Wednesday, January 12, 2022

ငါတို့လေးစားတာ ဒီလိုသူရဲကောင်းမျိုး

( ဗိုလ်ကြီး ဖြိုးပြည့်စံ DSA 50 Intake ) 

ငါတို့လေးစားတာ ဒီလိုသူရဲကောင်းမျိုး

 

ရှမ်းပြည်နယ် တောင်ပိုင်း လွိုင်လင်ခရိုင်  မိုင်းနောင်မြို့နယ် ၀ိန်းကောင်ရွာအနီး အမှတ် ( ၂၈၆ ) ခြေလျင်တပ်ရင်း၊ တပ်ရင်းဌာနချုပ်မှာ ဗိုလ်စံ ဆိုသည့် ဗိုလ်ကြီးတစ်ဦး ရှိခဲ့ဖူးသည်။ နာမည် အပြည့်အစုံကတော့ ဗိုလ်ကြီးဖြိုးပြည့်စံ ဖြစ်သည်။ အားလုံးက သူ့ကို ချစ်စနိုးနှင့် ဗိုလ်စံ ဟုပဲ ခေါ်ကြသည်။

( ၁၈ .၁၀ .၂၀၁၅ ) နေ့သည် သူရဲကောင်းတစ်ယောက်အတွက် မှတ်ကျောက်တင်သည့် နေ့တစ်နေ့ ဖြစ်ခဲ့သည်။ SSA ၀မ်ဟိုင်းအဖွဲ့သည် သာလွန်အင်အားနှင့် လူအင်အား ၆၀၀ ကျော်ဖြင့် တပ်ရင်းဌာနချုပ်ကို သိမ်းပိုက်ရန် ကြိုးစားလာကြသည်။ ၁၀၅ မမ ဟောင်ဝှစ်ဇာအမြောက်လို လက်နက်ကြီးတွေသုံးပြီး စီးနင်းနိုင်ရန် အားထုတ်လာကြသည်။

ဗိုလ်စံ၊ ဆေးဗိုလ်ကြီးနှင့် နောက်တန်းမှုးတို့က တပ်ရင်းနောက်ချန်အင်အား စစ်သည်နှင့် ရဲမေ ၆၀ ဦး ခန့်ကို ဦးဆောင်ပြီး သူပုန်တွေကို သုံးရက် သုံးည တိုင်တိုင် အကြိမ်ကြိမ်လန်ကျသွားအောင် ရွပ်ရွပ်ချွန်ချွန် ခုခံကာကွယ် ခဲ့ကြတယ်။

ရန်သူ SSA တို့က လက်နက်ကြီးများနှင့် စုပြုံပစ်ခတ်ပြီး မြေပြင်တစ်နေရာမှလည်း RPG လို လက်နက်တွေနှင့်ပစ်သည်။ လက်နက်ငယ်များဖြင့် တရစပ် ပစ်ပြီး အတင်းတက်လုံးနိုင်ရန် ကြိုးစားနေသည်။

ဆေးဗိုလ်ကြီး( DSMA 15 intake )ကိုယ်တိုင် လက်နက်ကြီးတွေနှင့် (Counter) ပြန်သည့်အဖွဲ့ကို ကွပ်ကဲရင်း ရဲမေတွေနှင့်အတူ တိုက်ပွဲ၀င်နေသည်။ သာလွန်အင်အားဖြင့်ဝင်ဆောင့်ခြင်းဖြစ်၍ ဆေးဗိုလ်ကြီးတို့ တပ်စုကို ရန်သူတွေက ဝိုင်းပတ် ပိတ်ဆို့မိလာတယ်။ ပိတ်မိနေသည့် ဆေးဗိုလ်ကြီးနှင့် စစ်သည် ရဲမေများ၏ အသက်ကိုကယ်ဖို့တာဝန်သည် သူ၏တာဝန်ဟု ခံယူလိုက်ပြီး ဗိုလ်ကြီးပြည့်ဖြိုးစံ တစ်ယောက် သူ့တပ်စုက စစ်သည် အနည်းငယ်နဲ့ ရန်သူ့သာလွန်အင်အားကို အတင်းတရကြမ်း ထိုးဖောက်သည်။ ထို့နောက် ဆေးဗိုလ်ကြီးတို့ တပ်စုထံ ၀င်ရောက်ပူးပေါင်းလိုက်တယ်။ ထို့နောက်တွင်မှ ပြန်လည်ထိုးဖောက်ပြီး လွတ်မြောက်လာခဲ့သည်။

တိုက်ခိုက်လွတ်မြောက်လာသော်ငြား သူတို့အားလုံးဆီတွင် ခဲယမ်း ကျည်ဆံတွေ ကုန်ခါနီးဖြစ်နေသည်။ ထိုပုံအတိုင်းဆက် ခုခံနေလျှင် အကုန်လုံးကျဆုံးပြီး လာနေသည့်စစ်ကူမရောက်ခင်မှာပင် တပ်ရင်းဌာနချုပ်ပါ ကျ သွားနိုင်သည်။ ထို့ကြောင့် ဆေးဗိုလ်ကြီးနှင့် နောက်တန်းမှုးတို့က ရဲမေများကို ဦးဆောင်ပြီးကျည်လွတ်မြေအထိ ထိုးဖောက်ဆုတ်ခွာဖို့ တိုင်ပင်ပြီး စတင်လှုပ်ရှားကြသည်။

