Sunday, January 23, 2022

အိပ်တန်းပျောက် အမြင့်ပျံငှက်များ

အိပ်တန်းပျောက် အမြင့်ပျံငှက်များ

ဂျိုင်းခနဲ ပေါက်ကွဲသံနဲ့အတူ ရိပ်ခနဲမြောက်တက်သွားတဲ့ ခန္ဓာကိုယ်တစ်ခုကို ပါးစပ်အဟောင်းသားနဲ့ ကျွန်တော် လိုက်ကြည့် နေမိတယ်။
ဝါးတစ်ရိုက်ကျော်ကျော်လောက်မြောက်တက်သွားတဲ့ ခန္ဓာကိုယ် အောက်ကိုဘိုင်းခနဲပြန်ကျလာတဲ့အထိ ကျွန်တော် ကြောင်ပြီး ကြည့်နေတုန်းပါ။ ယမ်းခိုး ယမ်းငွေ့တွေက မစဲသေးဘူး။
သေနတ်တခြား လူတခြား ပြန်ကျလာတဲ့သူက အုန်းမြင့်ပါ။
ညာဘက်ခြေထောက်တစ်ခုလုံး ခြေကျင်းဝတ်ကနေ ပြတ်လုနီးပါး ဖွာရရာကျဲလို့၊ ပြတ်တောက်နေတဲ့ အသားစတွေထဲက မညီညာတဲ့ အရိုးအပိုင်းအစတွေ ငေါထွက်နေတယ်။
သူ့ပါးစပ်က ခပ်သဲ့ သဲ့ငြီးသံထွက်လာတယ်။
ကျွန်တော့်ရဲ့ ပထမဦးဆုံး လူသစ်ဘဝမှာ တွေ့လိုက်ရတဲ့ မိုင်းထိတဲ့ မြင်ကွင်းပါ။
ရှမ်းပြည်နယ်အရှေ့ပိုင်း ထင်းရူးတောင်၊ မိုင်းကိုင် စစ်ဆင်ရေးခွင်မှာပေါ့။
ဗကပ ဘိန်းတန်းကို ထောက်လှမ်းဖို့ ပင်မတပ်ခွဲနဲ့ ခွဲပြီး ကျွန်တော်တို့ ၁၀ ယောက်တည်း သီးသန့်လှုပ်ရှားနေရာကနေ တပ်ခွဲက ပြန်ခေါ်လို့ ပြန်လာတဲ့နေ့ လမ်းမှာ ရန်သူ့ဆွဲမိုင်းမိတာပါ။
တကယ်တော့ မိုင်းထိတဲ့ အုန်းမြင့်လိုက်ရမယ့်နေရာက ကျွန်တော်လိုက်ရမယ့်နေရာ၊ ကျွန်တော်တို့အဖွဲ့ မထွက်ခင် ကတည်းက Point က ဘယ်သူ Second Point ကဘယ်သူ၊ နောက်ပိတ်က ဘယ်သူ..အစရှိသဖြင့် နေရာ သတ်မှတ်ပြီးသားပါ။
ကျွန်တော်ကတော့ လူသစ်မို့လို့ တပ်စိတ်မှူးက "ရဲကျော်…မင်းငါ့နောက်က ကပ်လိုက်ခဲ့…" လို့ မှာပါတယ်။
အဲဒီအချိန်တုန်းက အုန်းမြင့်ကိုယ်တိုင်ကလည်း "အေး…ညီလေး မင်းဆရာဖိုးတိုးနောက်က လိုက်သွား၊ အစ်ကို နောက်ပိတ် လိုက်ခဲ့မယ်…" ဆိုပြီး ပြောပါသေးတယ်။
တကယ်လည်းထွက်မယ်ဆိုပြီး စထွက်ရော အုန်းမြင့်တစ်ယောက် မပြောမဆိုနဲ့ ကျွန်တော့်ကိုလိုက်ခိုင်းတဲ့ တပ်စိတ်မှူး ဆရာ ဖိုးတိုးနောက်ကနေ ကပ်လိုက်သွားပါတယ်။
