့်ပြုချက်နဲ့ ရေးသားတင်ပြလိုက်ခြင်း ဖြစ်ပါတယ် ။
ကျနော်တို့ ဗုဒ္ဓဘာသာဝင်တွေ အင်မတန်အားကိုးခဲ့ရ မျှော်လင့်ခဲ့ရတဲ့ အဖွဲ့ကြီးကို ပြန်လည်စုဖွဲ့ဖို့ တိုက်တွန်းခဲ့ရာမှာ အင်မတန်ကြောက်ရွံ့နေကြတာ တွေ့ရလို့ စိတ်မကောင်း ဖြစ်ခဲ့ရပါတယ် ။
သို့သော် ယခု ၅၅၀ ဆရာတော်လို လက်တွေ့ မကြောက်မရွံ့ ဦးဆောင် အကောင်အထည်ဖော် လုပ်ဆောင်ပြပြီး အောင်မြင်မှုတွေ ရယူပြနိုင်တဲ့ အတွက် ဆရာတော်အား အင်မတန် လေးစားကြည်ညိုအားကိုးမိပါတယ် ။
လိုင်းပေါ်မှာ တနေ့က တွေ့လိုက်ရတဲ့ သံဃာများ လက်နက်ကိုင်ထားတဲ့ ပုံတွေဟာ စစ်ကိုင်းတိုင်းအတွင်းရှိ ပြည်သူ့စစ်များအတွက် ယုံကြည်စိတ်ချရမည့်သူများအား ပေးဝေရမယ့် လက်နက်များကို သံဃာများမှ ထိမ်းသိမ်းကိုင်ဆောင်နေသော ပုံများဖြစ်ပါတယ် ။
သံဃာများစွာ သတ်ဖြတ်ခံရတော့ လိုင်းပေါ်က အော်ပြရုံနဲ့ တာဝန်ကျေနေကြတဲ့ ပုဂ္ဂိုလ်အချို့က သံဃာတွေ ဘာကြောင့် လက်နက်တွေ ထိမ်းသိမ်းထားရသလဲ ဆိုတာ မသိပါပဲ ဓာတ်ပုံတပုံမြင်ပြီး မသင့်တော်ပါဘူးလို့ ဝေဖန်နေကြတာလည်း တွေ့နေရပါတယ် ။
ကျနော်ရေးဖူးတဲ့ တယောက်ပဲ လိုတယ် ဆိုတာ ယခုဖော်ပြပါ ၅၅၀ ဆရာတော်လို ကိုယ်တော်မျိုးကို ရည်ညွှန်းပါတယ် ။ ယခုဆိုရင် ပဌာန်းပွဲများ ကျင်းပနေလျှက် သာသနာ့ပင်မအလုပ်ကိုလည်း ဒေသအာဏာပိုင်များနဲ့ အတူ ဆောင်ရွက်ပေးလျှက်ရှိပါတယ် ။
မိမိလုပ်နိုင်သည့် အလုပ်အား မပြုလုပ်ပဲ သူ့တာဝန်ကွ ငါ့တာဝန်ကွ ဆိုသည့် ခေါင်းရှောင် ပုဂ္ဂိုလ်များ ရှိသလို ၅၅၀ ဆရာတော်လို စစ်မှန်သော အာဇာနည် ပုဂ္ဂိုလ်များ ရှိနေသေးလို့သာ တိုင်းပြည်မပျက်သေးတာ ဖြစ်ကြောင်း တွေးဆမိရင်း ဆရာတော်အား ဦးတင်ဂုဏ်ပြုအပ်ပါတယ် ဘုရား ။
ဆရာတော်အား စစ်ကိုင်းတိုင်းအစိုးရမှ ဇေယျာလူမှုထူးချွန် ပထမဆင့် ချီးမြှင့်ထားပါပြီ ။
ကိုရွှေမျိုးဝင်း
(စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ကန့်ဘလူမြို့ မြေထူးအုပ်စု မှော်တော်ကျေးရွာ သာသနာ့အလင်းရောင်ကျောင်းတိုက် ဆရာတော် ဦးဝါသဝ )

No comments:

Post a Comment