Friday, January 7, 2022

ပြည်သူများသို့ ပန်ကြားလိုသည်မှာ

(ဒေါက်တာ ခုပ်စွမ်းပါအို)

ပြည်သူများသို့ ပန်ကြားလိုသည်မှာ

၁။ "စစ်တပ် အာဏာသိမ်းလိုက်ပြီ" ဟူသော စကားနှင့်အတူ လက်ရှိ အခြေအနေ တွင် စစ်တပ်၏ လုပ်ရပ်နှင့်ပတ်သက်၍ ရွေးကောက်ပွဲမဲရလဒ် မကျေနပ်သဖြင့် ထလုပ်သည့်ကိစ္စအဖြစ်သာလျှင် ပြည်သူအများက ထင်မြင်သုံးသပ်နေကြသည်ကို တွေ့ရ၏။ တကယ်တမ်း မြန်မာပြည်၏ လူမှုနိုင်ငံရေးကို ယထာဘူတကျကျ သုံးသပ်ကြည့်မည်ဆိုလျှင် "တပ်မတော်" သည် ယခုကဲ့သို့ "အရေးပေါ်အခြေအနေ တစ်ရပ်" ကြေညာ၍ "ကာလုံ" ခေါ်ယူဖို့အရေး စောစောပိုင်းကတည်းက စနစ်တကျ ပြင်ဆင်ထားခဲ့ခြင်းဖြစ်မည်ဟု ခန်းမှန်းသုံးသပ်နိုင်မည်ဖြစ်သည်။ သို့ဖြစ်၍ ယခုအချိန်တွင် ပြည်သူများ ခေါင်းအေးအေးဖြင့်သာ ဆင်ခြင်သုံးသပ်လျက် နေထိုင်သွားလာလျှင် ပိုမိုအကျိုးရှိမည်ဟု အကြံပြုလိုပေသည်။
၂။ "ပြည်တင်းလျှင် မင်းမခံသာ" စကားရှိသော်လည်း ဆူပူလျှင် စစ်သက်ပိုရှည်မည်သာ။ ကာကွယ်ရေး Defense Service အမည်ဖြင့် မြန်မာလို "တပ်မတော်" ဟူ၍ အမည်တွင်လာခဲ့သော ကမ္ဘာကပါသိရှိထားသည့် "Tatmataw" ခေါ် စစ်တပ် အင်စတီကျူးရှင်း army institution သည်လည်း "ပြည်ထောင်စု" ခေါ် "မြန်မာ" တို့၏ နိုင်ငံတော် တည်ရှိနေသ၍ ပါဝါအပြည့်ဖြင့် တည်ရှိနေမည်သာ ဖြစ်သည်။ လက်ရှိတွင် အနှီစစ်တပ်အင်စတီကျူးရှင်းသည် အင်အားကောင်းနေ သည့်အပြင် ထိပ်တန်းခေါင်းဆောင်ပိုင်းများသည် နိုင်ငံတကာအဆင့် ခေါင်းဆောင် သင်တန်း စီမံခန့်ခွဲမှုသင်တန်းများ တက်ရောက်ဆည်းပူးထားခဲ့သူများဖြစ်ရာ ပြည်တွင်းမှ ထွက်ပေါ်လာသော ပြည်တွင်းဖြစ် လော်ကယ်မိတ် အုပ်စုပါတီ အသီးသီး၏ ခေါင်းဆောင်များထက် ထက်မြက်ကျွမ်းကျင်မှုတွင် အစစအရရာ သာလွန်နေမည်ကို ပြည်သူများ သိစေလိုပေသည်။
၃။ "မထူးဇာတ်ခင်းခြင်းဖြစ်သည်" ဟု အများက ထင်မြင်ယူဆနေကြသည်မှာ မဟုတ်လောက်ပေ။ တိုင်းပြည်၏ နိုင်ငံရေးအခြေအနေအပေါ်တွင် "ကာလုံ" နိုင်ငံတော်အရေးပေါ်အခြေအနေ State Emergency အချိန်မရွေးခေါ်ယူပြီး နိုင်ငံတော်၏ အာဏာကို အချိန်အခိုက်အတန့်အတွင်း ထိန်းသိမ်းဖို့ ပြဌာန်းထား သည်ကို စာဖတ်သူတိုင်း သိရှိပြီးဖြစ်ရာ ရှေးယခင်ကဲ့သို့ မီလီတယ်ရီခူ military coup ခေါ် စစ်အာဏာသိမ်းခြင်း မဟုတ်ကြောင်း သိရှိသဘောပေါက်ဖို့ အရေးကြီး သည်။ နိုင်ငံ့ဝန်ထမ်းများသည် (မည်သည့် ဌာနဆိုင်ရာ ရာထူးအဆင့်မဆို) ပါတီနိုင်ငံရေးနှင့် ကင်းရှင်းရသည့်အပြင် မည်သည့်ပါတီ မည်သည့်အစိုးရကို ထောက်ခံ/ရှုတ်ချ/အာခံ/ ဖို့ အကြောင်းမရှိပါချေ။ အာခံခြင်းလှုပ်ရှားမှု CDC Civil Disobedience Campaign ၌ ပါဝင်တက်ကြွခြင်းသည် ဘာမျှထူးခြားလာမည့် အကြောင်းမရှိလှပါချေ။