ကျွန်တော်အခြေအနေကြည့်လိုက်တော့ နောက်မှာ ကျွန်တော်အပါအဝင် ၃ ယောက်ပဲရှိတယ်၊ တစ်ယောက်က ၇၉ မမ ဗုံးပစ်လောင်ချာကိုင်တဲ့ ကိုမြင့်ဇော်၊ နောက်တစ်ယောက်က သေနတ်မကောင်းတဲ့ အောင်မြင့်၊ သူ့သေနတ်က ယာဉ်တန်းနဲ့လာ တုန်း အိပ်ငိုက်နေလို့ ကျောက်နံရံနဲ့တိုက်မိပြီး ပြောင်းကောက်ချင်သယောင်ယောင်ဖြစ်နေတယ်။
ဒါနဲ့ သူတို့ ၂ ယောက်တော့ နောက်ပိတ်ထားလို့ မဖြစ်ဘူးဆိုတဲ့အသိနဲ့ ကိုယ့်ဘာသာ နောက်ပိတ်ကလိုက်ခဲ့တယ်။
မိုင်းအဆွဲခံရတော့ ဆရာဖိုးတိုးနဲ့ အုန်းမြင့်ကြားမှာ တစ်လုံး ကျွန်တော်နဲ့ မြင့်အောင်ကြားမှာ တစ်လုံး စုစုပေါင်း နှစ်လုံးဆွဲတာပါ။ မိုင်းနှစ်လုံးကို နွယ်ကြိုးနှစ်ချောင်းနဲ့ ဆက်ပြီး ထွက်လာတဲ့ ကြိုးနှစ်စကို နောက်ထပ်ကြိုး တစ်ချောင်းနဲ့ ဆက်ထားပြီးမှ လျှိုထဲက နေဆွဲပြီး ထွက်ပြေးသွားတာ။ အင်္ဂလိပ် အက္ခရာ ဝိုင်ပုံစံပေါ့။
ကံကောင်းချင်တော့ ကျွန်တော့်ရှေ့က မိုင်းတစ်လုံးဟာ လျှိုထဲက ကြိုးနဲ့ ဆက်ထားတဲ့နေရာမှာ ကြိုးပြေနေပါတယ်။ မိုင်းက နှစ် လုံးစလုံး အစိတ်ခြောက်ဆယ်မိုင်းတွေပါ။
အုန်းမြင့်ထိတဲ့မိုင်းဟာ သူ့နောက်ကလိုက်တဲ့ ကိုမြင့်ဇော်ရဲ့ လည်ပင်းနဲ့ အောင်မြင့်ရဲ့ ရင်ဘတ်ကိုလည်း လာမှန်ပါတယ်။ ကျွန်တော့်ကိုတော့ ခဲတွေ၊ ဖုန်တွေပဲ လာထိတယ်။
ကိုမြင့်ဇော်က အတော်သတိကောင်းသလို သတ္တိလည်းကောင်းတယ်။
တပ်စိတ်မှူးဆရာဖိုးတိုး မလုပ်တတ် မကိုင်တတ်နဲ့ အူတိ အူကြောင်ဖြစ်နေတော့ သူ့လည်ပင်းက သွေးတစ်ပေါက်ပေါက်ကျနေတာကို ဆေးပတ်တီးစည်းပြီး အုန်းမြင့်ဒါဏ်ရာကို ကိုယ် တိုင်ပတ်တီးစည်းပေးတယ်။
အုန်းမြင့် မိုင်းထိထိချင်း ကျွန်တော်ကြောင်ပြီး ကုန်းကုန်းကွကွဖြစ်နေတော့လည်း ကိုမြင့်ဇော်က သူဒဏ်ရာရထားတဲ့ကြားက ကျွန်တော့်ဆီပြေးလာပြီး "ဟေ့ကောင် ကြောင်မနေနဲ့လေ၊ နောက်လှည့် ဝပ်ပြီး သေသေချာချာ ကြည့်၊ မြင်ရင်ပစ်.." ဆိုပြီး ကျွန် တော့်ကို နေရာချပေးလိုက်သေးတယ်။
အရေးထဲ ရယ်ရအခက် ငိုရအခက် ကြုံရသေးတယ်။
