Wednesday, January 19, 2022

ခဲတစ်လုံး

ခဲတစ်လုံး

        သတင်းခေါင်းစဉ် - 'Myanmar's military leadership shows no sign of backing down.." ဆိုတာကိုတွေ့တော့ ရေးချင်တာလေးရှိလာတယ်။ ဒီ အာဏာထိန်းဖြစ်စဉ်ကြီးက အပေါ်ယံလောက် 'မဲမသမာမှု' ဆိုတာထက်ပိုသလို မီဒီယာတွေရေးတဲ့ 'စစ်အစိုးရပြုတ်ကျရေး' ဆိုတာထက်လည်း ပိုတယ်။
ပထမတစ်ခုကိုပြောရရင် ပြီးခဲ့တဲ့ အစိုးရသက်တမ်းမှာ NLD အုပ်စုဟာ တပ်နဲ့ထိပ်တိုက်တွေ့ရေး လမ်းစဉ်ကို အာဏာဆုပ်ကိုင်ပြီးတော့ကို ကျင့်သုံးလာတယ်။ ဖြိုးမင်းသိန်းက စစ်ကျောင်းတွေကို ဝေဖန်တယ်။ ငြိမ်းချမ်းရေးက ပထမဦးစားပေးပါ လို့ ပြောထားတဲ့ကြားကပဲ ဒေါ်စုကြည်ဟာ 'ပြောစကားနားမထောင်ဘဲ ဘာမှလုပ်ပေးလို့မရကြောင်း' လေသံပြောင်းတယ်။ ဦးအေးမောင်တို့ အုပ်စုကိုနှိပ်ကွပ်တယ်။ ရခိုင်တိုင်းရင်းသား ကိုယ်စားလှယ်က မိန့်ခွန်းပြောပြီးချိန်မှာ လက်ခုပ်မတီးဘဲ ခပ်ပြောင်ပြောင်နေပြခဲ့တယ်။
အများကြီးရှိသေးတယ်။ ဒါပေမဲ့ မြင်သာတာက NLD အတွက် ငြိမ်းချမ်းရေးဆိုတာကတောင် တပ်ကိုဗီလိန်လုပ်ပြီး နိုင်ငံရေးအမြတ်ထုတ်တာထက် မပိုခဲ့ဘူး။ ရွေးကောက်ပွဲအလွန်မှာလည်း မဲမသမာမှုတွေကို ဥပဒေအရ စစ်ဆေးခံရမယ့်အစား "သိမ်းချင်ရင် အမှိုက်သိမ်း" လို့ ထပ်စော်ကားကြပြန်ပါတယ်။ ဥပဒေကို လေးစားမှုမရှိဘဲ အပြုသဘောဆောင်တဲ့ ပူးပေါင်းဆောင်ရွက်မှုရဖို့ လမ်းမမြင်တဲ့အခါ တပ်ကလည်း သူ လုပ်စရာရှိတာ လုပ်သွားတယ်။ လော်ဘီတွေရဲ့ ဖုံးဖာဖိဖား လမ်းစဉ်နဲ့ ဒေါ်စုကြည်ရဲ့ နိုင်ငံရေးပညာဝမ်းစာနည်းမှုကြောင့်ပေါ့။
အဓိက က "ငါးနှစ်စာအတောအတွင်း ယုံကြည်မှု မတည်ဆောက်နိုင်ခဲ့ခြင်း" မှာ မူတည်တယ်။ (တိုင်းပြည်ကို သစ္စာဖောက်မှုကတော့ တပ်က ဖော်ချင်လည်း ‌ဖော်မယ်၊ မဖော်ချင်လည်း မဖော်ဘူး)
နောက်တစ်ခုက အာဏာထိန်းအလွန် အုံကြွမှု။ အဲဒါကလည်း အမြင်ထက်နက်တယ်။ စစ်တပ်က အာဏာယူမယ်လို့ ဆုံးဖြတ်ပြီးရင် သူဆုံးဖြတ်ထားတဲ့ ကာလအတွင်း လုံးဝအာဏာမြဲမှာကို အနောက်အုပ်စုက မသိဘူးမဟုတ်ဘူး သိတယ်။ သို့သော် 'ဂျန်ဇက်' ဆိုပြီး မျိုးဆက်တစ်ဆက်စာကို ရှေ့ထုတ်မြှောက်ပေးပြီး စစ်တပ်နဲ့ ထိပ်တိုက်တွေ့ခိုင်းတယ်။ ဂိမ်းဆော့တာလောက် အတွေ့အကြုံရှိတဲ့ ကောင်တွေကလည်း စိတ်ကြွပြီးတောခိုတယ်။ ဒီတော့ ... ရှုံးတယ်။