၄။ "တစ်နှစ် ကာလ" (၁၂ လ သို့မဟုတ် ၃၆၅ ရက်) နိုင်ငံတော်အာဏာကို အရေးပေါ် အခြေအနေ ကြေညာထိန်းချုပ်ခြင်းဖြစ်ရာ၊ တစ်နှစ်အလွန် နောက်ထပ် ခြောက်လအတွင်း ပြည်လုံးကျွတ်ရွေးကောက်ပွဲကျင်းပပေးမည်ဟု ကတိပေးထား သဖြင့်၊ စောင့်မျှော်နေခြင်းဖြင့် မိမိအလုပ်မိမိအေးချမ်းစွာဆောင်ရွက်ခြင်းသာ ပိုမိုအကျိုးဖြစ်ထွန်းစေမည်ဖြစ်သည်။ စစ်တပ်က ကတိတည်လျှင် မင်းသားဖြစ်မည်၊ ကတိမတည်လျှင် မိမိမျက်နှာအိုးမဲသုပ်လျက် ခွေးဇာတ်ခင်းခြင်းဖြစ်မည်ကို သူတို့ကိုယ်နှိုက်က ပို၍သိရှိမည်သာဖြစ်ရာ ပြည်သူများ စောင့်ကြည့်နေဖို့သာ အကြံပြုလိုပေသည်။ မြန်မာပြည်သူများ၏ ဘဝမှာ ကိုယ်လုပ်မှကိုယ်စားရသည် ဖြစ်၏။ မည်သည့်အစိုးရကမျှ ပြည်သူကို မကျွေးနိုင်ပါ။
၅။ 'နိုင်ငံတော် စီမံအုပ်ချုပ်မှု ကောင်စီ (နစအက) ခေါ် State Administration Council SAC ဖွဲ့စည်းကြေညာပြီး အုပ်ချုပ်မှု ယန္တရား စတင်လည်ပတ်နေပြီဖြစ်ရာ အနောင့်အယှက်မျိုးစုံဖြင့် ပြည်သူများက တုံ့ပြန်မည်ဆိုလျှင် အရေးပေါ်ကာလ တာရှည်နိုင်သည်ကို သတိပြုဖို့လိုသည်။ ကြည့်ရသည်မှာ ပထမတစ်နှစ် အတောအတွင်း ခြေဉပြုပြင်ရေးဆွဲခြင်းကို ပြည်မ/ပြည်နယ်အသီးသီးမှ ခေါင်းဆောင်များ ခေါ်ယူ၍ "ဖယ်ဒရယ်မူ" ရေးဆွဲလိမ့်မည်ဟု မျှော်မှန်းရသည်။ ပြီးခဲ့သည့် ဒီမိုကရေစီ အမည်ခံ အရပ်သားအစိုးရ လက်ထက်တွင် တစ်ပါတီတည်း ကြီးစိုးနေသည့်စနစ်ဖြင့် လွတ်တော်တွင်း "ဖယ်ဒရယ်မူ" ရေးဆွဲခြင်း မပြုနိုင်ခဲ့ကြပါ ချေ။
၆။ လွန်ခဲ့သည့် ဆယ်နှစ်က အစပြုခဲ့သော NCA ခေါ် Nationwide Ceasefire Agreement တစ်နိုင်ငံလုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် အကောင်အထည်ဖော်ဆောင်ရွက်မှုမှာ ပြီးခဲ့သည့် ငါးနှစ်အတွင်း လိပ်ခဲတည်းလည်း ဖြင့် တိုင်ပတ်နေလာခဲ့သည်ကို အဆုံးသတ်၍ လက်နက်ကိုင်တပ်ဖွဲ့အားလုံးက သဘောတူ လက်မှတ်ရေးထိုးနိုင်ဖို့ လုပ်ဆောင်မည်ဟု ကြေညာထားသည်ဖြစ်ရာ၊ ပြည်သူများ စောင့်ကြည့်နေသင့်သည်။ လူမှုနိုင်ငံရေး အခြေအနေကို မှန်ကန်စွာ သုံးသပ်နိုင်သူ တိုင်းရင်းသားအဖွဲ့အစည်းများ (ပါတီများနှင့် လက်နက်ကိုင်များ) က တပ်မတော်ဦးဆောင်သော နစအဖ SAC နှင့် ပူးပေါင်းဆောင်ရွက်လာကြပြီဖြစ် သည်။ အထူးသဖြင့် အမျိုးသားရေးပြင်းထန်လျက် အထွတ်အထိပ်ရောက်ရှိနေသော ရခိုင်နှင့်မွန်အမျိုးသား ပါတီနှင့် လက်နက်ကိုင်များက ပူးပေါင်းလာသည်ကို တွေ့ရ လေသည်။