အုန်းမြင့်အတွက် အနားက ဝါးလုံးအရွယ်လောက်ရှိမယ့် သစ်ပင်ခပ်သေး သေး တစ်ပင်ခုတ် စောင်ကြားချည်ပြီး ထမ်းစင်လုပ်ကြတယ်။ ထမ်းစင်လုပ်ပြီးတော့ အုန်းမြင့်ကိုပွေ့ချီ ပြီး ပုခက်ထဲထည့် ရှေ့တစ် ယောက် နောက်တစ်ယောက်ထမ်းလိုက်တာ တစ်လှမ်းမှမထွက်ရသေးခင် ချည်ထားတဲ့နိုင်လွန်ကြိုးက လျှောထွက်ပြီးစောင်ကြား ပြေကျလို့ အုန်းမြင့်တစ်ယောက် ဘိုင်းခနဲ ပြုတ်ကျပါလေရော…။
မိုင်းထိတုန်းက ဘာသံမှမကြားရတဲ့ အုန်းမြင့်လည်း "အောင်မလေးဗျာ…." လို့အော်ပါလေရော။ ဒါနဲ့ ပြန်ချည် ပြန်ထမ်း၊ တပ်ခွဲရုံး အခြေပြုထားတဲ့ စခန်းကို မိုးချုပ်မှရောက်ပါတယ်။
ရောက်ရောက်ချင်း ဆေးတပ်သားဆံကောက်ခေါ် ကိုအောင်မြင့်က တွဲလွဲဖြစ်နေတဲ့ အုန်းမြင့်ခြေထောက်ဖြတ်ဖို့ ဓားမရှိတာနဲ့ ခွဲရုံး တစ်ရုံးလုံးမှာရှိတဲ့ တစ်လက်တည်းသော ထင်းခုတ်ဓားမကို မီးကင်ပြီး အရက်ပျံနဲ့သုတ်နေလေရဲ့။ ဓားမကိုကြည့်လိုက်တော့ ခုတ် ပါများလို့ အနားတချို့ကလိပ်နေပြီ။ အုန်းမြင့်ကိုယ်စား ကျွန်တော်ခြေထောက် ယားလိုက်တာ။
ဆံကောက်က "ကိုင်း..စမယ်" ဆိုတာနဲ့ စစ်သည် သုံးယောက်လောက် အုန်းမြင့်အပေါ်ပိုင်းနဲ့ ကျန်တဲ့ခြေထောက် တစ်ဖက်ကို ဝိုင်းချုပ်လိုက်ကြတယ်။ ပြီးတော့ ပါးစပ်ထဲ စောင်ကြားထိုးထည့်ပေးလိုက်တယ်။
စပါပြီ….ဘယ်ဘက်လက်က ပေါင်ရင်းကိုဖိကိုင်ထားရင်း ညာဘက်လက်က အသွားတွေလိပ်နေတဲ့ ဓားမကို မြှောက်ပြီး အမဲ သားခုတ်သလို “တဂုတ်ဂုတ်” နဲ့ ခုတ်နေလိုက်တာ ဘယ်နှချက်မြောက်မှာ ပြတ်သွားလဲ မမှတ်မိတော့ပါဘူး။
ဘေးပတ်လည်မှာ တော့ အသားစတွေ၊ အသားစနဲ့သွေးတွေကပ်နေတဲ့ အရိုးအပိုင်းအစလေးတွေ ပြန့်ကျဲလို့။ အောက်ကခံနေရတဲ့ အုန်းမြင့်လည်း ပါးစပ်ထဲစောင်ကြားထည့်ထားတဲ့ကြားက ဝူးဝူးဝါးဝါးနဲ့ မပီ့တပီ အော်လို့။
ကိစ္စ ဝိစ္စပြီးတော့ အားလုံး ကိုယ့်တဲကိုယ်ပြန် ညစာစားကြတယ်။
ဆေးလိပ်လေးရှုပြီး မှိန်းနေတုန်း "ရဲကျော်… ဆရာကြီး စီကြူခေါ်နေတယ်.." လို့ အသံကြားတာနဲ့ ကျွန်တော်လည်း ဝမ်းသာအားရ ပြေးထွက်သွားတယ်။
ဆရာကြီး စီကြူဆီမှာ ကျွန်တော် ပိုက်ဆံချေးထားတာ ပေးမလို့နဲ့တူပါတယ်။ ဒါနဲ့ ဆရာကြီးစီကြူတဲကိုရောက်တော့ သူက "အေး…ရဲကျော် ဒါလေး စခန်းအပြင်ဘက် ကိုက် ၁၀၀ လောက်မှာ သွားမြှုပ်လိုက်ပါကွာ…"တဲ့။ ဟုတ်ကဲ့ အုန်းမြင့်ခြေထောက်အပြတ်ကလေးပါ။
