Wednesday, January 5, 2022

သူရ မချစ်ပို

သူရ မချစ်ပို

ပြင်ဦးလွင်မြို့ (မေမြို့)ကို သွားတိုင်းသွားတိုင်း

မဖြစ်မနေ စောင်းငဲ့ကြည့်ဖြစ်တဲ့
“ သူရမချစ်ပိုရဲ့
လဲလျောင်းအိပ်စက်ရာ စံအိမ်လေးပါ “
အုတ်ဂူဖြူဖြူလေးတစ်လုံးကို ပြင်ဦးလွင်မြို့ ထုံးဘိုရပ် လမ်းဘေးမြို့ထဲမှာ ရှိနေကြတော့ ဘာကြောင့်လဲဆိုတဲ့ မေးခွန်းနဲ့အတူ ရွှေ့ပစ်သင့်ကြောင်း တွေးထင် ယူဆနေသူများကို သိစေချင်ပါတယ်။
မြန်မာ့တပ်မတော်နှင့် မြန်မာနိုင်ငံတွင် တစ်ဦးတည်းသောအမျိုးသမီး ``သူရ´´ဘွဲ့ပိုင်ရှင် လေ့ကျင့်ရေးအင်ဂျင်နီယာတပ်ရင်း တပ်ကြပ်လှမောင်၏ဇနီး ထားဝယ်သူလေး
``သူရမချစ်ပို´´ ဆိုတာကို ယနေ့ခေတ်လူငယ်တွေ သိချင်မှ သိကြပါလိမ့်မယ်။
၁၉၀၇ ခုနှစ်တွင်ထားဝယ်မြို့မှာ မွေးဖွားခဲ့သူဖြစ်ပြီး မောင်ဖြစ်သူက လွတ်လပ်ရေးမရခင် ၁၉၄၇ ခုနှစ်မှာ BE တပ်ထဲကိုဝင်သွားလို့ စိတ်ပူပြီး လိုက်ရှာရင်း ပြင်ဦးလွင်မြို့ကို ရောက်ရှိကာ ဦးပု + ဒေါ်ကြွယ်တို့နှင့်ဆုံပြီး သမီးအရင်းသဖွယ် မွေးစားခံခဲ့ရရင်းမှ တပ်ကြပ်လှမောင်နဲ့ အကြောင်းဆုံမက် ပေါင်းဖက်ခဲ့ရရှာပါတယ် ။
လွတ်လပ်ရေးရပြီး နောက်ပိုင်း ၁၉၄၉ ခုနှစ်ဖေဖေါ်ဝါရီလ၂၁ ရက်နေ့မှာ KNDO တပ်ဖွဲ့တွေက မေမြို့ ( ယခုပြင်ဦးလွင် ) ကို အလစ်အငိုက် စီးနင်းသိမ်းပိုက်လိုက်တော့ မေမြို့အခြေစိုက် ဗိုလ်မှူးထင်ပေါ် ဦးစီးသော အမှတ်(၁) BEတပ်ခွဲနဲ့ ဗိုလ်ကြီးဘဖြူ ဦးစီးသောအမှတ် (၂) BE တပ်ခွဲတို့ဟာ ရရာလက်နက်ခဲယမ်းများ သိမ်းဆည်းပြီး လားရှိုးဘက်ကို ဆုတ်ခွါခဲ့ရလေတယ်။
ဆုတ်ခွာသွားတဲ့ တပ်ဖွဲ့တွေဟာ လားရှိုးမြို့မှာ ပြန်လည်စုဖွဲ့ပြီး ပြင်ဦးလွင်သို့ တကျော့ပြန်ချီတက်လာခဲ့ကြရင်းမှ ပြင်ဦးလွင်မြို့ ရေချမ်းအိုးရွာဘက်မှာ တိမ်းရှောင် နေကြတဲ့ BE တပ်က အရာရှိစစ်သည်များနဲ့ ကျန်ရှိတပ်ပေါင်းစုံမှ တပ်ဖွဲ့ဝင်တွေဟာ BE တပ်မှာ လာရောက်ပူးပေါင်းရင်း တပ်ပေါင်းစုအင်အားဖြင့် ဖေဖေါ်ဝါရီလ (၂၄)ရက်နေ့မှာ ပြန်လည်တိုက်ခိုက်ခဲ့ရာ ( BE တပ်ကုန်း ) ယခု ပြင်ဦးလွင်မြို့ရှိ အင်ဂျင်နီယာတပ် နေရာကိုပြန်လည်သိမ်းပိုက်ရရှိခဲ့တဲ့အပြင် မြို့တွင်းတိုက်ပွဲအဖြစ် ဆက်လက်တိုက်ခိုက်ခဲ့သော တပ်ဖွဲ့ဝင်များရဲ့ ကြိုးစားမှုကြောင့် မေမြို့- လားရှိုးလမ်း တစ်လျှောက် ( ယခု မန္တလေး - မူဆယ်လမ်းပေါ် ) မြို့မရုပ်ရှင်ရုံအထိ ပြန်လည်သိမ်းပိုက် နိုင်ခဲ့ကြပါတယ်။
အဲဒီလို အင်ဂျင်နီယာတပ်က တိုက်ခိုက်ပြီး ပြန်လည်သိမ်းပိုက်နိုင်ခဲ့လို့ ဖေဖေါ်ဝါရီလ (၂၄) ရက်နေ့ကို BE တပ်ဖွဲ့ (ခေါ်) အင်ဂျင်နီယာတပ်ဖွဲ့နေ့အဖြစ် ဂုဏ်ပြုမှတ်တမ်းတင်ခဲ့ကြတာပါ ။
အဲလို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပေမယ့် ရန်သူပတ်လည် ဝိုင်းနေတဲ့အချိန်မှာ ပြင်ပသတင်းရယူရန် အခက်တွေ့နေချိန် ၊ BEDT ကုန်းက ထွက်လာတဲ့ ယောက်ျားမှန်သမျှကို ဖမ်းဆီးခြင်း ၊ အသေပစ်သတ်ခြင်းတွေ လုပ်နေတဲ့အချိန် ၊ ထားဝယ်သူ မချစ်ပိုက သတင်းအချက်အလက်တွေ ရရှိနိုင်အောင် ၊ ရန်သူ့အခြေအနေကို သိနိုင်အောင် နွားကျောင်းသမ ဟန်ဆောင်ပြီး ရန်သူ့နယ်မြေမှာ ဟန်ဆောင်သတင်းရယူခဲ့တာတွေ ၊ အခါအခွင့်သင့်ရင် ရန်သူ ၄/၅ ဦးလောက်ကို လက်ပစ်ပုံးနဲ့ ထုခဲ့တာတွေ ၊ သတင်းစုံစမ်းပေးရုံ ၊ လက်ပစ်ဗုံးနဲ့ ခိုးကြောင်ခိုးဝှက် ထုနေရုံသာမက နေ့ဘက်စုံစမ်းလို့ပြီးရင် တိုက်ခိုက်ရေးတပ်ဖွဲ့နှင့်အတူ သေနတ်ကိုင် တိုက်ပွဲဝင်ရန်တောင်းဆိုလို့ ဗိုလ်ဘဖြူက ခွင့်ပြုခဲ့ရတာတွေ ၊
တစ်နေ့ ရန်သူ့ထောက်ပံ့ရေးကုန်းကို ဝင်စီးတဲ့ ညတစ်ညမှာ မချစ်ပိုပါဝင်တဲ့အဖွဲ့က ရန်သူရဲ့ ခံစစ်စည်းထဲကို အတင်းထိုးဖောက်ဝင်ရောက်သွားချိန် ရန်သူများခေါင်းမထောင်နိုင်အောင် ဖြစ်နေသော်လည်း ခံစစ်စည်းမို့ သိမ်းပိုက်ရန် အခက်တွေ့နေချိန်မှာ စစ်သည်များက လှံစွပ်နဲ့ တက်ထိုးရန်ပြင်ဆင်ကြပေမယ့် မချစ်ပိုကလက်မခံဘဲ အထိနာမှာစိုးရိမ်ပြီး လက်ပစ်ဗုံးနဲ့ သူတစ်ယောက်တည်း တက်ပစ်မယ်ဟုဆိုခြင်းကို ကျန်စစ်သည်များက တားမြစ်သော်လည်း မည်သူ့ကိုမှ ဂရုမစိုက်ဘဲ မားမားမတ်မတ်ရပ်၍ ရန်သူ့ ကတုတ်ကျင်းသို့ လက်ပစ်ပုံးနဲ့ ထပစ်ချိန်မှာ မချစ်ပို အပစ်မခံရစေရန် စစ်သည်များက ကာပစ်ပစ်ပေးပေမယ့် ရန်သူ့ သေနတ်တစ်ချက်က မချစ်ပိုရဲ့ ဝမ်းဗိုက်ကို တည့်တည့်ထိမှန် ခဲ့လေတော့တယ်။