ရှုံးမှာပဲ။ သိတယ်။ သူတို့လိုချင်တာကလည်း မီးကျိုးမောင်းပျက် တူမီးတပ်က စစ်တပ်ကို ဖြုတ်ချလိုက်ပါတယ် မှ မဟုတ်တာ။ မနိုင်ဝန်ထမ်းရင်း ရွံကြောက်ကြီးဖြစ်ပြီး မုန်းတီးနေစေချင်တာ။ လူ့အဖွဲ့အစည်းကြား မျှခြေပျက်ပြီး (4th Generation Warfare) တစ်ခု အစပြုစေချင်တာ။ ဒါကိုမှ စစ်တပ်က သိပ်ပျော့လို့ လွိုင်ကော်တွေ ဘာတွေထိ ထိပါးလာနိုင်ရင်တော့ "ဗျူဟာမနိုင်ဘူး" လို့ အော်လို့ရတာပေါ့။ မီမီဝင်းဘတ် လုပ်သွားတာ ဒီအထာပဲ။ စစ်တပ်က ကိုယ့်ဗျူဟာကိုယ် ပြန်သုံးသပ်သင့်တယ်။ ကျွန်တော်တို့ကတော့ ခင်ဗျားတို့ သိက္ခာချခံရတော့မှာကို ခပ်စောစောကတည်းက မြင်တယ်။ သွားပြောကြလေ။ နိုင်ငံတကာမီဒီယာတွေပေါ်တက်ပြီး မီမီဝင်းဘတ်က Political Game Maker မဟုတ်ကြောင်း သွားပြောကြ။ အစွမ်းအစရှိရင် လုပ်ကြ။
ဒီထက်ပို အရေးကြီးတာရှိတယ်။ စစ်တပ်က အာဏာထိန်းလိုက်တဲ့အခါ ပြည်တွင်းထဲမှာ လူထု ထောက်ခံမှု ပိုပြီးကျစ်လျစ်လာတယ်။ အစိုးရအဖွဲ့ ပွဲထွက်လူစာရင်းကြောင့်လည်း မျှော်လင့်ချက် ပိုခဲ့ကြတယ်။ သို့သော် အချိန်ကြာလာတာနဲ့အမျှ စစ်အီလာတယ်။ လူပန်းလာတယ်။
အရပ်သားတွေရော ဝန်ထမ်းတွေပါ ပင်ပန်းလာတယ်။ စစ်တပ်က မထိန်းချုပ်နိုင်တာလား... အပြီးတိုင် အာဏာသိမ်းချင်လို့ လူတွေကို တမင် ထိုးကျွေးနေတာလား ဆိုတဲ့ မေးခွန်းတွေဖြစ်လာတယ်။ အဲဒီအချိန်မှာ ဉာဏ်နည်းလေသူတချို့က အာဏာသိမ်းဖို့ နှပ်ကြောင်းပေးလာကြတာပဲ။ ဒီလောက် မအ သင့်ပါဘူး။ အာဏာသိမ်းလိုက်ခြင်းက အနောက်အုပ်စုနဲ့ ငှက်ပိန်းတွေမှန်ကြောင်း သက်သေဖြစ်သွားလိမ့်မယ်။
တပ်မတော်ခေါင်းဆောင်ဟာ ကိုယ့်အာဏာ သက်ဆိုးရှည်ဖို့ ထောက်ခံသူတွေကိုပါ ထိုးကျွေးခဲ့တဲ့သဘော ဖြစ်သွားပါလိမ့်မယ်။ ပိုမုန်းသွားကြလိမ့်မယ်။ စစ်သားက အရပ်သားတွေကို နားလည်မှာမဟုတ်ပါဘူး။
NLD ဟာ တပ်ကိုရော သူ့ထောက်ခံသူတွေကိုပါ ပစ်တဲ့ အနောက်အုပ်စုရဲ့ ခဲတစ်လုံးပါပဲ။
သေသေချာချာစဉ်းစားဖို့လိုပါတယ်။
- လူငယ် မျိုးဆက်တစ်ဆက်စာ တပ်မုန်းတီးရေး ရိုက်ထည့်ခံလိုက်ရတာက အန္တရာယ်များပါတယ်။ ဒေါ်စုကြည်ကို အာရုံမထားတော့ဘဲ စစ်တပ်ကသာ သူတို့ရဲ့ရန်သူဖြစ်လာမယ်။
- အပျော့ဆွဲပြီး အာဏာသိမ်းလိုက်ရင် (အရူးအမူး တပ်ထောက်ခံသူတွေကလွဲလို့) အများစုက စိတ်ကုန်သွားကြပါလိမ့်မယ်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေက ဆွဲရဘယ်လောက်ခက်တာ ခင်ဗျားတို့ သိပါတယ်။
- စစ်တပ်ကြီးဖြစ်ပြီး အပျော့ဆွဲနေတာကတော့ ဆိုးကျိုးပဲရှိပါတယ်။ မီမီဝင်းဘတ်က ပြောချင်လို့ကို ပြောတာပါ။ အာဖဂန်စစ်တပ်ကို လေ့ကျင့်ပေးတယ်ဆိုပြီး လေကြောင်းပစ်ကူမပါရင် ဘာမှမလုပ်တတ်အောင် အကျင့်ဖျက်ခဲ့တာလည်း အမေရိကန်စစ်တပ်ပါပဲ။
ဒီတော့....
အနောက်အုပ်စုကတော့ ခဲတစ်လုံးပစ်လိုက်တယ်။ ဂျန်ဇက်တွေကို စစ်ဖိုးဘီးယားဝင်သွားပြီး အပျော့ဆွဲမူဝါဒကို ထောက်ခံသူတွေက စိတ်ပျက်လာပါတယ်။
စစ်တပ်က စစ်တပ်ပီပီသသ ပြုမူပါ။ ကျွန်တော်တို့ထက် ခင်ဗျားတို့က ပိုပြီး နာတတ်ရင်ပေါ့။ ဒါတွေအားလုံးက ချစ်လို့ပြောတယ်မှတ်ပါ။
သန့်နေစိုး (19. Jan. 2022)

No comments:

Post a Comment