အင်မတန်အသားမည်းတဲ့ အုန်းမြင့်ခြေထောက်လေးဟာ
သွေးဆုတ်ဖြူလျော်ပြီး အသက်မဲ့ငြိမ်သက်နေလေရဲ့။
ကုသိုလ်ကံဆိုတာ ဆန်းကြယ်ပါတယ်။
သူကိုယ်တိုင်နောက်ပိတ်က လိုက်ပါ့မယ်လို့ ပြောတဲ့ အုန်းမြင့်၊ ဘယ်လို အတွေးပေါက်ပြီး ထွက်ခါနီးမှ ကျွန်တော်လိုက်ရမယ့်နေရာကနေ လိုက်သွားတာလဲ မစဉ်းစားတတ်ပါဘူး။
ဒါ့အပြင် ကျွန်တော်နဲ့ မြင့်အောင်ကြားက မိုင်းကလည်း နွယ်ကြိုးပြေပြီး မကွဲခဲ့ဘူး။ ကုသိုလ်ကံဆိုတဲ့ စကားလုံးကို အဲဒီအချိန်ကစပြီး ကျွန်တော် စိတ်ဝင်စားလာတာပါ။
ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ အခုလို အေးအေးချမ်းချမ်းနေရဖို့ တပ်မတော်သားတွေ ပေးဆပ်နေရတဲ့ အသက်တွေ၊ ခန္ဓာကိုယ် အစိတ်အပိုင်းတွေ မရေမတွက် နိုင်လောက်အောင်များပြားလှပါတယ်။
တိုက်ပွဲတွေ၊ တိုက်ပွဲတွေ၊ ပြည်ထာင်စုမပြိုကွဲရေးအတွက် တိုက်ရတဲ့ တိုက်ပွဲတွေ၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး အတွက် တိုက်ရတဲ့ တိုက်ပွဲတွေ၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် တိုက်ရတဲ့ တိုက်ပွဲတွေ နည်းသလား။
လွတ်လပ်ရေးရပါပြီဆိုကတည်းက တိုက်လိုက်ရတဲ့ တိုက်ပွဲတွေ၊ လူမသိ သူမသိ ကြွေလွင့်သွားတဲ့ တပ်မတော်သားတွေ၊ တချို့ တောင်ပေါ်မှာ၊ တချို့ ချောက်ထဲမှာ၊ တချို့ ဝါးရုံပင်တွေကြားထဲမှာ၊ တချို့ကတော့ တောင်စောင်းမှာ၊ တစ်ခါတရံ ကိုယ့်ရဲဘော် အလောင်းတောင် ကိုယ်မကောက်နိုင်လို့ ထားခဲ့ရတဲ့ ဘဝ။ တိုက်ပွဲအပြီး လေးငါးရက်နေမှ ပြန်ရှင်းတော့ ခေါင်းတစ်ခြား၊ ကိုယ် တစ်ခြား၊ အရိုးတစ်ခြား၊ အသားတစ်ခြား။
တချို့အညာသားရုပ်၊ တချို့က တိုင်းရင်းသားလေးတွေ၊ တချို့က ရုပ်ဆိုးဆိုး၊ တချို့က မင်းသားရှုံးလောက်တဲ့ရုပ်မျိုး၊ တချို့ ပျော် ပျော်နေတတ်တဲ့ စစ်သည်၊ တချို့ တစ်နေကုန်လို့ စကားတစ်ခွန်းမပြော၊ တချို့ဒေါသ ကုမ္မာရ၊ တချို့က သံတမန်အပြုံးနဲ့ လော ကကို အကောင်းမြင်သူ၊ စသဖြင့် စရိုက်စုံ ပုံသဏ္ဍန်အမျိုးမျိုး။
