Saturday, March 12, 2022

ခွန်ဆာ မှ O 7 သို့ (၂)

ခွန်ဆာ မှ O 7 သို့ (၂)

            ဗိုလ်ချုပ်သိန်းစိန် နဲ့ တပ်မတော်ခေါင်းဆောင်များဟာ O 7 တောင်ကုန်းအရေး နဲ့ ယိုးဒယားတို့ရဲ့ မရိုးသားမှုတွေကြောင့် ဒီဖြစ်စဥ်အတွက် ပြတ်သားမှ ဖြစ်တော့မယ်လို့ ဆုံးဖြတ်လိုက်ပါတယ် ။
ကမ္ဘာ့မီဒီယာတွေကတော့ သွေးထိုးလှုံ့ဆော် လိမ်ညာမှုတွေနဲ့ မြန်မာကပဲ ယိုးဒယားနယ်မြေကို ကျူးနေသယောင်ယောင် ဝါဒဖြန့်ကြပါတယ် ။
တကယ်တန်းကျတော့ O 7 တောင်ကုန်းဆိုတာ တရုတ်ဖြူ ကူမင်တန်တို့ သိမ်းထားစဥ်က မြန်မာ့တပ်မတော်နဲ့ အကြိတ်အနယ် တိုက်ပွဲ အပြင်းအထန်တိုက်ခဲ့ကြရပါတယ် ။ ယိုးဒယားရဲ့ ​မယ်ဆိုင်တောင်ကုန်းပေါ်ကနေ မြန်မာ့တပ်မတော် နဲ့ တရုတ်ဖြူတို့ တိုက်ပွဲကို LIVE ရှိုးသဖွယ် ယိုးဒယားတို့ ကြည့်ခဲ့ရတဲ့ သမိုင်းဝင်းတိုက်ပွဲကြီးပါပဲ ။
ဒီလိုပါပဲ ခွန်ဆာရဲ့ MTA တက်တွေနဲ့ မြန်မာ့တပ်မတော်တို့ တိုက်ပွဲ ဖြစ်ကြတော့လည်း ယိုးဒယားတို့ အဲဒီတောင်ကုန်းပေါ်ကနေ ကြည့်ခဲ့ကြရတာပါပဲ ။ တပ်မတော်က တာချီလိတ်မြို့ မတွက် အန္တရာယ်ကင်းအောင်လို့ဆိုပြီး အဲဒီ O 7 တောင်ကုန်းပေါ်မှာ စခန်းငယ် တခု အစောင့်ချထားခဲ့တာ ၅ နှစ် ရှိသွားပါပြီ ။
နယ်စပ်စည်းရိုးနဲ့ ကပ်နေတဲ့အတွက် စစ်သည်အနည်းငယ်ပဲ တာဝန်ချပေးထားပါတယ် ။ အဲဒါကို အခွင့်ကောင်းယူပြီး 5-1-2001 မှာ ထိုင်းသံချပ်ကာတပ်က ဗိုလ်ကြီး ယိုးထင်တို့ ရောက်လာပြီး မြန်မာတပ်ကိုဖယ်ပေးဖို့ လာပြောတယ် ။ လူမိုက်ပေါက်လုပ်လာပေမယ့် စည်းကမ်းနဲ့ အမိန့်ကို တန်ဖိုးထားတဲ့ မြန်မာ့တပ်မတော်က မလျှော့မတင်းပဲ ဆက်ဆံတုန့်ပြန်လို့ ပြန်သွားပါတယ် ။
မြန်မာလူကြီးတွေဟာ ဒီကိစ္စအပေါ် အခဲမကျေသလို ဘန်ကောက်မှာရှိတဲ့ မြန်မာသံရုံး ပြဿနာကိုလည်း အစာမကျေကြပါဘူး ။ God's Army လို့ အမည်ပေးထားတဲ့ မြန်မာအကြမ်းဖက်သမားတွေက မြန်မာသံရုံးကို ဝင်စီးတော့ ထိုင်းဖက်က နှိမ်နင်းခြင်း မပြုလုပ်ပဲ ယင်း အကြမ်းဖက်သမားများကို ရဟတ်ယာဥ်ဖြင့်ပင် သွားချင်သည့်အရပ်ထိ ပို့ပေးခဲ့ပါတယ် ။ မြန်မာသံရုံးအား ကာကွယ်ပေးရမယ့် တာဝန်ဟာ အိမ်ရှင် ထိုင်းနိုင်ငံရဲ့ တာဝန်ပါပဲ ။ ထိုစဥ်က ထိုင်းဝန်ကြီးချုပ် ချွန်လိပိုင်ဟာ အဲသလို လုပ်ခဲ့ပါတယ် ။
