လေယာဉ်တင်သင်္ဘော USS Robin
အလျား ၇၄၃ ပေနဲ့ ဝန်ပြည့်တန်ချိန် ၂၈၀၀၀ ကျော် ရှိတတဲ့ ဒီလေယာဉ်သင်္ဘောကြီးကို ၁၉၃၇ ခုနှစ်မေလ ၄ ရက်နေ့မှာ စတင်တည်ဆောက်ခဲ့ပြီးတော့ ၁၉၄၁ ခုနှစ် မေလ ၁၄ ရက်နေ့မှာ တပ်တော်ဝင်ခဲ့ပါတယ်။ လေယာဉ် ၃၆ စီးအထိ တင်နိုင်ပြီးတော့ ၃ လက်မထူတဲ့ သံချပ်ကာ ကာရန်ထားတဲ့ ပျံသန်းရေးကုန်းပတ်၊ ၄.၅ လက်မ ရေပြင် ဝေဟင်ပစ်အမြှောက် ၁၆ နဲ့ အခြားလေယာဉ်ပစ် စက်အမြှောက် အလက် ၁၀၀ လောက်လည်း တပ်ဆင်ထားပါတယ်။
သူ့နာမည်ရင်းက USS Robin တော့ မဟုတ်ပါဘူး။ Victorious (R-38) ပါ။ ဟုတ်ပါတယ် ဗြိတိသျှ တော်ဝင်ရေတပ်က စစ်ရေယာဉ် HMS Victorious ပါ။ ဒါပေမယ့် ၁၉၄၂ အကုန် ၁၉၄၃ အစမှာတော့ ဒီဗြိတိသျှ လေယာဉ်တင်သင်္ဘောကြီးဟာ အမေရိကန်သင်္ဘောဖြစ်ဖို့ အကြောင်းဖန်လာပါတော့တယ်။
ဒုတိယကမ္ဘာစစ်ကို လေယာဉ်တင်သင်္ဘောကြီး ၇ စီးနဲ့ စတင်ခဲ့တဲ့ အမေရိကန်ရေတပ်ဟာ ဒီအချိန်မှာ Lexington၊ Yorktown၊ Wasp နဲ့ Hornet တို့ကို ဆုံးရှုံးပြီး ဖြစ်သလို Enterprise ဟာလည်း စန်တာကရုဇ်တိုက်ပွဲက ဂျပန်တွေလက်ချက်နဲ့ လွန်းကျင်းပြန်ရောက်နေပါတယ်။ ဒါကြောင့် လေယာဉ်တင်သင်္ဘောဆိုလို့ အတ္တလန္တိတ်မှာ Ranger နဲ့ ပစိဖိတ်မှာ Saratoga တို့ပဲ ကျန်ပါတော့တယ်။ အတ္တလန္တိတ်က မထောင်းသာပေမယ့် ပစိဖိတ်မှာက ဂျပန်လေယာဉ်တင်သင်္ဘောကြီး ၄ စီးနဲ့ ရင်ဆိုင်နေရတာပါ။
အမေရိကန် သမ္မတ ရုစဗဲ့လ်က ဖိအားပေးလို့ အမေရိကန် ရေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး King ကနေ သူနဲ့ မျက်နှာကြောမတည့်လှတည့် ဗြိတိသျှ ရေတပ်ကို အကူအညီတောင်းခံခဲ့ရပါတယ်။ ဒီလိုပဲ ဗြိတိသျှ ဝန်ကြီးချုပ် ချာချီရဲ့ ဖိအားပေးမှုကြောင့် ဗြိတိသျှ ရေတပ်စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Sir Dudley Pound ကလည်း မလွှတ်ချင်လွှတ်ချင်နဲ့ HMS Victorious ကို အမေရိကန်ရေတပ်ကို အငှားချပေးလိုက်ရပါတယ်။
ချက်ချင်းတော့ စစ်မြေပြင် မလွှတ်သေးပါဘူး။ နော်ဖော့ခ် ရေတပ်သင်္ဘောကျင်းမှာ အမေရိကန် ရေတပ်ပုံစံ ပြင်ဆင်မှုတွေလုပ်၊ TBM Avenger တော်ပီဒို ဗုံးကြဲလေယာဉ်တွေတင်၊ အမေရိကန် ရေတပ်လေတပ်ဖွဲ့သားတွေနဲ့ အသားကျအောင်လေ့ကျင့်ပြီးတော့ ၁၉၄၃ မတ်လမှာတော့ ပစိဖိတ်ရေတပ် ဌာနချုပ်ရှိရာ ပုလဲဆိပ်ကမ်းကို သတင်းပို့ တာဝန်ထမ်းဆောင်နိင်ခဲ့ပါတယ်။
အဲ့နောက်မှာတော့ USS Saratoga နဲ့ ပူးပေါင်းပြီးတော့ New Caledonia စစ်ဆင်ရေး New Georgia စစ်ဆင်ရေးတွေမှာ ပူးပေါင်းတိုက်ပွဲဝင်ခဲ့ပါတယ်။ သင်္ဘောအမှုထမ်း ရေတပ်သားတွေက ဗြိတိသျှစစ်သည်တွေ၊ လေယာဉ်အုပ်စုအမှုထမ်းတွေက ြဗိတိသျှကော အမေရိကန်ေကာ စစ်သည်တွေေပါ့။ ဒီစစ်ဆင်ရေးတွေ အတွင်းမှာ Victorious တစ်ဖြစ်လည်း Robin ပေါ်ကန စစ်ဆင်ရေးခေါက်ရေ ၁၆၁၄ ခေါက် ပျံသန်းခဲ့ပြီးတော့ လေယာဉ် ၁၆ စီး ဆုံးရှုံးခဲ့ပါတယ်။
၁၉၄၃ ခု ဇူလိုင်မှာတော့ ပထမဆုံး Essex အတန်းအစား လေယာဉ်တင်သင်္ဘာတွေ အမေရိကန် ရေတပ်ကို ရောက်ရှိတာဝန်ထမ်းဆောင်လာနိုင်တာကြောင့် Victorious လည်း အမိ တော်ဝင်ရေတပ်ကို ပြန်နိုင်ပါပြီ။ အမေရိကန် လေယာဉ်တွေကို ပုလဲဆိပ်ကမ်းမှာချ နော့်ဖော့ခ်ကိုဝင် တပ်ထားတဲ့ အမေရိကန် ဆက်သွယ်ရေးစက်တွေ စသည်ဖြင့်ကိုဖြုတ် ဗြိတိသျှရေတပ်စံပြု ကိရိယာတွေ ပြန်လည် တပ်ဆင်ပြီးတော့ ၁၉၄၃ စက်တင်ဘာမှာ အင်္ဂလန်ကျွန်းကို ပြန်လည်ရောက်ရှိခဲ့ပါတော့တယ်။
ဒီတစ်နှစ်ကြာ ကာလအတွင်းမှာ ဗြိတိသျှရေတပ်အနေနဲ့ အမေရိကန်တွေလို လေယာဉ်တွေကို လေယာဉ်ရုံဆန့်ယုံမဟုတ်ပဲ ပျံသန်းရေးကုန်းပတ်ပေါ်မှာပါ တင်ဆောင်သယ်ယူခြင်းရဲ့ အကျိုးကို လက်တွေ့လေ့လာနိုင်ခဲ့ပါတယ်။ Victorious ဘဝက လေယာဉ် ၃၆ စီးပဲ တင်နိုင်တာကနေ Robin ဘဝမှာ လေယာဉ် ၅၂ စီးထိ တင်ဆောင်တိုက်ပွဲဝင်နိုင်ခဲ့ပါတယ်။ အမေရိကန် ရေတပ်အနေနဲ့ကတော့ ဗြိတိသျှတွေရဲ့ တိုက်လေယာဉ်တွေ ကြားဖြတ်တိုက်ခိုက်မှုကို ကွပ်ကဲမှုကို လေ့လာနိုင်ခဲ့ပေမယ့် သံချပ်ကာကုန်းပတ်တန်ဖိုးတော့ အိုကီနာဝါမှာ ကာမီကာဇေတွေနဲ့ တွေ့မှ သိပါတော့တယ်။
နှစ်ဘက် ပူးတွဲတာဝန်ထမ်းဆောင်ခဲ့တဲ့ စစ်သည်တွေ အတွက် ပျော်စရာအကောင်းဆုံးတွေကတော့ အဲ့အချိန်က စစ်ရေယာဉ်တွေပေါ်မှာ အရက်သောက်သုံးခွင့်မပြုတဲ့ အမေရိကန်တွေအတွက် ဗြိတိသျှထုံးစံ နေ့စဉ်ရမ်ရှာရှင် ဖြစ်ပြီးတော့၊ ဗြိတိသျှတွေအတွက်ကတော့ အမေရိကန်စံပြု ကိုလာစက်တွေနဲ့ ရေခဲ့မုန့်စက်တွေလို့ ပြောစမှတ်ပြုကြပါတယ်။
ဒီလို လေယာဉ်တင်သင်္ဘောကြီး တစ်စီးလုံး ငှားရမ်းပေးခဲ့တဲ့ မဟာမိတ်ကောင်းရဲ့ ကျေးဇူးကို နောက်နှစ် ၄၀ မှာ အမေရိကန်တွေ ပြန်ဆပ်ဖို့ အသင့်ဖြစ်နေခဲ့ပါတယ်။ ဒါကေတော့ ဖောက်ကလန်မှာ တိုက်ပွဲဝင်နေတဲ့ ဗြိတိသျှလေယာဉ်တင်သင်္ဘော ၂ စီးထဲက တစ်စီးနှစ်မြုတ်ခဲ့ရင် အမေရိကန် LHA တစ်စီး အငှားချဖို့ တော်ဝင်လေတပ်က လေသူရဲတွေ လာရောက်ပြင်ဆင်တဲ့ အတင့်အထိ ဖြစ်နေပါပြီ။ ဒါပေမယ့် အဲ့အဆင့်အထိတော့ မရောက်ခဲ့ကြောင်း တင်ပြရင်း နိဂုံးချုပ်အပ်ပါတယ်။
Credit:ရောက်တတ်ရာရာ ရေးတဲ့စာ
No comments:
Post a Comment