Saturday, March 5, 2022

ယူကရိန်းလိုမမိုက်ကြနဲ့

ယူကရိန်းလိုမမိုက်ကြနဲ့

ပူတင်ဟာအာဏာရူးလွန်းလို့ ယူကရိန်းကိုကျူးကျော်နေတယ်လို့ ကမ္ဘာ့ပင်မမီဒီယာတွေက သရုပ်ဖော်နေကြတယ်။ ကမ္ဘာ့ပြည်သူလူထုကြီးက အဲသလိုထင်မြင်လာစေချင်တာဟာ အနောက်နိုင်ငံခေါင်းဆောင်များရဲ့ဆန္ဒဖြစ်ပါတယ်။ အဲဒီဆန္ဒကို ကမ္ဘာ့ပင်မမီဒီယာတွေက ထင်ဟပ်ဖော်ပြနေကြတာသာဖြစ်တယ်။
ရွေးစရာမရှိတဲ့ပူတင်
တကယ်တော့ ပူတင်မှာ တခြားရွေးစရာမရှိဘူး။ ပူတင်အနေနဲ့ ယူကရိန်းကိုမကျူးကျော်လို့ မဖြစ်တော့တဲ့ အခြေအနေရောက်နေပြီ။ အဲဒီအခြေအနေရောက်အောင် အမေရိကန်၊ ဂျာမနီနဲ့ နေတိုးနိုင်ငံတွေက တွန်းပို့လိုက်တာပဲ။
နျူးကလီးယားအင်အားကြီးနိုင်ငံတွေအတွက် သူတို့နယ်စပ်မှာ ရန်သူ့စစ်အင်အားရောက်လာတာဟာ အဝိုင်းခံလိုက်ရတာပဲ။ ယူကရိန်းသာ နေတိုးအဖွဲ့ဝင်ဖြစ်သွားခဲ့ရင် အဲဒါဟာ ရုရှားကို အမေရိကန်နဲ့ ဥရောပသမဂ္ဂက ဝိုင်းထားပြီးပြီဆိုတဲ့ အဓိပ္ပာယ်ထွက်ပါတယ်။ ကြိုက်တဲ့အချိန်လည်ပင်းညှစ်သတ်လို့ရပြီဆိုတဲ့သဘောပဲ။ စစ်ရဲ့သဘောမှာ အဝိုင်းခံရတယ်ဆိုရင် ရှုံးဖို့ ၇၅ ရာနှုန်းလောက်သေချာသွားပြီ။ ဒါ့ကြောင့် စစ်တိုက်ရင် ဘယ်သူမှ အဝိုင်းခံရတဲ့ အခြေအနေမျိုး အဖြစ်မခံဘူး။
ဒါ့ကြောင့်ပူတင်မှာ တခြားရွေးစရာမရှိဘူး။ ပူတင်နေရာမှာ အမေရိကန်သာ အလားတူအခြေအနေမျိုးနဲ့ကြုံရရင် ပူတင်လုပ်သလိုလုပ်မှာပဲ။ အမေရိကန်အတွက်လည်း တခြားရွေးစရာရှိမှာ မဟုတ်ဘူး။ ဒါက ဖြစ်မလာသေးတဲ့အခြေအနေကို စိတ်ကူးယဉ််ပြီး “တကယ်လို့” ဆိုတဲ့သဘောနဲ့ပြောနေတာ မဟုတ်ဘူး။ အဲသလို အလားတူအဖြစ်အပျက်မျိုးဖြစ်ခဲ့ဖူးတယ်။ ဘယ်တုန်းကဖြစ်ခဲ့ဖူးသလဲဆိုတော့ ၁၉၆၂ ခုအောက်တိုဘာလတုန်းကဖြစ်ခဲ့ဖူးတယ်။
ကျူးဘားပဋိပက္ခ

အဲဒီတုန်းက ကျူးဘားဝန်ကြီးချုပ်ဖီဒယ်ကတ်စထရိုက အမေရိကန်ကျူးကျော်မှုကို ဟန့်တားနိုင်ရေးအတွက် ကျူးဘားမှာတိုက်ချင်းပစ်မစ်ဇိုင်းဒုံးကျည်တွေ လာရောက်ချထားဖို့ ခရူးရှက်ဗ်နဲ့သဘောတူခဲ့တယ်။ ကျူးဘားမှာမစ်ဇိုင်းတွေလာချထားရင် အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ်နဲ့ မိုင် ၉၀ ပဲဝေးတော့မယ်။ အဲဒီတုန်းကလည်း ဆိုဗီယက်ယူနီယံနဲ့ အမေရိကန် စစ်ဖြစ်လုနီးပါး အခြေအထိဆိုက်ခဲ့တယ်။ ကနဦးမှာ အမေရိကန်လုံခြုံရေးကောင်စီ ExComm က ကျူးဘားကို လေကြောင်းကနေ စစ်ဆင်နွှဲဖို့အထိ အကြံပေးခဲ့တယ်။ အဲဒီအစည်းအဝေးမှတ်တမ်း အသံသွင်းတိတ်ခွေဟာ ကနေဒီပြတိုက်ထဲမှာ အခုထိရှိနေတယ်။ နောက်တော့လေကြောင်းကနေ စစ်စတင်ဆင်နွှဲမဲ့အစား ရေကြောင်းကနေ ကြားဖြတ်ဟန့်တားတဲ့နည်းကိုရွေးချယ်ခဲ့တယ်။
ကျူးဘားကဘာလို့ဆိုဗီယက်ယူနီယံကို ဖိတ်ခေါ်သလဲဆိုတော့ ၁၉၆၁ ခုနှစ်မှာအမေရိကန်ရဲ့စီစဉ်ညွှန်ကြားမှုနဲ့ အမေရိကန်ရောက်ကျူးဘားပြည်ပြေးတွေက ကျူးကျော်တာခံခဲ့ရလို့ပဲ။ Bay of pigs invasion တောဝက်ပင်လယ်အော်ကျူးကျော်မှုလို့ခေါ်လေ့ရှိကြတယ်။ ဆိုဗီယက်ကဘာလို့လာချင်သလဲဆိုတော့ အမေရိကန်က အီတလီနဲ့ တူရကီမှာ ဂျူပီတာတိုက်ချင်းပစ်မစ်ဇိုင်းစခန်းတွေဖွင့်လှစ်ခဲ့လို့ပဲ။ ငါ့အိမ်နီးနားမှာမင်းတို့စစ်စခန်းဖွင့်ရင် မင်းအိမ်နီးနားမှာလည်း ငါ့စစ်စခန်းဖွင့်မယ်ဆိုတဲ့သဘောပဲ။
ကျူးဘားပဋိပက္ခဟာ ညှိနှိုင်းမှုနဲ့ အဆုံးသတ်ခဲ့တယ်။ ဆိုဗီယက်ကသူ့အစီအစဉ်ကိုဆုတ်ခွာပေးလိုက်ရတယ်။ အမေရိကန်က ကျူးဘားကိုနောက်ထပ်မကျူးကျော်ပါဘူးလို့ ကတိပေးလိုက်ရတယ်။ ဒါ့အပြင် တူရကီမှာဆောက်လုပ်ပြီးနေပြီဖြစ်တဲ့ ဂျူပီတာတိုက်ချင်းပစ်မစ်ဇိုင်းစခန်းကိုလည်း ရုပ်သိမ်းပေးခဲ့ရတယ်။
ရုရှားရဲ့တောင်းဆိုချက်
အခုပူတင်က နေတိုးဧရိယာကို ရုရှားနယ်စပ်ရောက်တဲ့အထိမတိုးချဲ့ဖို့တောင်းဆိုတယ်ဆိုတာ အဲဒီတုန်းက ကျူးဘားမှာ မစ်ဇိုင်းစခန်းမဆောက်လုပ်ဖို့ အမေရိကန်တောင်းဆိုတဲ့သဘောမျိုးတောင်းဆိုတာပဲ။ အမေရိကန်နဲ့ နေတိုးက အဲဒီအချက်ကို သဘောမတူခဲ့ဘူး။ (သဘောမတူလို့ နာစရာရှိရင်လည်း သူနာမှာမဟုတ်ဘူး၊ ယူကရိန်းနာမှာ။) ယူကရိန်းဟာ သူ့ရဲ့စစ်ရေးမဟာမိတ်ကို သူ့ဘာသာ လွတ်လွတ်လပ်လပ် ရွေးချယ်ပိုင်ခွင့်ရှိတယ်လို့ တုံ့ပြန်ခဲ့တယ်။ ဒီလိုပြောမယ်ဆိုရင် ကျူးဘားမှာလည်း သူ့ရဲ့စစ်ရေးမဟာမိတ်ကို သူ့သဘောကျရွေးချယ်ပိုင်ခွင့်ရှိတာပဲ။