ထူးဆန်းတာက အဲဒီ God's Army ဆိုတဲ့ အကြမ်းဖက်အဖွဲ့ကပဲ ထိုင်းဆေးရုံကြီးတခုကို ဓားစားခံ ၁၀၀၀ လောက်နဲ့ အကြမ်းဖက်လာတော့ ညှိနှိုင်းကြတယ် ။ အကြမ်းဖက်တွေ လက်နက်ချတော့မှ အားလုံးကို ခေါင်းတွေချည်း ပစ်ပြီး သတ်ဖြတ်ခဲ့ပြန်ပါတယ် ။ မြန်မာသံရုံး စီးနင်းမှုအတွက် နှုတ်ပိတ်သတ်ဖြတ်ခြင်းလို့ ယူဆခဲ့ကြပါတယ် ။
ယိုးဒယားတို့ဟာ နှစ်နိုင်ငံ နယ်စပ်မှာ သူပုန်ရှိနေရင် နယ်မြေပြဿနာမလုပ်ပဲ သူပုန်မရှိတဲ့နေရာဆိုရင် ပြဿနာ ရှာကြတာဟာ အင်မတန် မိုက်ရိုင်းတဲ့ အိမ်နီးချင်း ဆိုတာ ပေါ်လွင်နေပါတယ် ။
အခု O 7 တောင်ကုန်းကို သူတို့ပိုင်တယ် ဖယ်ပေးဆိုပြီး လာပြောတဲ့ တပ်ဖွဲ့ဟာ သူတို့ထက်မိုက်တဲ့ မြန်မာ့တပ်မတော် ရဲ့ အသေးငယ်ဆုံး နယ်ခြားစောင့်တပ်ကိုတောင် မခြိမ်းခြောက်နိုင်တော့ ရွယ်ဆစ်နဲ့ ပေါင်းပြီး ယုတ်မာလာပါတယ် ။
ခြိမ်းခြောက်မှု ကိစ္စပြီးလို့ တလကျော်လာချိန်မှာ 11-2-2001 မှာ ရွယ်ဆစ်ရဲ့ SURA အဖွဲ့က O 7 တောင်ကုန်းကို ဝင်တိုက်ပါတယ် ။ ယိုးဒယားတို့က မယ်ဆိုင်အနီး အောင်ဇေယျတောင်ကုန်းပေါ်ကနေ လက်နက်ကြီးပစ်ကူ ၄၈ လုံး ပစ်ပေးပါတယ် ။
မြန်မာ့တပ်မတော်သား ၅ ဦး ကျဆုံးပြီး ၁၃ ယောက် ဒဏ်ရာ ရသွားခဲ့ပါတယ် ။ အဲဒီအချိန်မှာ မြန်မာပြည်သူတို့ရဲ့ မျိုးချစ်စိတ်ဒီရေဟာ အံ့သြဖွယ်ကောင်းလောက်အောင် အမြင့်ဆုံး ရောက်နေရပါပြီ ။
ဆရာမကြီးဒေါက်တာမတင်ဝင်း ၊ တက္ကသိုလ်မြတ်သူ ၊ တင်သန်းဦး ၊ ပေါက်စ ၊ ကပ္ပယကံကောင်း ၊ ဖိုးခွား ၊ ဖိုးဥာဏ် ၊ ငခင်ညို အစရှိတဲ့ စာရေးဆရာကြီးတွေရဲ့ ဇာတိမာန် နှိုးဆော်ရေး ဆောင်းပါးတွေကြောင့် မြန်မာတိုင်းရဲ့ စိတ်ထဲမှာ နဲ့ သွေးထဲမှာ ဘုရင့်နောင် နဲ့ အလောင်းမင်းတရားတို့ရဲ့ သွေးတွေ ပွက်ပွက်ဆူ ထကြွလာကြပေပြီ ။
မြန်မာအိမ်တိုင်းရဲ့ ဝါးလုံးထိပ်တွေမှာ နိုင်ငံတော် အလံတွေ တလူလူထူခဲ့ကြတာ ကမ္ဘာ့သတင်း မျက်နှာဖုံးများမှာ ဝေဝေဆာဆာ ဖော်ပြလာရပေပြီ ။
ယိုးဒယားတို့ဟာ မိုက်ရိုင်းစွာပဲ တာချီလိတ်မြို့တွင်းသို့ လက်နက်ကြီးကျည် ၁၀ ချက် ပစ်ခတ်ကြပါတယ် ။ ပြည်သူ ၃ ဦး သေဆုံးပြီး ၁၅ ဦးဒဏ်ရာရရှိခဲ့ပါတယ် ။