တပ်သားအုန်းမြင့်လို မိုင်းထိပြီး ခြေလက်အင်္ဂါအစိတ်အပိုင်းတွေ စွန့်လွှတ်ခဲ့ရတဲ့ အရာရှိ/ စစ်သည်တွေ တပ်မတော်တစ်ရပ်လုံး မှာ မနည်းပါဘူး။ တချို့တစ်ချောင်းပြတ်၊ တချို့ နှစ်ချောင်းပြတ်၊ တချို့ဆိုရင် ခြေထောက်ပြတ်တဲ့အပြင် မျက်လုံးပါကွယ်သွားခဲ့ ရတယ်။
တလောက တင်လိုက်တဲ့ status တစ်ခုမှာ သတိထားမိကြပါလိမ့်မယ်။ ကချင်ပြည်နယ် စစ်ဆင်ရေးတစ်ခုမှာ မိမိရဲဘော် ဒဏ်ရာရနေလို့ တက်ဆွဲတဲ့ ဆေးတပ်ကတွဲဘက်လာတွဲရတဲ့ ဆေးဗိုလ်ကြီးတစ်ယောက်၊ သူကိုယ်တိုင်မိုင်းထိပြီး မျက်စိပါကွယ်ခဲ့ ပါတယ်။
ခေတ်အဆက်ဆက် စွန့်လွှတ်စွန့်စားခဲ့ကြတဲ့ တပ်မတော်သားတွေအတွက် ကျွန်တော်တို့ ဘာတွေများလုပ်ပေးခဲ့ကြပြီးပြီလဲ။
အမျှ ဝေရုံ၊ အလှူအတန်းလုပ်ပေးရုံ၊ ခြေလက်အင်္ဂ ါစွန့်လွှတ်ခဲ့ရတဲ့ အရာရှိ/ စစ်သည်တွေကို လေးစားပါတယ်ဗျာ လို့ပြောရုံနဲ့ ခင်ဗျား တို့ ကျွန်တော်တို့ တာဝန်ကျေပြီလား။
အဲဒီစစ်သည်တွေကတော့ ဘာတစ်ခုမှ မတောင်းဆိုပါဘူး။ နေစရာမရှိလို့ဆိုပြီး ကိုယ့်မြေ မဟုတ်တဲ့နေရာမှာ သူတို့ တဲတွေထိုးပြီး သွားမနေကြဘူး။ ဥပဒေကို လေးစားလိုက်နာရမယ်ဆိုတာ တပ်မတော်သားဟောင်းတွေ ဖြစ်တဲ့ သူတို့ ကောင်းကောင်းနားလည်တယ်။
အိမ်ခန်းငှားခ မတတ်နိုင်လို့ ခွေးလှောင်အိမ်နားမှာ ကပ်ပြီးနေသတဲ့။
မတန်ရင်ကာ လစာလေးနဲ့ ကျောတစ်ခင်းစာအတွက် ဆောက်လုပ်ရေးလုပ်ငန်းတွေ၊ ဥယျာဉ်ခြံတွေမှာ မသန်စွမ်းတဲ့ကြားက ဝင်လုပ်ကြရတယ်။ ဘယ်လိုမှ မတတ်နိုင်တော့ အမှိုက်ပုံ ဘေး ကွေးကွေးလေးဝင်အိပ်ကြတယ်။
သူတို့ဘာမှ မတောင်းဆိုပါဘူး။
ငါတို့ တိုင်းပြည်နဲ့ တပ်မတော်ကို ဘယ်လောက်ချစ်ခဲ့ကြ တယ်လို့ မကြွေးကြော်ကြဘူး။
အချစ်ဆိုတာ စကားလုံးတွေနဲ့ ဖေါ်ပြဖို့မှ မလိုတာ။
ဝင်ငွေနည်းလူတန်းစားအတွက် တန်ဖိုးနည်း အိမ်ရာတဲ့၊ တန်ဖိုးမျှ အိမ်ရာတဲ့၊ တန်ဖိုးသင့် အိမ်ရာတဲ့။ တိုင်းပြည်အတွက်၊ တပ်မ တော်အတွက်၊ ငါ့နိုင်ငံတော်၊ ငါ့နိုင်ငံသား၊ ငါ့တပ်မတော်အတွက် အသက်နဲ့ခန္ဓာ စွန့်လွှတ်ခဲ့ရတဲ့ ကျွန်တော်တို့ တပ်မတော်သား တွေအတွက်ရော နိုင်ငံတော်က ဂုဏ်ပြုတဲ့အနေနဲ့ တန်ဖိုးနည်းအိမ်ရာမျိုးဆောက်ပြီး မထောက်ပံ့သင့်ဘူးလား။