၇။ "ထာဝရငြိမ်းချမ်းရေး" အမည်ခံ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို လက်တွေ အကောင်အထည်ဖော်ဆောင်ရွက်သည့် ခြေလှမ်းအဖြစ် တစ်နိုင်ငံလုံး တစ်ဖက် သတ် ပစ်ခတ်ရပ် ကြေညာထားပြီးဖြစ်ရာ ယခုအချိန်တွင် "တပ်မတော်ထိုးစစ်" မှန်သမျှ ခြွင်းချက်မရှိ ရပ်တန့်ထားသည်ကို တွေ့ရ၏။ ထိုသို့ပြုရန် အင်နယ်ဒီ အစိုးရက ဘာမျှ တိုက်တွန်းခြင်းမရှိကြောင်းတွေ့ရသည်။ ထို့အပြင် နှစ်နှစ်တိုင်တိုင် အသေအကြေ စစ်ပွဲဆင်နွှဲတိုက်ခိုက်လာခဲ့သော "ရခိုင်ထိုးစစ်" သည်လည်း အင်နယ်ဒီအစိုးရ၏ အမိန့်တစ်စုံတရာ စောင့်ဆိုင်းခြင်းမပြုပဲ အစိုးရက အကြမ်းဖက် ကြေညာထားသည့် ရန်သူတပ် AA Arakan Army ခေါ် ရက္ခိုင့်တပ်တော်နှင့် လွတ်လပ်စွာ ညှိနှိုင်းလျက် bilateral တည်းဟူသော နှစ်ဦးနှစ်ဘက် သဘောတူခြင်း ကို အရယူခဲ့ခြင်းဖြင့် အပြစ်မဲ့ရခိုင်ပြည်သူများ ကျီးလန့်စာစား စစ်ဘေးခံ (စစ်ဘေးရှောင်မဟုတ်) ဘဝမှ အသက်ရှူချောင်လည်လာအောင် လုပ်ယူခြင်းမှာ အပြုသဘောဆောင်လှသော ငြိမ်းချမ်းရေးခြေလှမ်းလှမ်းနေခြင်းဖြစ်သည်မှာ လယ်ပြင်ဆင်သွား ထင်ရှားသည်ဖြစ်ရာ ပြည်သူအားလုံးက ကြိုဆိုလက်ခံဖို့သာရှိ သည်။
၈။ လက်ရှိတွင် ရခိုင်အမျိုးသားတို့သည် အမျိုးသားရေး အထွတ်အထိပ်ရောက်ရှိ နေချိန်ဖြစ်ရာ နိုင်ငံရေးပါဝါ အပျော့အမာတွဲနေချိန်ဖြစ်သည်ကို "တပ်မတော်" က ကောင်းစွာသိရှိခြင်းမှာ သိသာလေသည်။ သို့ဖြစ်၍ hard power AA နှင့် ဘိုင်လက် ထရယ်လ် သဘောတူထားပြီး soft power ANP နှင့် အတူလက်တွဲလျက် "ပြည်ထောင်စု" နိုင်ငံတော်ကို တစ်နှစ်တာ အုပ်စိုးမည့် နစအက SAC အုပ်ချုပ်မှု ယန္တရားကို စတင်လည်ပတ်စပြုနေပြီဖြစ်၏။ အခြားအခြားသော လူမျိုးအသီးသီး သည်လည်း လူမျိုးတိုင်း တန်းတူညီမျှရေး "ဖယ်ဒရယ်မူ" ရေးဆွဲပြဌာန်းပေးဖို့သာ ငြိမ်းချမ်းစွာဖြင့် တောင်းဆိုသင့်သည်ဖြစ်၏။
၉။ "ဘီးလူးကိုသတ်သော မင်းသားသည် ဘီးလူးပြန်ဖြစ်နိုင်သည်" ဟူသော အဆိုရှိရာ မင်းသားကို နှိပ်ကွပ်ခဲ့သော ဘီးလူးသည်လည်း မင်းသားမဖြစ်နိုင်ဟု မည်သူဆိုနိုင်ပါမည်နည်း?။ ယနေ့တွင် "တပ်မတော်" သည် ယခင် "တပ်မတော်" ကဲ့သို့ ဘီလူးဇာတ်ကမည်မဟုတ်ပဲ နိုင်ငံရေးဇာတ်ခုံပေါ်တွင် မင်းသားအဖြစ် ကပြ သွားမည်ဟု မျှော်မှန်းရပေသည်။ သို့ဖြစ်၍ မည်သူသည် ဘီလူးဖြစ်၍ မည်သူသည် မင်းသားဖြစ်လာမည်ကို ဇာတ်လမ်းအဆုံးသတ်တွင် ပရိသတ်ဖြစ်သော "ပြည်ထောင်စုဖွား" တိုင်းရင်းသားအပေါင်းက မြင်တွေ့ရသည့်အခါတွင် ဇာတ်ရည် လည်လာမည်သာဖြစ်တော့သည်။
သို့ဖြစ်၍ ပြည်သူများ အေးချမ်းစွာ သွားလာနေထိုင်ကြပါကုန်။
မေတ္တာဖြင့်...
ဒေါက်တာခုပ်စွမ်းပါအို

No comments:

Post a Comment