ဒီနေရာမှာ အံ့သြစရာ ဖြစ်ရပ်တခု ဖြစ်ပေါ်ခဲ့ရတာ တပ်မတော်ရဲ့ ပါးစပ်ရာဇဝင် တခုပါပဲ ။ ယိုးဒယားတို့ရဲ့ O 7 တောင်ကုန်းကို လက်နက်ကြီး ၄၈ ချက် တာချီလိတ် မြို့ထဲကို ၁၀ ချက် အပစ်ခံရသည့်တိုင် နိုင်ငံခြားရေးဝန်ကြီးဌာနက သတိထောက်လွှာပဲ ပေးကောင်းနေတာကို ရှေ့တန်းက တပ်မှူးတွေ မကျေနပ်ကြပါဘူး ။
ဒီတော့ ခြေလျှင်တပ်ရင်းမှူးဟာ သူ့ရဲ့ အပတ်စဥ်တူ သူငယ်ချင်းဖြစ်သူ အမြောက်တပ်ရင်းမှူးနဲ့ အာမီရမ်သောက်ရင်း စကားပြောကြပါတယ် ။ နှစ်ယောက်စလုံးက မိုက်ကပ်ညစ်ကျယ် တွေလို့ နာမည်ကြီးတဲ့ လူကပ်ကြီးတွေပါပဲ ။
ဒီလိုမျိုး ငုံ့ခံနေရတာ မကျေနပ်ကြောင်း ၊ အမြောက်နဲ့ ပြန်ပစ်သင့်ကြောင်း ခြေလျှင်တပ်ရင်းမှူးက ပြောသတဲ့ ။ အမြောက်တပ်ရင်းမှူးက အမိန့်မရရင် ပစ်လို့မရကြောင်း နှစ်နိုင်ငံ လူကြီးတွေ ဆွေးနွေးနေကြသေးကြောင်း ​ပြန်ပြောသတဲ့ ။
ဒီတော့ ခြေလျှင်တပ်ရင်းမှူးက ပြောတယ် ဖင်ခေါင်းကျယ်ပြီး အသက်စွန့်ရဲလေး သလေး ဘာလေးပြောမနေနဲ့ ရာထူးတောင် မစွန့်ရဲဘူး ဒါတွေ ဂရုမစိုက်ဖူးဆိုရင် ချက်ခြင်းပြန်ပစ်ရမယ်လို့ ပြောပါရော ။
အေး ငါ ပြုတ်ရင် မင်းလဲ ပြုတ်မှာ ပဲ ကဲ လာစမ်း အခု ပြန်ပစ်မယ် ဆိုပြီး ယိုးဒယားဖက်ကို ပြန်ပစ်ကြပါတယ် ။ နောက်နေ့ ယိုးဒယားသတင်းစာတွေမှာ အရပ်သား နှစ်ဦး သေပြီး စစ်သည် ၇ နှစ်ဦး နဲ့ အရပ်သား ၈ ဦး ဒဏ်ရာရတယ်လို့ ပါလာပါတယ် ။
ယိုးဒယားရှိ မြန်မာသံရုံးကိုလည်း ကန့်ကွက်လွှာပို့တော့ အမိန့်မရပဲ ပြန်ပစ်တဲ့ မြန်မာ့တပ်မတော် အမြောက်တပ်ရင်းမှူးနဲ့ ခြေလျှင်တပ်ရင်းမှူးကို အရေးယူရမလား မယူရမလား မဝေခွဲတတ်တော့ပါဘူး ။
နိုင်ငံခြင်း စစ်ခင်းရမယ့် အခြေအနေမှာ ဒီလို မိုက်မိုက်ကမ်းကမ်း လုပ်ရဲ ကိုင်ရဲ တဲ့ အရာရှိတွေကိုပဲ အားကိုးရမှာ ဖြစ်လို့ အနီးကပ် တပ်မတော်ခေါင်းဆောင်တွေက ဘာလုပ်ရမှန်း မသိလို ထိုစဥ်က ဒုချုပ်ကြီး ဒုတိယဗိုလ်ချုပ်ကြီး မောင်အေးဆီ တင်ပြလိုက်ပါသတဲ့ ။
ဒု ချုပ်ကြီးက ဖြစ်စဥ် အစီရင်ခံစာကို သေချာ ဖတ်ကြည့်ပြီး တိုင်စာကို ပြန်ပေးရင်း...