ဘဝတစ်ခုလုံး၊ ခန္ဓာကိုယ်တစ်ခုလုံး စွန့်လွှတ်ခဲ့ရတဲ့သူတွေအတွက် ကျောတစ်ခင်းရင်တစ်ငွေ့စာ အပူလေးငြှိမ်းမပေးသင့်ဘူး လား။ စစ်သားတွေ တော်တော်များများဟာ အခွင့်အရေးတောင်းဆိုရမှာ ရှက်ရွံ့လေ့ရှိပါတယ်။ သူတို့ ဆန္ဒမပြဖူးဘူး။ သူတို့ ကြွေးကြော်သံတွေအော်ပြီး မတောင်းဆိုဘူး။ သူတို့ သပိတ်စခန်းတွေ မဖွင့်ဘူး။ ကျွန်တော်တို့ကို နိုင်ငံတော်နဲ့ တပ်မတော်က လျစ်လျူရှုထားပါတယ်လို့ သူတို့မအော်ဘူး။
ဒါပေမဲ့ မိုးတွေရွာလို့ သားသမီးတွေကျောင်းက အိမ်ပြန်အလာမှာ နားခိုစရာတစ်နေရာမပေးနိုင်တဲ့ မိဘဘဝမှာ ဘယ်ရဲဘော် ဟောင်းတစ်ယောက်က နေချင်ပါ့မလဲ။
နင်တို့အိမ်ဘယ်မှာလဲလို့ ကျောင်းနေဘက် သူငယ်ချင်းတစ်ယောက်က မေးလိုက်တဲ့ မေး ခွန်းကို ငါတို့ကအမှိုက်ပုံဘေးမှာ အဆင်ပြေသလို တဲထိုးနေရတာလို့ ဘယ်စစ်မှုထမ်းဟောင်းသားသမီးတစ်ယောက်ယောက်က ဖြေချင်ပါ့မလဲ။
မိုးအအေး၊ ဆောင်းအအေးဒဏ်ကြောင့် တစစ်စစ်ကိုက်ခဲနာကျင်လှတဲ့ ဒဏ်ရာ၊ အသားထဲမှာလှည့်ပတ်ပြေးလွှားနေတဲ့ ဗုံးဆံ၊ အမြောက်ဆံ၊ ဘာတစ်ခုမှ ဂရုမစိုက်အားဘဲ မိသားစုအတွက် တစ်ညလုံးအိပ်ရေးပျက်ခံပြီး security လို့ နာမည်လှလှလေး ပေး ထားတဲ့ စစ်မှုထမ်းဟောင်းညစောင့်ကြီးတစ်ယာက်ဟာ သူ့တာဝန်ချိန်အပြီးမှာ သူ့အိမ်လေးသူပြန်ပြီး အနားယူ အိပ်စက်ချင်ရှာမ ပေါ့။ ကျောတစ်ခင်းစာမရှိတဲ့ဘဝအမောဟာ သူ့ရင်ကို ဘယ်လောက်ပူလောင်စေမလဲ။
ငိုတတ်တဲ့ကလေး နို့ပိုစို့ရသတဲ့။
သူတို့အော်မငိုပါဘူး (ရင်ထဲမှာ တိတ်တိတ်ကလေးငိုပြီး တိတ်တိတ်ကလေး မျက်ရည်ပြန်သုတ် ရင်လည်း သုတ်ပစ်လိမ့်မပေါ့)။
သူတို့ အတင်းအဓမ္မ မတောင်းဆိုပါဘူး။
ဘယ်လက်နဲ့ကာလိုက်၊ ညာလက်နဲ့ကာလိုက်၊ လက်နှစ် ဘက်နဲ့ အသာပုတ်ထုတ်လိုက်၊ တံတောင်နဲ့ကာလိုက် လုပ်နေတဲ့ကြားက လောကဓံရိုက်ချက်ပြင်းပြင်းက တစ်ခါတစ်ရံ သူတို့ ငယ်ထိပ်ကို၊ တစ်ခါတစ်ရံ သူတို့လက်မောင်းတွေ၊ လက်ဖျံတွေကို၊ တစ်ခါတစ်ရံ သူတို့နံကြားတွေကို အညှာအတာမဲ့စွာ ဝင်လာ တဲ့ အခါမှာတော့ တစ်ချက်တလေ ငြီးငြူချင် ငြီးငြူမိလိမ့်မပေါ့။