ဗိုလ်စံတို့တပ်ကတော့ အသေခံကာပစ်ပေးရင်း နောက်ချန်တပ်အဖြစ် ကျန်နေရစ်ခဲ့ကြသည်။ စနစ်တကျ ပစ်ဆုတ် ဆုတ်သွားသည့် ရဲမေအဖွဲ့သည် မကြာမီပင် စစ်ကူတပ်ရင်းစစ်ကြောင်းနှင့် ပူးပေါင်းမိသည်။ ဗိုလ်စံတို့ရှိရာကို အပြေးတက်တက်လာရင်း

" စွန်ရဲ၊ စွန်ရဲ ရှိလား "

ဗိုလ်စံကို ဆက်သွယ်ရေးစက်ကနေ မနားတမ်း ခေါ်လာကြတယ်။ ဗိုလ်စံ တို့ ဆီက တိုက်ပွဲသံတွေကို

ကြားနေကြသော်လည်း စွန်ရဲထံမှ အကြောင်းပြန်လာခြင်းက မရှိ။

" စွန်ရဲ .. စွန်ရဲ ရှိလား.. "

အားလုံးရဲ့ စိုးရိမ်စိတ်တွေက အတိုင်းထက်အလွန်။ ပူသထက် ပူလာသည်။

" စွန်ရဲ  သိမ်းငှက်တွေ ရောင်နီလာပြီ၊ ကြားရင်အကြောင်းပြန်ပါ "

ထိုအခါ ဆက်သွယ်ရေးစက် မှ “ ရှဲ” ဟူသော အသံထွက်လာသည်။ အားလုံး နားစွင့်လိုက်သောအခါ

" စွန်ရဲ ကျသွားပြီ .."

“ ဟာ ဗိုလ်စံ ကျသွားပြီတဲ့ဟေ့”

ဗိုလ်စံ ကျပြီဆိုတာ ကြားကြတော့ ရဲမေတွေအားလုံး အပြေးတက် ပစ်ခတ်သွားလိုက်ကြသည်က

ကြောက်ခမန်းလိလိ။ စစ်ဦး ဘီလူးပမာပင် တရမန်းကြမ်း တက်လာကြသည်။

“ ဗိုလ်စံ ကျသွားပြီတဲ့လား”

နောက်ဆုံးအချိန်ထိ မိမိတပ်ရင်းဌာနချုပ် ရန်သူ့လက်အောက် မကျရောက်စေဖို့အရေး ရင်ကို မြေကတုတ်လုပ်ကာ အသက်ကိုပေးဆပ်မှုဖြင့် တိုင်းပြည်တာ၀န်ကို ကျေပွန်စွာ ထမ်းဆောင်သွားတဲ့ ဗိုလ်စံ။ ဗိုလ်ကြီးပြည့်ဖြိုးစံရဲ့ ရုပ်ကလပ် မြေချတဲ့ စျာပနအခမ်းအနားမှာ တပ်ရင်းတစ်ရင်းလုံးက ရဲမေတွေ မငိုတဲ့သူ မရှိခဲ့ချေ။

တပ်မတော်ကကွာယ်ရေးဦးစီးချုပ်ရဲ့ သူရဲကောင်းမှတ်တမ်း၀င်ခဲ့ကြသည့် CQ ကြီးကတော် သုံးယောက်လည်း ငိုကြသည်။ တချို့ ရဲမေတွေဆို ဗိုလ်စံရဲ့ အလောင်းကို ဖက်ပြီး ရှိုက်ကြီးတငင် ငိုခဲ့ကြသည်။ ငိုကြမှာပေါ့။ ဗိုလ်စံ ဆိုတာ အသက်ငယ်သော်ငြား သူတို့ ချစ်ခင် အားကိုး ယုံကြည်လေးစားကြရတဲ့ အဖေလို အရာရှိတစ်ယောက် ဖြစ်နေခဲ့တာကိုး။

မြန်မာ့သမိုင်း တစ်လျှောက် မြန်မာပြည် မြေပုံကို ဖဲ့ချွေချင်ခဲ့ကြတဲ့ မသမာသူတွေရဲ့ ရန်ကိုကာကွယ်ရင်း ကျဆုံးသွားကြတဲ့ စစ်သားတွေကို တခြားသူတွေက ခဏလေးနှင့် မုန်းလိုက် မေ့လိုက်နိုင်သော်လည်း ဗိုလ်စံ ( ဗက ဖြိုးပြည့်စံ DSA 50 Intake ) ဆိုသည့် နာမည်ကတော့ အမှတ် ( ၂၈၆ ) ခြေလျင်တပ်ရင်းမှာ ကမ္ပည်းရိုက်ထားသလို ထာဝရ စွဲကျန်ရစ်နေမှာ ဖြစ်ပါသည်။

 

(တိုင်းပြည်နဲ့ လူမျိုးအတွက် အသက်စွန့်ခဲ့တဲ့ သူရဲကောင်းတွေအကြောင်းကတော့ ဖတ်မိတိုင်း၊ ပြန်ကြားမိတိုင်း ကြက်သီးထစရာကောင်းလောက်အောင်၊ မျက်ရည်ဝဲလောက်အောင် ဂုဏ်ယူမိရပါတယ်။)

 

စစ်သွေးမောင်

No comments:

Post a Comment