"အေး အဲသလို ပြန်လုပ်အောင် အဲဒီ လူမိုက် နှစ်ကောင်ကို ငါကိုယ်တိုင် ယိုးဒယား နယ်စပ် ပို့လိုက်တာကွ မင်းတိုင်စာ ပြန်ယူသွား ''
လို့ အဖြေပေးလိုက်တဲ့ အတွက် မြန်မာတပ်မတော် ခေါင်းဆောင်တွေလဲ အဲဒီကိစ္စကို မသိဟန်ဆောင်ခဲ့ပြပါတယ် ။
မြန်မာ့တပ်မတော်ဟာ တိုက်ပွဲကြီးတခု ဆင်နွဲရန်အတွက် တပ်တွေကို အသေအချာ စုရုံးပြီး ပြင်ဆင်နေပါပြီ ။ အချို့သတင်းတွေအရ ကားတစီးမှာ နှစ်လုံးပဲ သယ်နိုင်တဲ့ အမျိုးအမည်မသိရတဲ့ ဗုံးလက်နက်ကြီးတွေကို အအေးဓာတ်ပေးပြီး သယ်ဆောင် စုဆောင်းနေသတဲ့ ။
ယိုးဒယားကလည်း အမြောက်ကြီးတွေ ၊ သံချပ်ကာတွေ ၊ တင့်ကားတွေ နဲ့ စစ်သည်တွေကို နယ်စပ်အထိ ပို့ပြီး စစ်ပြင်ဆင်နေကြပါပြီ ။ သံတမန်ရေးရာ လမ်းကြောင်းတွေကနေ ပြောဆိုနေကြပေမယ့် ထိုင်းနိုင်ငံရေးလောကရဲ့ အပြောင်းအလဲ ကြားကာလမို့ အဆင်ပြေ ချောမွေ့ခြင်း မရှိပါဘူး ။
ဒီနေရာမှာ ထိုင်းနိုင်ငံရေးကို သိသင့်ထားတဲ့အတွက် ပြောချင်ပါတယ် ။ O 7 ပြဿနာ ဖြစ်နေတဲ့ ကာလမှာ လက်ရှိဝန်ကြီးချုပ် ချွန်လိပိုင်ရဲ့ ပါတီက ရွေးကောက်ပွဲ ရှုံးနိမ့်ထားပြီး အာဏာလွှဲပြောင်းပေးဖို့ စာရင်းဇယားတွေ လွဲအပ်လက်ခံ ပြုလုပ်နေရတဲ့ ကာလ အာဏာလက်ကျန်သက်တမ်း တပတ်ခန့် အလိုမှာ ဖြစ်ရတာပါ ။
တကယ်တမ်းကျတော့ ချွန်လိပိုင်ဟာ နောက်တက်လာမယ့် သက်ဆင်ရဲ့ အစိုးရကို မြန်မာနဲ့ ရန်တိုက်ပေးခဲ့ပြီး နိုင်ငံရေးကစားဖို့ ကြံစည်ခဲ့တာပါ ။
O 7 အရေးကိစ္စအတွက် မြန်မာတွေ စစ်ပြင်နေကြပါပြီ ။ နိုင်ငံအနှံ့က တိုက်ခိုက်ရေးတပ်မတွေဟာ တည်ရှိရာ အရပ်အသီးသီးကနေ ထိုင်းမြန်မာနယ်စပ်တလျှောက်ကို တဟုန်ထိုး စစ်မျှားဦးလှည့် ချီတက်လာကြပါပြီ ။
အံ့သြစရာ ကောင်းတာက ပြည်သူတွေပါပဲ ။ ၈၈ အရေးအခင်းဖြစ်ခဲ့တာ နှစ်ပေါင်း ၁၃ နှစ် ကြာပြီးနောက် တပ်မတော်နဲ့ ပြည်သူတွေဟာ မကြုံစဖူး သွေးစည်းစွာ နဲ့ ပြည်ပရန်ကို ချေမှုံးဖို့ အသင့်ဖြစ်နေကြပါပြီ ။