ထိုတိုက်ပွဲကို မချစ်ပိုရဲ့ စွမ်းဆောင်မှုအပေါင်းဖြင့် အောင်မြင်စွာ ဆင်နွှဲနိုင်ခဲ့လို့ အောင်ပွဲရခဲ့သလို ရန်သူတွေကလည်း မချစ်ပိုရဲ့ အကြောင်းစုံကိုသိရှိပြီး လုံးဝ မကျေနပ်ခဲ့ကြပါဘူး။ စစ်သည်တွေက ဒဏ်ရာရရှိသွားတဲ့ မချစ်ပိုကို ကားဖြင့်သယ်ဆောင်ကာ ပြင်ဦးလွင်မြို့ရှိ နယူဆေးတိုက်မှ ဆရာဝန်ဒေါက်တာဘရှင်ထံ ပို့ဆောင်ကာ ဆေးတိုက်တွင်ညတွင်းချင်းခွဲစိတ်ကုသစေခဲ့ပါတယ်။ ခွဲစိတ်ကုသပြီးတဲ့အချိန်မှာ KNDO အဖွဲ့များက မသင်္ကာသဖြင့် ဆေးတိုက်ကို လာရောက်စစ်ဆေးကြရာ ဒေါက်တာဘရှင်က မရှိကြောင်း ၊ မလာကြောင်း ပြောဆိုလိုက်သဖြင့် မချစ်ပိုဟာ အသက်ဘေးက လွတ်ခဲ့ရပါတယ်။
သို့သော် ဆေးတိုက်မှာ တစ်ပတ်ခန့် ဆေးကုသခံနေတဲ့အချိန် KNDO အဖွဲ့မှ ဗိုလ်အဆင့်ရှိတဲ့ စောဘစံဆိုသူက ထုံးဘိုရပ်ထဲမှ မချစ်ပုဆိုသူ အမျိုးသမီးနှင့်ပတ်သက် ဆက်နွယ်လျှက်ရှိ နေတဲ့အတွက် မချစ်ပုရဲ့ ယုတ်မာကောက်ကျစ်မှုများကြောင့် စောဘစံအဖွဲ့သည် မချစ်ပို ဘယ်မှာရှိနေတယ် ဆိုတာကို သိရှိသွားကြပြီး စောဘစံဦးဆောင်ကာ လက်နတ်ကိုင်လေးငါးဦးခန့်ဖြင့် မချစ်ပိုကို လာရောက်ဖမ်းဆီးခေါ်ဆောင်သွားကြတာကို ခံလိုက်ရပါတော့တယ် ။
ရန်သူ့လက်တွင်းကို သက်ဆင်းခဲ့ရသော်လည်း မချစ်ပိုဟာ ဒဏ်ရာကို ဂရုမစိုက် ၊ နာကျင်ခြင်းကို မခံစား ၊ စိတ်အားကို မလျှော့ဘဲ ဓါးတိုတစ်ချောင်းကို မရ ရအောင် ဝှက်ယူသွားပြီး ရန်သူနှိပ်စက်သမျှ အံကြိတ်ခံရင်း အနီးကပ် ရန်သူနှစ်ဦးရဲ့ အသက်ကိုပါ ခြွေယူသွားခဲ့လို့ စောဘစံဆိုသူက မကျေမနပ်ဖြစ်ကာ သေနတ်ဖြင့် အချက်ပေါင်းများစွာ ပစ်ခဲ့တာကြောင့် မချစ်ပိုဟာ အသက်ပေးခံ့ရတဲ့အပြင် စောဘစံဆိုသူရဲ့ လုပ်ရပ်ကြောင့် မချစ်ပိုဟာ ရေတွင်းထဲကို ပစ်ချခံရတဲ့အပြင် အုတ်ခဲများဖြင့် ဖိဖို့ခြင်းပါ ခံခဲ့ရပြီးနောက် (၈.၄.၁၉၄၉)ရက်နေ့ ၊ အသက်(၄၂) အရွယ်မှာ ကျဆုံးသွားရရှာလေတယ်။