အမေရိကန်က ယူကရိန်းကို နေတိုးထဲမထည့်ပါဘူးလို့ ကတိမပေးတဲ့အခါ ပူတင်မှာ တခြားရွေးစရာမရှိတော့ဘူး။ သူ့နိုင်ငံကာကွယ်ဖို့အတွက် ယူကရိန်းကို ကျူးကျော်စစ်ဆင်နွှဲရတော့တာပဲ။
ဒီတော့ အချုပ်အချာအာဏာပိုင်နိုင်ငံတနိုင်ငံကို ရုရှားကကျူးကျော်တာ တရားသလားလို့မေးရင် မတရားဘူးလို့ပဲ ဖြေရမယ်။ ဒါပေမဲ့ တရားသည်ဖြစ်စေ၊ မတရားသည်ဖြစ်စေ ကိုယ့်နိုင်ငံလုံခြုံရေးကို ခြိမ်းခြောက်လာပြီဆိုရင်တော့ ရုရှားက အဲသလိုလုပ်မှာပဲ။ သူ့မှာတခြားနည်းလမ်းရွေးစရာမရှိဘူး။ သူ့နည်းတူ အမေရိကန်ကြုံရတုန်းကလည်း အလားတူတုံ့ပြန်ခဲ့တာပဲ။
ဘယ်သူပိုမိုက်သလဲ
ဒေါ်နယ်ထရမ့်ပြုတ်ကျပြီး ဂျိုးဘိုင်ဒင်အာဏာရတော့ ဒီမိုကရေစီလိုလားသူတော်တော်များများက ဝမ်းသာကြတယ်။ ဒါပေမဲ့ ဂျိုးဘိုင်ဒင်ရဲ့ နိုင်ငံရေးခံယူချက်ကိုသိထားတဲ့ နိုင်ငံရေးအမြင်ရှိသူတွေကတော့ မျက်ခုံးလှုပ်ကြတယ်။ ဘာ့ကြောင့်လဲဆိုတော့ ဂျိုးဘိုင်ဒင်ရဲ့ နိုင်ငံရေးအစဉ်အလာကိုပြန်ကြည့်ရင် သူဟာစစ်လိုလားသူတယောက်ဖြစ်လို့ပဲ။ အခုဂျိုးဘိုင်ဒင်က ယူကရိန်းကို နေတိုးထဲဆွဲသွင်းဖို့ကြိုးစားတာဟာ မဆန်းဘူး။ သူ့အတွက် သိပ်အကျိုးရှိတဲ့ အလုပ်ပဲ။ သူလုပ်ကိုလုပ်မှာ။ ဒါလည်း သူ့နေရာမှာ ရုရှားက အလားတူအခွင့်အရေးမျိုးရခဲ့ရင် ပူတင်လည်း လုပ်လောက်တယ်လို့ ယူဆစရာရှိပါတယ်။ ဒါပေမဲ့ဝါဆောစာချုပ်မရှိတော့ဘူးဆိုတော့ ဒါမျိုးကတော့ ဖြစ်တန်ချေ မရှိတော့ဘူး။ ဂျိုးဘိုင်ဒင်ဟာ သူလုပ်စရာရှိတာသူလုပ်တာ။ သူကလူအ၊ လူမိုက်မဟုတ်ဘူး။ အမေရိကန်တွေကိုယ်တိုင်၊ နေတိုးကိုယ်တိုင် သေနတ်ကိုင်ပြီး သွားတိုက်ဖို့ဆိုတာကတော့ အခက်အခဲတွေ အများကြီးရှိတယ်။ အဲသလိုတိုက်ရင်တော့ ကမ္ဘာစစ်ဖြစ်သွားမယ်။ အမေရိကန်၊ ရုရှားနဲ့ အိမ်နီးချင်း ဥရောပနိုင်ငံတွေ အထိနာမယ်။ နျူးကလီးယားစစ်ဖြစ်သွားရင် ကမ္ဘာနဲ့ချီပြီး နစ်နာမယ်။ ဒါမျိုးကို ဂျိုးဘိုင်ဒင်လုပ်ဖို့က လွယ်လွယ်နဲ့တော့မရဘူး။ အဲသလိုလုပ်ခဲ့ရင် အခုလောလောဆယ်မီဒီယာတွေပေါ်မှာ ပူတင်ကိုအပြစ်တင်နေကြပေမဲ့ နောင်သမိုင်းမှာ မှတ်တမ်းတင်တဲ့အခါ နေတိုးနဲ့ အမေရိကန်ရဲ့ ရန်စမှုအဖြစ်သာ သမိုင်းတွင်ကျန်ရစ်ဖို့များတယ်။