နေ့စဥ် မြန်မာပြည်သူတွေ ရှေ့တန်းရှိ တိုက်ခိုက်ရေးတပ်များထံသို့ အစားအသောက် အသုံးအဆောင် နဲ့ ငွေကြေးများ လှူဒါန်းနေကြသည်မှာ ကြက်သီးထဖွယ် ကောင်းလှပါတယ် ။
ယိုးဒယားတပ်တွေကတော့ သူတို့ အင်မတန် အားကိုးနေရတဲ့ လေတပ်က ဝယ်ယူထားခါစ F 16 D. ၁၆ စီး အားကိုးနဲ့ မြန်မာ့တပ်မတော်ရဲ့ လေကြောင်းအားနည်းမှုကို အခွင့်ကောင်းယူပြီး တိုက်ခိုက်ဖို့ ပြင်ဆင်ထားပုံပါပဲ ။
အဲဒီ အချိန်တုန်းက မြန်မာ့တပ်မတော်မှာ F 7 ဆိုတဲ့ တဆင့်နိမ့် လေယာဥ်အစုတ် ၆၀ လောက်ပဲ ရှိပါတယ် ။
နှိုင်းယှဥ်ကြည့်ပါက ယိုးဒယားတို့ရဲ့ F 16 တစီးလျှင် $ 8.125 သန်း ခန့်တန်ပါတယ် ။ G 4 အဆင့်ဖြစ်ပါတယ် ။
မြန်မာတို့ရဲ့ တရုတ်ထုတ် F 7 ကတော့ တစီးကို $ 3 သိန်း ခန့်သာ တန်ဖိုးရှိပြီး G 3 အဆင့်ဖြစ်ပါတယ် ။
ဒီတော့ မိမိတို့ရဲ့ မြေပြင်ကြည်းတက်အပေါ် အထောက်အကူ အဖြစ် F 16 တွေကို ပြန်တိုက်ဖို့ မဖြစ်နိုင်ပါဘူး ။ မိမိမြေပြင်တပ်တွေဟာ ယိုးဒယားလေတပ်ရဲ့ ချေမှုံးမှုအောက်မှာ အတုံးအရုံးပျက်ဆီးဖို့ ဖြစ်နေတဲ့ အခြေအနေပါပဲ ။
ဒီအခြေအနေ အတွက် မြန်မာ့တပ်မတော်က လက်လျော့ပေးမလား ဆိုတော့ မြန်မာ့တပ်မတော်ကတော့ မြန်မာ့တပ်မတော် ပီပီ နည်းလမ်းရှာကြံပါတော့တယ် ။
မိမိမှာရှိတဲ့ အင်အားကို စွမ်းရည်သတ္တိနဲ့ ပေါင်းစပ်ပြီး တိုင်းပြည်အတွက် အသက်စွန့်ရဲတဲ့ သူရဲကောင်းတို့ရဲ့ ရဲစွမ်းသတ္တိတို့နဲ့ ထပ်မြှောက်ပြီး ယိုးဒယား တို့ရဲ့ အင်မတန် အားကိုးနေတဲ့ F 16 တွေ ဝေဟင်ထဲ ပျံတက်မလာရဲတော့တဲ့ အထိ မြန်မာ့တပ်မတော် လေ က တိုက်စစ်စီမံကိန်းကို ဒီလို ရေးဆွဲလိုက်ပါတော့တယ်။
ကိုရွှေမျိုးဝင်း
ပုံက ဗိုလ်ချုပ်ကြီး ဦးသိန်းစိန် ပုံပါ။
ခွန်ဆာ မှ O-7 သို့ (၁)
ခွန်ဆာ မှ O 7 သို့ (၂)
ခွန်ဆာ မှ O 7 သို့ (၃)
ခွန်ဆာ မှ O 7 သို့ (၄)

No comments:

Post a Comment