ထိုသို့ မချစ်ပိုကျဆုံးသောနေ့မှာပင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တပ်များက မန္တလေးမြို့အား ပြန်လည်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။ ကျဆုံးပြီး ၃ ရက်အကြာမှာ မန်း-မေမြို့ လမ်းတစ်လျှောက် စစ်ကြောင်းများထိုးပြီး တက်လာကာ မချစ်ပို​၏ ရုပ်အလောင်းအား ရေတွင်းထဲမှ ပြန်လည်ဖော်ထုတ်ယူပြီး (၁၆.၄.၁၉၄၉ ) ရက်နေ့တွင် စစ်အခမ်းအနားဖြင့် ဂုဏ်ပြုသင်္ဂြိုဟ်လိုက်ကြပါတယ်။
နိုင်ငံတော်အတွက် အသက်ကိုပဓာနမထားဘဲ အသက်စွန့်ဝံ့စွန့်စား တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့ရလေသူ မချစ်ပိုအား ၁၉၅၀ ပြည့်နှစ်မှာတော့ နိုင်ငံတော်အစိုးရမှ " သူရ " ဘွဲတံဆိပ်ချီးမြှင့်ခဲ့တာကြောင့် မြန်မာနိုင်ငံတွင် ပထမဦးဆုံး သူရဘွဲ့ရရှိသော အမျိုးသမီးအဖြစ် မှတ်တမ်းဝင်ခဲ့လေတော့သည်။
ယခင်အုတ်ဂူအဟောင်းလေးကို ၁၉၆၀ ပြည့်နှစ် မြေမြို့အင်ဂျင်နီယာတပ်​၏တပ်မှုုး ဗိုလ်မှုုးမောင်တင် ( သိပ္ပံမှုုးတင်) လက်ထက်တွင် မူလနေရာမပျက် ပြန်လည်ပြင်ဆင်ပေးခဲ့ကြောင်း သိရသည်။
​မြန်မာအမျိုးသမီးများအတွက် အတုယူလေးစား ဂုဏ်ယူသင့်သော ၊ စံပြုထိုက်သော မြန်မာအမျိုးသမီးအဖြစ် မှတ်တမ်းတင်သင့်သော ၊ မြန်မာအမျိုးသမီးများ၏ စိတ်ဓါတ်နှင့် ဂုဏ်ရောင်ကို ထွန်းလင်းစေခဲ့သော ထားဝယ်သူ ``သူရမချစ်ပို ´´ ရဲ့ အေးချမ်းစွာ လဲလျောင်းအိပ်စက်ရာ နေရာလေးကို သင်္ချိုင်းဂူအဖြစ် မသတ်မှတ်ဘဲ မချစ်ပိုရဲ့လဲလျောင်းအိပ်စက်ရာ စံအိမ်လေးအဖြစ် ထာဝရသတ်မှတ် သိရှိစေနိုင်ဖို့ ရည်ညွှန်းရည်ရွယ် ဖော်ပြလိုက်ရပါတယ်။
TRMH
19.6.2021

No comments:

Post a Comment