နိုင်ငံတော်ကို ပုန်ကန်ပြီး နောင်တရပါပြီ ငြိမ်းငြိမ်းချမ်းချမ်းလျှောက်လှမ်းချမ်လို့ပါလို့ပြောပြီး အစိုးရနဲ့ငြိမ်းချမ်းရေးလုပ်ပြီးတော့ ပြည်တွင်းကိုပြန်ဝင်လာတဲ့ သန်းကြွယ်သူဌေးတွေလို ကျွန်တော်တို့ စစ်သည်တွေ ကားစီးဖို့ နန်းတော်ကြီးလို ရဲတိုက်ကြီးလို အိမ် ကြီးရခိုင်နဲ့နေဖို့ မတောင်းဆိုပါဘူး။
သူတို့အတွက် လိုနေတာ ကျောတစ်ခင်း ရင်တစ်ငွေ့စာမျှသာပါ။
လေဆန်ခရီးဆိုတာ အတောင်တစ်ဘက်တည်းနဲ့ ပြန်ရတဲ့ငှက်တွေအတွက် ပင်ပန်းလှပါတယ်။
အချိန်တန်လို့ ပြန်စရာ အိပ်တန်း မရှိတဲ့ ငှက်တွေအတွက် ကျွန်တော်တို့ချစ်တဲ့ နိုင်ငံတော်၊ ကျွန်တော်တို့ပြည်သူတွေရဲ့ကိုယ်စား နိုင်ငံ့အရေးများကို ဆွေးနွေးနေ တဲ့ လွှတ်တော်ကိုယ်စားလှယ်များ၊ ကျွန်တော်တို့အားကိုးရာ တပ်မတော်က အိပ်တန်းတစ်ခုခု စဉ်းစားစီစဉ်ပေးသင့်တယ်လို့ ခံစား ရပါတယ်။
တပ်မတော်သား မသန်စွမ်းစစ်သည်များအတွက် တန်ဖိုးနည်းအိမ်ရာစီမံကိန်း အမြန်ဆုံးအကောင်အထည်ဖေါ်နိုင်ပါစေလို့ ကျွန်တော်တို့အားလုံး ဝိုင်းဝန်းဆုတောင်းကြပါစို့…။
“အသိုက်ပျောက် အမြင့်ပျံငှက်များ”
လေဟုန်ကိုဆန်
အမြင့်ဆုံးကိုပျံခဲ့……………။
ဒဏ်ရာတွေ ဘယ်လောက်ပြင်းပြင်း
လေပြင်းတွေဘယ်လောက်ထန်ထန်
မုန်တိုင်းနဲ့ စီးချင်းထိုး
တောင်ပံတွေလည်း ကျိုးပြတ်ခဲ့ပေါ့…………..။
မိုးထဲမှာနား
ရေထဲမှာနား
ထောင်းလမောင်းကြေ ဒဏ်ရာတွေပွေ့ဖက်
ဘဝခါးခါးနဲ့
အလှပဆုံး နှလုံးသားတွေ……………။
ပြာလဲ့မှာ ဇာချဲ့လို့
ဘာကိုမှ ယိုးမယ်မဖွဲ့ခဲ့ဘူး
တောင်းဖို့ထက် ပေးဖို့သာ အားသန်သူတွေလေ………။
အချိန်တန် အိပ်တန်းတက်မယ်ကြံတော့
ကျောတစ်ခင်း ရင်တစ်ငွေ့စာတောင်
ခိုလှုံခွင့်မရရှာတဲ့
အိပ်တန်းပျောက် အမြင့်ပျံငှက်တွေ………………။
အံကြိတ်၊ မာန်တင်း
ငှက်တွေဟာ ပျံရင်းသေသတဲ့…………………………။ ။
ရဲကျော်သူရ

No comments:

Post a Comment