ပူတင်ကမိုက်သလားဆိုတော့လည်း မမိုက်ဘူး။ ဒီပွဲမှာ ပူတင်ဟာ အတွက်အချက်ကောင်းတယ်လို့တောင် ဆိုနိုင်တယ်။ အမေရိကန်၊ ဂျာမနီ၊ နေတိုးအဖွဲ့တွေစစ်ထဲမှာ ကိုယ်တိုင်ဝင်ပါဖို့ သိပ်အခြေအနေမပေးလှဘူးလို့ သူကတွက်ချက်တယ်။ သူ့တွက်ကိန်းမှန်ဖို့များနေတယ်။
ဒီပွဲမှာလူမိုက်က ယူကရိန်းသမ္မတဗိုလိုဒီမီယာဇလန်စကီပဲ။ ရုရှားကဝင်တိုက်ရင် နေတိုးနိုင်ငံတွေက သူ့ဘက်က ဝင်ချလိမ့်မယ်လို့ ထင်ထားတဲ့သဘော မချိတင်ကဲပြောဆိုသံတွေကြားရတယ်။ အဲသလို လွယ်လွယ်ထင်ရင်တော့ ဒီပွဲမှာ တကယ်မိုက်တဲ့သူဟာ ဇလန်စကီပဲ။ သူတပါးကိုယုံစားပြီး ကိုယ့်နိုင်ငံကိုယ့်ပြည်သူကို ထိုးလောင်းတဲ့သူလောက် မိုက်တာမရှိဘူးလို့ပြောရမှာပဲ။ ကမ္ဘာ့ဆူပါပါဝါကြီးတွေရဲ့ကြားထဲမှာ ကိုယ့်နိုင်ငံကြားညပ်အောင်လုပ်တဲ့ နိုင်ငံရေးခေါင်းဆောင်လောက်မိုက်မဲတာ မရှိဘူးလို့ပြောရမှာပဲ။
သင်ခန်းစာ
ဆူပါပါဝါကြီးတွေနားမှာနေရတဲ့ နိုင်ငံငယ်လေးတွေဟာ ဒီအချက်ကို အထူးသတိထားဖို့လိုတယ်။ ဒီနေ့ခေတ်မှာ စစ်ရေးဆိုတာဟာ ကိုယ်နိုင်ငံကို မတိုက်မချင်း လက်ပိုက်စောင့်ကြည့်နေတဲ့ခေတ်မဟုတ်တော့ဘူး။ ဒီတော့ အိမ်နီးချင်း နိုင်ငံငယ်လေးတွေရဲ့ ကံကြမ္မာဟာ အိမ်နီးချင်းဆူပါပါဝါကြီးတွေနဲ့ ဆက်စပ်နေတယ်ဆိုတာကို သဘောပေါက်ကြဖို့ လိုတယ်။
ဗမာပြည်လို တရုတ်နဲ့အိမ်နီးချင်းလုပ်နေရတဲ့တိုင်းပြည်မျိုးအတွက် ယူကရိန်းအဖြစ်အပျက်ဟာ သေသေချာချာလေ့လာရမဲ့ သမိုင်းသင်ခန်းစာပဲ။
ပူတင်က မင်းအောင်လှိုင်နဲ့ပေါင်းလို့ ပူတင်ကို ဗမာတွေမုန်းတာသဘာဝကျတယ်။ မုန်းလို့ရတယ်။ ဒါပေမဲ့ ပူတင်ကိုမုန်းလို့ ပူတင်ကို အာဏာရူး၊ စောက်ရူးဆိုပြီး ထိုင်ဆဲနေတာဟာ ပေါ့ပေါ့တွေးရာရောက်တယ်။ ယူကရိန်းက ဗမာကိုလက်နက်ရောင်းနေလို့ ဒီကောင်တွေခံရတာဝမ်းသာတယ်ဆိုတာမျိုးလည်း ဝမ်းသာချင်ဝမ်းသာလို့ ရတယ်။ ဒါပေမဲ့ ယူကရိန်းလိုအဖြစ်မျိုးကိုယ်မကြုံရဖို့က ပိုအရေးကြီးတယ်။
အမေရိကန်၊ ဂျာမနီ၊ နေတိုးအဖွဲ့တို့က ယူကရိန်းပြည်သူတွေကိုချစ်လို့ ယူကရိန်းအကျိုးကိုလိုလားလို့ ဦးဆောင်ပြောဆိုနေတယ်လို့ ထင်ရင်တော့ ရိုးလွန်းတယ်လို့ပြောရလိမ့်မယ်။ တကယ်တော့ ပူတင်ရော၊ အမေရိကန်ရော၊ ယူကရိန်းရောဟာ သူတို့ကိုယ်စားပြုတဲ့ အုပ်ချုပ်သူအရင်းရှင်လူတန်းစားအကျိုးအတွက် ဒီစစ်ကို တိုက်နေတာ။ တကောင်မှကောင်းတာမဟုတ်ဘူး။ ရုရှား၊ အမေရိကန်၊ ယူကရိန်းက အလုပ်သမားတွေ ဆင်းရဲသားတွေ အတွက်ဆို ဘယ်သူနိုင်နိုင် အကျိုးမရှိဘူး။ ဘယ်ပြည်သူမှဝင်မတိုက်သင့်တဲ့ စစ်ပွဲပဲ။ မိုက်တဲ့ကောင်၊ ပိန်းတဲ့ကောင်၊ ဦးနှောက်မရှိတဲ့ကောင်တွေဝင်တိုက်နေတာ။ (ဗမာပြည်မှာဖြစ်နေတဲ့ တော်လှန်စစ်မျိုးနဲ့ မတူဘူး။) နာစရာရှိတော့ သက်ဆိုင်ရာတိုင်းပြည်ရဲ့ ပြည်သူတွေနာတာပဲ။ ဒီ့ထက်ပိုကျယ်ပြန့်လာရင် အိမ်နီးချင်းတိုင်းပြည်တွေပါအထိနာဖို့ရှိသေးတယ်။ နျူးကလီးယားစစ်အထိသာဖြစ်သွားရင်တော့ မတွေးဝံ့စရာပဲ။ ဒီတခါတည်းနဲ့ နျူးကလီးယားစစ်မဖြစ်ရင်တောင် ဒီအဖြစ်အပျက်တွေဟာ တဖြည်းဖြည်း နျူးကလီးယားစစ်ပွဲဆီဦးတည်နေတဲ့ခြေလှမ်းတွေပဲ။
ယူကရိန်းဖြစ်စဉ််ကို နားလည်ချင်ရင် သမိုင်းကိုနည်းနည်းပြန်လှန်ဖို့လိုတယ်။ ကမ္ဘာမှာလွှမ်းမိုးနေတဲ့ ပင်မမီဒီယာကြီးတွေဟာ အနောက်တိုင်းမီဒီယာကြီးတွေပဲ။ သတင်းပေါ်တက်လာတာလောက်ပဲဖတ်ကြည့်ပြီး ပြောတိုင်းယုံရင် အညာမိတတ်တယ်ဆိုတာကိုလည်း သတိထားဖို့လိုတယ်။
သမိုင်းကိုများများနောက်ပြန်မကြည့်နိုင်ရင်တောင်မှ ဂေါ်ဘာချော့ဗ်နဲ့ အမေရိကန်၊ နေတိုးအဖွဲ့သဘောတူစာချုပ်ချုပ်ခဲ့တဲ့ နေတိုးအရှေ့ဘက်မတိုးရေးစာချုပ်အကြောင်းတော့သိဖို့လိုမယ်။ ၂၀၀၉ ဂျော်ဂျီယာ၊ ရုရှားစစ်ပွဲအကြောင်းသိဖို့လိုမယ်။ ၂၀၁၄ ခုနှစ်မှာ ရုရှားလိုလားတဲ့ ယူကရိန်းအစိုးရ (အရွေးကောက်ခံအစိုးရ) ကို အမေရိကန်ထောက်ပံ့တဲ့ဆန္ဒပြပွဲတွေနဲ့ ဖြုတ်ချအာဏာသိမ်းခဲ့တာ၊ အဲဒီနောက် ခရိုင်းမီးယားက ရုရှားအကူအညီနဲ့ ယူကရိန်းကနေ ခွဲထွက်သွားတာ၊ ရုရှားနဲ့ပေါင်းသွားတာ၊ လူဟန့်နဲ့ ဒွန်းဘတ်စ် ခွဲထွက်ရေးသမားတွေကို ရုရှားက လက်နက်ပေးမွေးမြူထားခဲ့တာတွေကို သိဖို့လိုတယ်။ အနည်းဆုံးအဲသလောက်သိမှ ယူကရိန်းအရေးကို မှန်မှန်ကန်ကန်ကောက်ချက်ချနိုင်မယ်။ သမိုင်းပြန်မကြည့်ဘဲ သတင်းလောက်ဖတ်ပြီး သူများပြောတာလွယ်လွယ်ယုံရင်တော့ နာသွားနိုင်တယ်။
သမိုင်းကြောင်းကို ထပ်ရေးပါဦးမယ်။
ဇော်ဝင်း

No comments:

Post a Comment